အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မိုးမိတ်မြို့အနီး စစ်တပ်နှင့် KIA တိုက်ပွဲပြင်းထန်

တရုတ်၏ကြားဝင်မှုဖြင့် တအာင်းတပ် TNLA က စစ်တပ်ထံပြန်ပေးခဲ့သည့် မိုးမိတ်မြို့ပေါ်ကို စစ်တပ်ကစိုးမိုးထားသော်လည်း မြို့ပတ်ဝန်းကျင်ကို ကချင်တပ် KIA ကထိန်းချုပ်ထားသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နှင့်သုံးမိုင်ခန့်အကွာ ညောင်နီကျေးရွာတွင် စစ်တပ်နှင့် ကချင်တပ်(KIA) တို့အကြား ယမန်နေ့(သြဂုတ် ၁၁) ညနေပိုင်းမှစတင်၍ ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်တပ်က အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၏ ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ယနေ့တွင် Myanmar Now ကိုပြောသည်။ မိုးမိတ်အနီးတပ်စွဲထားသည့် ၎င်းတို့၏တပ်များ ကို စစ်တပ်ကထိုးစစ်ဆင်သဖြင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ပြီး KIA နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) က ဝင်ရောက်တိုက်ခိုက်ပေးနေသည်ဟုလည်း ၎င်းကဆိုသည်။

မိုးမိတ်တိုက်ပွဲနှင့် ပတ်သက်၍ စစ်တပ်ဘက်ကသတင်းထုတ်ပြန်ခြင်း မရှိသေးပါ။ 

သေနတ်ပစ်ခတ်သံများ၊ စစ်တပ်၏လေယာဉ်နှင့် ရဟတ်ယာဉ်များက ကြဲချသည့်ဗုံးပေါက်ကွဲသံများကို မိုးမိတ်မြို့ပေါ်တွင် ကြားခဲ့ရပြီး တိုက်ပွဲဖြစ်ပွားရာ ညောင်နီရွာခံများလည်း အသက်လုထွက်ပြေးခဲ့ရသည်ဟု မိုးမိတ်မြို့ခံတစ်ဦးက Myanmar Now ကိုပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်တပ်ကြဲချသည့် ဗုံးကြောင့် စာသင်ကျောင်းတစ်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ပျက်စီးခဲ့ပြီး အနည်းဆုံး သံဃာတစ်ပါးလည်းဒဏ်ရာရခဲ့သည်ဟု ဒေသခံတို့ကဆိုသည်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က ညောင်နီရွာနှင့် မိုးမိတ်မြို့ပေါ်သို့ သွားသည့် လမ်းအား ပိတ်ထားသည်ဟု မိုးမိတ်ဒေသခံများ ထံက သိရသည်။

ယနေ့ညနေပိုင်းအထိ ညောင်နီရွာ အပြင်ဘက်ရှိ တော်လှန်ရေးတပ်ဖွဲ့များ ရှိနိုင်သည့် တောတွင်းနေရာများကို စစ်တပ်က  လေကြောင်းမှ တိုက်ခိုက် နေသည်ဟု မိုးမိတ်ဒေသခံများထံမှသိရသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အစပ်ရှိ မိုးမိတ်မြို့ကို ရပ်ကွက်လေးခုဖြင့်ဖွဲ့စည်းထားပြီး လူဦးရေ တစ်သောင်းကျော် နေထိုင်သည်။ ဗမာနှင့် ရှမ်းမျိုးနွယ်စုများအဓိကနေထိုင်သည့် ထိုမြို့ကို တအာင်းတပ် TNLA က ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်တွင် စစ်တပ်ထံမှတိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ ထို့နောက်တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကုန်တွင် မိုးမိတ်ကို တအာင်းတပ် TNLA က စစ်တပ်ထံ ပြန်လည်လွှဲပေးခဲ့သည်။

TNLA ဆုတ်ခွာသွားပြီးနောက် မိုးမိတ်မြို့ပေါ်ကို စစ်တပ်ကစိုးမိုးထားသော်လည်း မြို့ပတ်ဝန်းကျင်ကို ကချင်တပ် KIA ကထိန်းချုပ်ထားသည်။ 

မိုးမိတ်မြို့သည် KIA နှင့် ကျောင်းသားတပ်မတော် (ABSDF) တို့ ထိန်းချုပ်ထားသည့် စစ်ရေးအရ အရေးပါသော မဘိမ်းမြို့နှင့် ၃၅ မိုင်ခန့်သာ ကွာဝေးပြီး စစ်တပ်က မိုးမိတ်နှင့် မဘိမ်းမြို့နယ်တစ်ခုလုံးကို အပြည့်အဝပြန်လည် ထိန်းချုပ် ရန် ပြီးခဲ့သည့်လမှစ၍ စစ်ရေးပြင်ဆင်နေခြင်းဖြစ်ကြောင်း စစ်ရေး အကဲခတ်များက ဆိုသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က ဧပြီလ ၂၀ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ အကောင်အထည် ဖော်ခဲ့သည့် “ရက် ၁၀၀ စီမံကိန်း” ကို နောက်ထပ် တစ်လ သက်တမ်းတိုးထားပြီး အပစ်ရပ် NCA စာချုပ်တွင် လက်မှတ်ထိုးထားသည့် အဖွဲ့များအပြင် မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်များအား ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်နေသည်။

ယခုလဆန်းပိုင်းတွင် NCA မထိုးရသေးသော FPNCC အဖွဲ့ဝင်များဖြစ်သည့် “ဝ” တပ်ဖွဲ့ (UWSA)၊ SSPP/SSA နှင့် မိုင်းလားတပ်ဖွဲ့ (NDAA) တို့နှင့် စစ်တပ်၏ ငြိမ်းချမ်းရေးဆွေးနွေးရေး ညှိနှိုင်းမှု ကော်မတီတို့ တွေ့ဆုံခဲ့သည်။

KIA ဘက်ကမူ စစ်တပ်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့် ပတ်သက်၍ တုံ့ပြန်ရန်မရှိသေးကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ယနေ့တွင် ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” မတိုင်မီ ၂၀၂၄ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှ ဖေဖော်ဝါရီ လဆန်းပိုင်းအထိ မိုးမိတ်မြို့အား ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ဒေသအခြေစိုက် PDF တပ်ဖွဲ့များက သိမ်းပိုက်ရန် ထိုးစစ်ဆင်ခဲ့ရာ စစ်တပ်၏ တပ်မ (၉၉) လက်အောက်ခံတပ်ဖွဲ့နှင့် တစ်လကျော်ကြာ တိုက်ပွဲပြင်း ထန်ခဲ့သည်။

ထိုတိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန်ခုခံခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့များ မြို့မှ ပြန်လည်ဆုတ်ခွာခဲ့ ရသည်။

အဆိုပါတိုက်ပွဲအတွင်း အရပ်သား ၂၇ ဦး သေဆုံးခဲ့ရပြီး မြို့မဈေးအပါအဝင် ဒေသခံများ၏ နေအိမ်များ၊ စာသင်ကျောင်းများ ပျက်စီးခဲ့သည်။

၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း၌လည်း  စစ်တပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး  မြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်၊ စာသင်ကျောင်းနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများပျက်စီးခဲ့ပြီး  ဒေသခံထောင်နှင့်ချီ စစ်ဘေးတိမ်းရှောင် ခဲ့ရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button