အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တိုင်းရင်းသားအဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရရှိရေး မိုင်းလားအဖွဲ့ တောင်းဆို

ရှမ်းပြည်နယ်အစိုးရ လက်အောက်မှမဟုတ်ဘဲ  ဗဟိုအစိုးရနှင့် တိုက်ရိုက်ဆက်သွယ်ပြောဆိုနိုင်သည့် အဆင့်မြင့်အုပ်ချုပ်ရေးမျိုးကဲ့သို့ အခြေအနေမျိုးကို မိုင်းလားဘက်က တောင်းဆိုခဲ့သည်ဟု သိရသည်။ 

ရှမ်းပြည်နယ်အရှေ့ပိုင်း အခြေစိုက်သော မိုင်းလားတပ်ဖွဲ့ဟု လူသိများသည့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (National Democratic Alliance Army – NDAA) သည် ယခုလ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် နေပြည်တော်၌ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၊ စစ်တပ်၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ကာ တိုင်းရင်းသား အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိရေးအပါအဝင် ဒေသဖွံ့ဖြိုးရေးများ ဆွေးနွေးခဲ့သည်ဟု သိရသည်။

NSPNC ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဖွဲ့သည် ယခုနှစ် ဇွန်လ ၁၈ ရက်တွင် အထူးဒေသ (၄) မိုင်းလားဒေသနှင့် “ဝ” တပ်ဖွဲ့ (UWSA) ထိန်းချုပ်သည့် ပန်ဆန်းမြို့များသို့ သွားရောက်ခဲ့အပြီး မိုင်းလားနှင့် “ဝ” တပ်တို့၏ နေပြည်တော်ခရီးစဉ်များ အကောင်အထည် ပေါ်လာခြင်းဖြစ်သည်။ 

မိုင်းလားတပ်ဖွဲ့သည် ယခုလ ၁၀ ရက်တွင် NSPNC အဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး ပညာရေး၊ ကျန်းမာရေးကဏ္ဍ အဆင့်မြှင့်တင်ရေး၊ ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ရေး၊ အများပြည်သူ ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီထောက်ပံ့ရေး စသည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ပြီး သဘောတူညီချက်အချို့ ရခဲ့သည်ဟု မိုင်းလားဘက်ကလည်း ယမန်နေ့က သတင်းထုတ်ပြန်သည်။

အထူးဒေသ (၄) အနေဖြင့် ဥက္ကဋ္ဌဟောင်း ဦးစိုင်းလင်း၏ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒကို ဆက်ခံ၍ ၁၉၈၉ ခုနှစ်က သတ်မှတ်ပေးခဲ့သော နယ်မြေဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းရင်းသားအဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း စစ်တပ်နှင့် ဆွေးနွေးစဉ် ပြောခဲ့သည်ဟု မိုင်းလားအဖွဲ့၏ သတင်းပြန်ကြားရေးဖြစ်သော Mongla SR4 News Agency ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“မိုင်းလားပြောတဲ့ အဆင့်မြင့်အထူးဒေသဆိုတာ ပြည်မကြီးအစိုးရ (ဗဟိုအစိုးရ) နဲ့ တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်ခွင့်ရတဲ့ ဒေသမျိုးကို ပြောတာ။ အခုက ရှမ်းပြည်နယ်အောက်က အထူးဒေသပုံစံဖြစ်နေတော့ ဒါကို မိုင်းလားက အဆင့်မြှင့်ချင်တာ။ သူ့မှာက တခြားအဖွဲ့တွေလို ပြည်နယ်တောင်းလို့က မရတော့ ဒါကိုပဲ သူက လက်ကိုင်ထားတာ”ဟု မိုင်းလားအဖွဲ့နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

ဆွေးနွေးမှုအတွင်း ကျိုင်းတုံ- မိုင်းလားလမ်းမကြီး ပြန်လည်ပြုပြင်ရေး၊ မိုင်းယု- ကျိုင်းယဲန်း တံတား ပုံမှန်ဖြတ်သန်းသွားလာရေး စသည့် အချက်များအပြင် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့သည်ဟု စစ်တပ်ဘက်က ယမန်နေ့တွင် ထုတ်ပြန်ခဲ့ပြီး မိုင်းလားတပ်ဖွဲ့ လိုလားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိရေးဆိုင်ရာ ဆွေးနွေးချက်ကိုမူ ချန်လှပ်ထားခဲ့သည်။

ယခု နေပြည်တော်တွေ့ဆုံမှုတွင် စစ်တပ်ဘက်မှ ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့သည်။ မိုင်းလားတပ်ဖွဲ့ဘက်မှ NDAA ဥက္ကဋ္ဌ ဦးထိန်လင်း၊ ဒုဥက္ကဋ္ဌ ဦးဆန်ပေ့၊ ဦးစံလူ၊ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့် စသည့် ဆွေးနွေးပွဲအတွင်း ဆုံးဖြတ်ချက် ချနိုင်သူများ တက်ရောက်ခဲ့သည်။

ဩဂုတ်လ ၁၀ ရက်က ပြုလုပ်သော နေပြည်တော်ဆွေးနွေးပွဲတွင် တက်ရောက်လာသော မိုင်းလားအဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်များ။ (ဓာတ်ပုံ- Mongla SR4 News Agency)

မိုင်းလားအဖွဲ့အနေဖြင့် ယမန်နေ့ (ဩဂုတ်လ ၁၁ ရက်)တွင် စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံခဲ့သည်။

ဦးမင်းအောင်လှိုင်က ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ကြိုးပမ်းဆောင်ရွက်နေမှု၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု စစ်တပ်ဘက်က ထုတ်ပြန်ထားသည်။

ပညာရေး၊ ကျန်းမာရေး၊ နယ်စပ်ကုန်သွယ်ရေးနှင့် စွမ်းအင်ကဏ္ဍများ ဆောင်ရွက်ကူညီမည်၊ လမ်းပန်း ဆက်သွယ်ရေး၊ ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး စီမံကိန်းများ အကောင်အထည်ဖော်ပေးသွားမည်ဟု ဦးမင်းအောင်လှိုင်က ပြောကြောင်း မိုင်းလားဘက်ကလည်း သတင်းထုတ်ပြန်ထားသည်။ 

အထူးဒေသ (၄) မိုင်းလားအဖွဲ့သည် ၁၉၈၉ တွင် စစ်တပ်နှင့် ငြိမ်းချမ်းရေး ရယူထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ မိုင်းလားဒေသသည် တရုတ်၊ ထိုင်း၊ လာအိုနိုင်ငံများနှင့် ထိစပ်နေသည့် ရွှေတြိဂံဒေသနှင့် ဆက်စပ်သည့် နေရာ၌ တည်ရှိပြီး UWSA တပ်ဖွဲ့ထိန်းချုပ်ဒေသနှင့် နယ်မြေချင်း ထိစပ်နေသည်။

ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ဧပြီလ ၂၃ ရက်တွင် တိုင်းနှင့် ပြည်နယ် ကိုးခုရှိ မြို့နယ် ၆၀ အား စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။ ထိုအထဲတွင် ရှမ်းပြည်နယ်မှ ၁၅ မြို့ပါဝင်ပြီး စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် မိုင်းလားဒေသမှာလည်း စစ်အုပ်ချုပ်ရေး ကြေညာသည့် မြို့များတွင် ထည့်သွင်းခံထားရသည်။

မိုင်းလားအဖွဲ့အနေဖြင့် ထိုသို့ စစ်အုပ်ချုပ်ရေး ကြေညာခံရသည့် ကိစ္စအား ပယ်ဖျက်ပေးရန် စစ်တပ်ထံ တောင်းဆိုခဲ့သော်လည်း ယနေ့အထိ ပယ်ဖျက်ပေးခြင်း မရှိသကဲ့သို့ ယခု နေပြည်တော် ဆွေးနွေးပွဲ ထုတ်ပြန်ချက်များတွင် အဆိုပါ ကိစ္စအား ထည့်သွင်းပြောဆိုသည်ကို မတွေ့ရပေ။

“ပြောရရင် စစ်တပ်ဘက်က မိုင်းလားကို ကိုးကန့်ကိစ္စနဲ့ ဆက်စပ်ပြီး သိပ်အမြင်ကြည်ပုံမရဘူး။ ကိုးကန့် က မိုင်းလားနယ်ထဲမှာ အားယူပြီး အင်အားကြီးလာတယ်လို့ စစ်တပ်က မြင်ထားတော့ မိုင်းလားကို စစ်အုပ်ချုပ်ရေး လုပ်ထားတာ။ မိုင်းလားမှ မဟုတ်ဘူး၊ “ဝ” ယူထားတဲ့ ဟိုပန်ရော ကိုးကန့်ဒေသတွေကိုပါ စစ်အုပ်ချုပ်ရေး လုပ်ထားတာကိုလည်း တွေ့မှာပဲ” ဟု တိုင်းရင်းသားအရေး လေ့လာစောင့်ကြည့်နေသူ အမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။

စစ်တပ်ဘက်က ယခုနှစ် ဧပြီလ ၂၀ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ ရက် ၁၀၀ စီမံကိန်း အကောင်အထည် ဖော်ခဲ့ပြီး ယင်းစီမံကိန်းကို နောက်ထပ်တစ်လ သက်တမ်းတိုး ထားသည်။

အဆိုပါ ရက် ၁၀၀ စီမံကိန်းအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထားပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) တွင် လက်မှတ်ထိုးထားသော အဖွဲ့များအပြင် အပစ်ရပ်လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့်ပါ တွေ့ဆုံလျက်ရှိသည်။

ယခုလဆန်းပိုင်းတွင် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်သည့် “ဝ” တပ်ဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့တို့နှင့် တွေ့ဆုံခဲ့သည်။ ယင်း မတိုင်မီ တအာင်းတပ် (TNLA) နှင့်လည်း တွေ့ဆုံထားသည်။ 

ထိုသို့ တွေ့ဆုံရာတွင် “ဝ” တပ်ဖွဲ့က ၎င်းတို့ အစဉ်တစိုက် လိုလားနေသည့် နိုင်ငံရေးရည်မှန်းချက် ဖြစ်သည့် ပြည်နယ်ရရှိရေး အဓိကထား တောင်းဆိုခဲ့ပြီး ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ ပညာရေး ကိစ္စများ ဆွေးနွေးခဲ့သည်ဟု သိရသည်။ SSPP တပ်ဖွဲ့ကမူ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စများကို အဓိက ဆွေးနွေးတောင်းဆိုခဲ့သည်ဟု သိရသည်။

TNLA ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခြားပြည်နယ်များနည်းတူ တန်းတူအခွင့်အရေး ရရှိရန်၊ ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်ဘဲ “တအာင်းပြည်နယ်” ရရှိရန်စသည့် အချက်များကို အဓိက တောင်းဆိုခဲ့သည်။

စစ်တပ်ဘက်ကမူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တောင်းဆိုသည့်အချက်များအား ၂၀၀၈ ဖွဲ့စည်းပုံအောက်ကသာ ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်မည်ဟု တုံ့ပြန်ထားသည်ကို တွေ့ရသည်။

စစ်ဗိုလ်ချုပ်ကြီးများ ရှိရာနေပြည်တော်သို့ ဆိုက်ရောက်လာသည့် လက်နက်ကိုင်အဖွဲ့များအထဲမှ USWA နှင့် မိုင်းလားအဖွဲ့ကိုသာ စစ်ခေါင်းဆောင်က တွေ့ဆုံခဲ့သည်။ 

“တိုင်းရင်းသားတွေက သူတို့လိုချင်တာကို တောင်းနေတာ ဆယ်စုနှစ် တစ်ခု မကတော့ဘူး။ စစ်တပ်က ဘယ်တုန်းကမှ လိုက်လျောခဲ့တာမဟုတ်ဘူး။ အခုလည်း ၂၀၀၈ အောက်ကနေပဲ ပြောနေတာ။ သူ့ရဲ့ နိုင်ငံရေးနဲ့ စစ်ရေးအကျပ်အတည်းတွေကြောင့် လောလောဆယ် အဲဒီအဖွဲ့တွေကို ခေါ်ပြီး ချွေးသိပ်ထားတဲ့သဘောပဲလို့ ပြောလို့ရတယ်” ဟု တိုင်းရင်းသားအရေး လေ့လာသူတစ်ဦးက မှတ်ချက် ပြုသည်။

ဦးမင်းအောင်လှိုင်၏ ရက် ၁၀၀ ပြည့် မိန့်ခွန်းတွင် ၎င်း၏ ငြိမ်းချမ်းရေးစီမံချက်အတွင်း NCA လက်မှတ် ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်/ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ လားဟူးဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် (DKBA) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) စသည့် ခြောက်ဖွဲ့နှင့် ဆွေးနွေးခဲ့သည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အပြင် အပစ်ရပ်လက်မှတ် မထိုးရသေးသည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် – မိုင်းလားအဖွဲ့ (NDAA)၊ ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး / တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)နှင့် နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ- ကပ်ပလန် (NSCN-K) တို့နှင့် လည်း ဆွေးနွေးထားကြောင်း ဆိုသည်။

ရှမ်းမြောက်အခြေစိုက် ကိုးကန့်တပ်သည်လည်း စစ်တပ်နှင့် နေပြည်တော်တွင် ဆွေးနွေးနိုင်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။

နေပြည်တော်တွင် လာရောက်ဆွေးနွေးနေသည့် အဖွဲ့များမှာ လက်ရှိတွင် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်ပြီး တိုက်ပွဲဖြစ်နေသည့် အရက္ခတပ်တော် (AA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA ) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များပါဝင်ခြင်း မရှိပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button