အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကိုင်းတိုင်းရှိ မြို့နယ်များ ရေဘေးကျရောက်နေသော်လည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေ

ရေဘေးသင့်မှု ကြုံတွေ့နေရသော နိုင်ငံအလယ်ပိုင်း အညာဒေသတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေ၍ အရပ်သား ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။

မြန်မာနိုင်ငံအနောက်မြောက်ဖက် စစ်ကိုင်းတိုင်းအတွင်း ရေဘေးအကြီးအကျယ်သင့်နေချိန် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု များ ဆက်တိုက်ပြုလုပ်နေသဖြင့် အမျိုးသမီး တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိကာ ထိခိုက် ပျက်စီးမှုများရှိနေကြောင်း သိရှိရသည်။ 

ရေဘေးသင့်မှုဒဏ် ခံစားနေရသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ခင်ဦး၊ ဝက်လက်မြို့နယ်တို့သာမက ရေဘေးမသင့်သေးသော ဖောင်းပြင်နှင့် ချောင်းဦး စသည့်မြို့နယ်တို့တွင် ယခုရက်ပိုင်း တိုက်လေယာဉ်၊ ဂျိုင်ရိုကော်ပတာ၊ အသေခံဒရုန်းတို့ဖြင့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေကြခြင်းဖြစ်သည်။ 

စစ်တပ်၏ မြေပြင်စစ်ကြောင်းထိုးမှုများလည်း ကြုံတွေ့ခဲ့ရသလို လတ်တလော ရေဘေးသင့်နေသည့် ခင်ဦးမြို့နယ်တွင် ဩဂုတ်လ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိခဲ့သည်။ 

ဩဂုတ်လ ၁၀ ရက် နေ့လယ်ပိုင်းတွင် လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခဲ့စဉ် အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ ပြီး ကျွဲနွားများလည်း ထိခိုက်သေဆုံးခဲ့သည်။ နောက်တစ်နေ့ ဩဂုတ်လ ၁၁ ရက်တွင် 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တိုက်လေယာဉ်တစ်စီးက ခင်ဦးမြို့အရှေ့မြောက်ဘက် နှစ်မိုင်ကျော်အကွာ ကွမ်းတိုင်းကျေးရွာရှိ Starlink အင်တာနက်အသုံးပြုသည့် စျေးဆိုင်ကို သုံးကြိမ်ပစ်ခတ်ခဲ့ရာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အနီးရှိနွားခြံနှင့်ဝက်ခြံမှ တိရစ္ဆာန်အချို့ ထိခိုက်သေဆုံးခဲ့သည်။ 

“စတားလင့်ဆိုင်က ဒီနေ့သုံးတဲ့သူမရှိဘူး။ ကံကောင်းသွားတယ်။ အစောင့်ကောင်မလေးပဲ ပွန်းရှ ဒဏ်ရာ ရတာ။ ဒဏ်ရာရထားတဲ့နွားတွေတော့အကုန်သေဖို့များတယ်”ဟု ကွမ်းတိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး က ပြောသည်။

မိုးရွာသွန်းမှုကြောင့် ကွမ်းတိုင်းကျေးရွာ ချောင်းရေကြီးသော်လည်း လယ်ယာစိုက်ခင်းများ ပျက်စီးမှု အနည်းငယ်ရှိခဲ့ပြီး အခြားထိခိုက်ပျက်စီးမှုမရှိသေးကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ချင်းတွင်းမြစ်ကမ်းဘေး ဖောင်းပြင်မြို့အနီး မင်းယားရွာကိုလည်း ဩဂုတ်လ ၁၁ ရက် မွန်းလွဲ၂ နာရီခန့်တွင် ဂျိုင်ရိုကော်ပတာဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး မြို့အခြေစိုက်တပ်ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အသက် ၅၆ နှစ်အရွယ် ဒေါ်ခင်လှ သေဆုံးခဲ့ပြီး နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

“ဂျိုင်ရို သုံးစီးနဲ့ ပတ်သွားပြီးမှ (ဗုံး) ချသွားတာ။ ဖောင်းပြင်မှာလည်း ဂျိုင်ရို ရှိတယ်။ ဟုမ္မလင်းလည်း နီးတာ ဆိုတော့ လေယာဉ်က တက်ရင် ခဏချင်းရောက်လာတာဆိုတော့ ရှောင်ဖို့တိမ်းဖို့မလွယ်ဘူး။ စက်မော်တော်တွေ ကပ်ထားတော့ ဖောင်းပြင်ကနေလည်း လက်နက်ကြီးက အမြဲထုနေတော့ ထိခိုက်မှုတွေ ရှိတာ”ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) မော်လိုက်ခရိုင် အမှတ် (၁) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖောင်းပြင်မြို့ပေါ်ကို စစ်တပ်ကထိန်းချုပ်ထားသော်လည်း ကျေးလက်ဒေသအများစုမှာ တော်လှန်‌ရေးအင်အားစုများ နယ်မြေစိုးမိုးထားရာဒေသဖြစ်သည်။ ပြိးခဲ့သည့်လပိုင်းက မုံရွာမြို့မှ ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်သွားသည့် စစ်တပ်ရေယာဉ်အုပ်စုမှာ ဖောင်းပြင်မြို့ဆိပ်ကမ်း တွင် ဆိုက်ကပ်ထားဆဲဖြစ်ပြီး စစ်တပ်က အနီးဝန်းကျင်ကျေးရွာများကို လေကြောင်း ၊ လက်နက်ကြီးနှင့် ပစ်ခတ်မှုများလုပ်ဆောင်နေခြင်းဖြစ်သည်။ 

လေကြောင်း၊ လက်နက်ကြီးတို့နှင့်ပစ်ခတ်ခံရသည့် မင်းယားကျေးရွာမှာ ဖောင်းပြင်မြို့ မျက်နှာချင်းဆိုင် ချင်းတွင်းမြစ်ကမ်းဘေးတွင် ရှိသည့်ကျေးရွာဖြစ်သည်။ 

စစ်ကိုင်းတိုင်း မူးမြစ်ကမ်းတလျှောက် မြို့နယ်များတွင် ရေဘေးသင့်နေသည်ကို ပြီးခဲ့သည့်ရက်များက တွေ့မြင်ရစဉ်။ (ဓာတ်ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်းအထက်ပိုင်း ကျွန်းလှမြို့နယ်မှ သဖန်းဆိပ်ဆည်ရေ ဖောက်ချသဖြင့် မူးမြစ်ကမ်းတလျှောက် ကျေးရွာတို့တွင် ရေကြီးနေရာ ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာတို့တွင် ရေဘေးဒဏ်အကြီးအကျယ်သင့်နေချိန်ဖြစ်သည်။

ဩဂုတ် ၇ ရက်၊ နံနက်ပိုင်းတွင်လည်း ခင်ဦးမြို့အရှေ့ဘက်ခြမ်း မဟာဗျူဟာလမ်းပိုင်း အနီးဝန်းကျင်ရှိ ကျေးရွာကို လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 

ခင်ဦးမြို့နယ်တွင် ကျေးရွာပေါင်း ၁၉ ရွာမှာ ရွာလုံးကျွတ်ရေဘေးရှောင်ခဲ့ရပြီး ၁၄ ရွာတွင် ရေအနည်း ငယ်ပြန်ကျသွားသော်လည်း မြို့အနောက်ဘက်ခြမ်း မူးမြစ်ဘေးရှိ တာတိုင်၊ ကျွန်းတောကြီး၊ မူးသာ၊ ယာတော်၊ သက်သာပန်းတောင်း (ကားဆိပ်) ရွာတို့တွင် ရေဘေးသင့်နေဆဲဖြစ်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးထံက သိရသည်။ 

“(မြို့နယ်) အနောက်ဘက်ပိုင်းတွေမှာ ရေဘေးသင့်တော့ရှောင်ရတော့ သွားလာနေတဲ့အချိန်မှာ အခုလို ပစ်ခတ်တော့ လုပ်ငန်းလုပ်ရတာလည်း ခက်ခဲတယ်။ အဲ့ဒီအတွက်တော့ နေရထိုင်ရတာခက်တာပေါ့”ဟု ခင်ဦးမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

ကျေးလက်ဒေသအများစုကို တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ခင်ဦးမြို့နယ်တွင် မြေပြင်စစ်ကြောင်း ထိုးခြင်းမရှိသော်လည်း စစ်တပ်က ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းအနီး ဝန်းကျင်ရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ၏ ယမန်နေ့ထုတ်ပြန်ခဲ့သည့် ရေဘေး အစီရင်ခံစာအရ စစ်ကိုင်းတိုင်း ကောလင်း၊ ခင်ဦး၊ ဝက်လက်၊ ရွှေဘို၊ ကန့်ဘလူ၊ ဒီပဲယင်း၊ မြင်းမူ၊ အရာတော်၊ တန့်ဆည်၊ ရေဦး၊ စစ်ကိုင်းနှင့် ဗန်းမောက်မြို့နယ်တို့တွင် လူဦးရေ နှစ်သိန်းကျော် ရေဘေးသင့်နေပြီး ကောလင်း၊ ခင်ဦး နှင့် ဝက်လက်တို့မှာ အပြင်းထန်ဆုံးဖြစ်သည်။ 

ရေဘေးဒဏ်ကြုံနေသည့် ဝက်လက်မြို့နယ်တွင်လည်း ယခုရက်ပိုင်းလေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ရှိနေပြီး ဩဂုတ်လ ၈ ရက်က ဝက်လက်မြို့၊ ရေလယ်ဘုရားအနီးနှင့် ယမန်နေ့ (ဩဂုတ်လ ၁၁ ရက်)  ညပိုင်းတွင်လည်း ရေလည်မော်ရွာကို အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

“အဲ့ဒီဘက်မှာ တိုက်ပွဲလည်း မရှိဘူး။ ဒါကို သက်သက်လေကြောင်းတိုက်ခိုက်သွားတာ” ဟု ဝက်လက် မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ 

ဝက်လက်မြို့ပေါ်နှင့် ရှိန်းမကားစသည့် နေရာတို့တွင် အခြေစိုက်ထားသည့် စစ်တပ်က မြို့အရှေ့ဘက် ဧရာဝတီမြစ်ကြောင်းကို ထိန်းချုပ်ရန်ကြိုးပမ်းနေပြီး လတ်တလော လေကြောင်းမှ တိုက်ခိုက်ခံရသည့် ကျေးရွာများမှာ ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာများ ဖြစ်သည်။ 

ထို့အပြင် ဩဂုတ်လ ၁၀ ရက်ကလည်း ချောင်းဦးမြို့နယ် တောင်ဘက်ခြမ်းကျေးရွာများကို မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသည့် ဂျိုင်ရိုကော်ပတာ လေးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် သုံးလုံး ပျက်စီးခဲ့ရသည်။ 

အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့နှင့် ၁၂ မိုင်ခန့်သာဝေးသည့် ချောင်းဦးမြို့နယ် မှာလည်း တော်လှန်ရေးအားကောင်းရာဒေသဖြစ်ပြီး စစ်တပ်က မကြာခဏဆိုသလို ဂျိုင်ရိုကော်ပတာ၊ စက်တပ်လေထီး၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။ 

လက်ရှိ ရေဘေးသင့်နေသောမြို့နယ်များမှာ တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းရာ ဒေသများဖြစ်သည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များနှင့်ဒေသတွင်း ကူညီကယ်ဆယ်ရေးလှုပ်ရှားနေသူများက ရေဘေးသင့်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြပြီး အရေးပေါ်အကူအညီများ လိုအပ်လျက် ရှိသည်။

သဘာဝဘေးသင့်နေသည့်မြို့နယ်များသို့ ကူညီကယ်ဆယ်ရေးပစ္စည်းများပို့ဆောင်နိုင်ရေးအပေါ်ကို စစ်တပ်က ဖိအားပေးတားဆီးမှုများ လုပ်ဆောင်နေသလို တဖက်တွင်လည်း ထိုဒေသများ၌ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။ 

“ရေဘေးသင့်နေတဲ့အချိန်မှာလည်း လေကြောင်းကိုကြောက်နေရတာပဲ။ ရေဘေးမသင့်ခင်တုန်း ကတော့ ပုန်းကျင်းထဲ ဆင်းပုန်းလို့ရတယ်။ ရေဘေးသင့်နေတဲ့အချိန်မှာ ပုန်းခိုစရာနေရာမရှိဘူး။ လေကြောင်း သတင်းတော့ အမြဲနားစွင့်နေရတယ်”ဟု ဒီပဲယင်းမြို့နယ်မှ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။ 

စစ်ကိုင်းတိုင်း ရေဘေးသင့်နေချိန် လေကြောင်းတိုက်ခိုက်မှုလုပ်နေသသည့် အခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းနိုင်ရန် စစ်တပ်၏ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ဇော်ဦး၊ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးကို  Myanmar Now က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ၎င်းတို့ထံမှ တုံ့ပြန်ချက် မရရှိခဲ့ပါ။ 

အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်ထားသည့်အချက်အလက်များအရ စစ်ကိုင်းတိုင်းတွင် ရေဘေးကြောင့် ကျွန်းလှ၊ ဒီပဲယင်း၊ ကောလင်း၊ တန့်ဆည်၊ ရွှေဘို၊ ကန့်ဘလူ၊ ခင်ဦး မြို့နယ်တို့မှ ၂၃ ဦး သေဆုံးပြီး နှစ်ဦးပျောက်ဆုံးနေသည်။ 

ဇူလိုင်လဆန်းကလည်း မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ရခိုင်ပြည်နယ် ခြောက်မြို့နယ်ထက်မနည်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် ရေကြီးနေစဉ် လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့ရာ ထိုဘေးဒုက္ခနှစ်ခုအကြား သုံးနှစ်ကလေးတစ်ဦးအပါအဝင် ခုနစ်ဦး သေဆုံးခဲ့ပြီး  ရွာပေါင်း ၂၀၀ ကျော်မှ ဒေသခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။


ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၏ ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း ထုတ်ပြန်ထားသည့် အချက်အလက်များအရ စစ်ပွဲများ အပြင်းအထန်ဖြစ်နေသည့် စစ်ကိုင်းတိုင်းတွင် စစ်ရှောင်ဒုက္ခသည် ၁၃ သိန်းကျော် ရှိနေသည်။

စစ်တပ်ဘက်ကမူ ၎င်းတို့အုပ်ချုပ်ရေး စိုးမိုးရာ ဧရာဝတီတိုင်းအတွင်း ရေကြီးနေမှုများကို ကယ်ဆယ်ရေးများ ပြုလုပ်နေကြောင်း ဝါဒဖြန့်သတင်းထုတ်ပြန်နေသည်။ 

ဩဂုတ်လ ၁၀ ရက်တွင် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၌ မိုးရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်မှုတို့ကြောင့် ရေလွှမ်းမိုးနေသော ဒေသအတွင်း သွားလာလှုပ်ရှားရာတွင် လှေများကို အသုံးပြုနေကြစဉ်။ (ဓာတ်ပုံ- AFP)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button