အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြန်မာနောင်း အပါအဝင် သတင်းဌာန ၅ ခုကို ကြီးလေးသောပုဒ်မများဖြင့် စစ်တပ် အမှုဖွင့်

အာဏာသိမ်းစစ်တပ်က လွတ်လပ်သောမြန်မာသတင်းဌာန ငါးခု၊ NUG ၊ PDF၊ တော်လှန်ရေးအဖွဲ့ဝင်များနှင့် တော်လှန်ရေးထောက်ပို့များကို  ထောင်နှစ်ရှည်ချ၍ ရသော ပုဒ်မများဖြင့် အမှုဖွင့်ကာ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ (အင်တာပိုလ်) ကို ဖမ်းဆီးခိုင်းခဲ့သည်။

စစ်အာဏာသိမ်းမှုကြောင့် ပြည်ပတွင် ပြောင်းရွှေ့အခြေစိုက်ရသည့် မြန်မာသတင်းဌာန ငါးခုအပါအဝင် စစ်တပ်ကို ဆန့်ကျင်သည့် တော်လှန်ရေးအင်အားစုများကို ကြီးလေးသော ပုဒ်မများ တပ်၍ အမှုဖွင့်ထားပြီး ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ (အင်တာပိုလ်) ကို  စစ်အစိုးရက အကူအညီတောင်းခဲ့ကြောင်း သိရသည်။

ယမန်နေ့ (အောက်တိုဘာလ ၆ ရက်) က နေပြည်တော်၌ ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းသန်းအေး က စစ်အစိုးရကို ဝေဖန်နေသော ပြည်ပရောက်မြန်မာများနှင့် တော်လှန်ရေးထောက်ခံသူများကို အရေးယူရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့သည်။

အဆိုပါမေးမြန်းချက်နှင့် ပတ်သက်၍ စစ်အစိုးရ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ထိုသူများကို ပုဒ်မများဖွင့်ကာ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ (INTERPOL) မှတဆင့် ဖမ်းဆီးခိုင်းခဲ့ကြောင်း၊ သို့သော်လည်း ဖမ်းဆီးမပေးကြောင်း၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပြစ်မှုကျူးလွန်သူများကိုသာ ပြန်လည်ဖမ်းမိခြင်းများရှိကြောင်း တုံ့ပြန်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တာဝန်ရှိသူများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အဖွဲ့ဝင်နှင့် ထောက်ပံ့သူများ အပါအဝင်  မြန်မာနောင်း (Myanmar Now)၊ ခေတ်သစ်၊ Mizzima၊ DVB နှင့် ဧရာဝတီသတင်းဌာနတို့ကို သက်ဆိုင်ရာ ရဲစခန်းနှင့် တရားရုံးတို့တွင် အမှုဖွင့်ထားသည်ဟု စစ်အစိုးရ ပြည်ထဲရေး ဒုတိယဝန်ကြီးက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယင်းသို့အမှုဖွင့်ထားသည့် ပုဒ်မများမှာ  အစိုးရကို အကြည်ညိုပျက်အောင်ပြုလုပ်မှု ပုဒ်မ ၁၂၄ -က၊ နိုင်ငံတော် ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅(ခ) နှင့် ပုဒ်မ ၅ဝ၅- က၊ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁)၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃(က)နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)၊ ပုဒ်မ ၅၀ (ည) တို့ ဖြစ်ကြပြီး ထောင်ဒဏ်နှစ်ရှည် ချမှတ်နိုင်သော ပုဒ်မများဖြစ်သည်။ 

အဆိုပါ ပြည်ပရောက် လွတ်လပ်သော မြန်မာ သတင်းဌာန ငါးခုနှင့် တော်လှန်ရေးအဖွဲ့ဝင်များ၊ တော်လှန်ရေးအဖွဲ့ ထောက်ပံ့သူများကို အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့(INTERPOL) က တဆင့် ဖမ်းဝရမ်းပို့ ဖမ်းဆီးခိုင်းသော်လည်း လက်ရှိအချိန်အထိ မရသေးကြောင်း စစ်အစိုးရ၏ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြောသည်။

အထက်ပါ သတင်းဌာန ငါးခုသည် စစ်အစိုးရသိက္ခာကျရန် မမှန်မကန်သတင်းများ ရေးသားနေကြောင်း၊ ဖမ်းဆီးရေးမှာ အဆိုပါလူများရောက်နေသော သက်ဆိုင်ရာနိုင်ငံ၏ နိုင်ငံရေးသဘောထားအပေါ် မူတည် နေကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

“လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောသည့်အတိုင်း အရေးကြီးတဲ့ တရားခံတွေကို သက်ဆိုင်ရာနိုင်ငံနဲ့ ချိတ်ဆက် ဆောင်ရွက်တဲ့အခါ သူ့ နိုင်ငံရဲ့ နိုင်ငံရေးသဘောထားအပေါ် မူတည်၍ချိတ်ဆက် ဆောင်ရွက်ရပါတယ်” ဟုဆိုသည်။

စစ်အစိုးရပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူ။ (ဓာတ်ပုံ- စစ်တပ်ပြည်သူ့လွှတ်တော်)

မြန်မာနိုင်ငံအနေဖြင့် မည်သည့်နိုင်ငံနှင့်မျှ တရားခံလွှဲပြောင်းရေး သဘောတူစာချုပ်ကို နိုင်ငံတစ်ခုချင်း သီးခြားလက်မှတ်ရေးထားခြင်းမရှိသော်လည်း ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား တရားခံလွှဲပြောင်းရေးစာချုပ် (ASEAN TREATY ON EXTRADITION) တွင် အဖွဲ့ဝင် အဖြစ် ပါဝင်လက်မှတ်ထိုးထားကြောင်း စစ်အစိုးရ ပြည်ထဲရေးဒုဝန်ကြီးက ထည့်သွင်းပြောခဲ့သည်။

တရားခံလွှဲပြောင်းရေးကိစ္စရပ်များ ပေါ်ပေါက်လာပါက နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ တရားခံ လွှဲပြောင်းရေး ဥပဒေနှင့်အညီ ဖြစ်စဉ်တစ်ခုချင်းအလိုက် သုံးသပ်၍ လွှဲပြောင်း၊ လက်ခံခြင်းများ ဆောင်ရွက်နေကြောင်း ၎င်းက လွှတ်တော်တွင် မှတ်ချက်ပေးသည်။

၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်  မတ်လ ၈ ရက်တွင် Myanmar Now သတင်းဌာန အပါအဝင် သတင်းဌာန ငါးခု ကို ပိတ်သိမ်းကြောင်း စစ်တပ်၏ ပြန်ကြားရေးဝန်ကြီးဌာနမှတဆင့် ကြေညာခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာနက အမိန့်အမှတ်(၁/၂၀၂၁) ဖြင့်  နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့် အကြောင်းအရာများကို ရေးသားထုတ်လွှင့် ဖော်ပြခြင်း သို့မဟုတ် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ကျူးလွန်နေသူများကို အားပေးကူညီရာ ရောက်သည့်အကြောင်းအရာများကို ရေးသားထုတ်လွှင့်ဖော်ပြခြင်းကို ပြုလုပ်လျက်ရှိသည့် သတင်းဌာနများအား ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ နှင့် ပုဒ်မ ၄၂၀ တို့အရ  ထုတ်ဝေခွင့်ပိတ်သိမ်းရန် ကြေညာခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က ကြေညာခဲ့သော မီဒီယာငါးခုအနက် 7 Day သတင်းဌာနက ရပ်ဆိုင်းသွားကာ လက်ရှိတွင် ဧရာဝတီသတင်းဌာနကို ထည့်သွင်းခဲ့ခြင်းဖြစ်သည်။ 

ထိုသို့မကြေညာမီ ယင်းနေ့ နံနက်ကတည်းက စစ်ကား ငါးစီးခန့်ဖြင့် ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်ရှိ Myanmar Now သတင်းဌာနကို ဝင်ရောက်စီးနင်းခဲ့ပြီး ပစ္စည်းအချို့ ယူဆောင်သွားခဲ့သည်။

ယင်းနောက် ကမာရွတ်မီဒီယာ၊ Mizzima၊ DVB ရုံးခန်းတို့ ဝင်ရောက် စီးနင်းခံရသည်။ Myanmar Now အပါအဝင် သတင်းဌာနများသည် ကြိုတင်ရွှေ့ပြောင်းထားခဲ့သဖြင့် ဖမ်းဆီးခံရသူ မရှိခဲ့သော်လည်း  ကမာရွတ်မီဒီယာ၏ အယ်ဒီတာချုပ် ဦးနေသန်မောင်နှင့် ပူးတွဲတည်ထောင်သူ ဦးဟံသာငြိမ်းတို့ ဖမ်းဆီးခံခဲ့ရသည်။ ထို့နောက် ဒေသတွင်းမီဒီယာရုံးခန်းအချို့ စီးနင်းခံရကာ အခြားမီဒီယာအချို့ကိုပါ ပိတ်သိမ်း ကြောင်း ထုတ်ပြန်ခဲ့သည်။

Myanmar Now ၏ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်သည်လည်း နာမည်ဆိုးဖြင့်ကျော်ကြားသည့် အင်းစိန်အကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံနေရပြီး နိုင်ငံတော် အကြည်ညို ပျက်စေမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄  အပါအဝင် ပုဒ်မများဖြင့် တရားစွဲခံရခြင်းဖြစ်သည်။  ယင်းမတိုင်မီ စစ်တပ်အာဏာသိမ်းမှု  ဆန့်ကျင်ဆန္ဒပြပွဲကို သတင်းယူနေသည့် Myanmar Now သတင်းထောက် မကေဇွန်နွေးကိုလည်း ဖမ်းဆီးထောင်ချခဲ့သည်။ 

ကိုစိုင်းဇော်သိုက်သည် ၂၀၂၃ ခုနှစ် မေလအတွင်း မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့သော ပျက်စီးဆုံးရှုံးမှုများကို ရခိုင်ပြည်နယ်သို့ သတင်းယူစဉ် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ၎င်းကို စစ်တပ်၏ စစ်ခုံရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်၂၀ ချမှတ်ခဲ့သည်။

စစ်တပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးချိန်မှစတင်၍ လူ့အခွင့်အရေးချိုးဖောက်မှုများအား ရေးသားတင်ပြသည့် သတင်းမီဒီယာများကို ပစ်မှတ်ထား ဖိနှိပ်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ပြီး သတင်းသမား အများအပြားကို ဖမ်းဆီးထောင်ချခဲ့သည်။

စစ်တပ် အာဏာသိမ်းချိန်မှ ၂၀၂၆ မေလအထိ မတရားဖမ်းဆီးခံရသူ သတင်း မီဒီယာသမားဦးရေ ၂၀၀ ကျော် ရှိခဲ့သည့်အနက် ၁၈ ဦးမှာ စွပ်စွဲချက်အမျိုးမျိုးဖြင့် ဆက်လက် ဖမ်းဆီး အကျဉ်းချခံနေရဆဲ ဖြစ်သည်ဟု လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ထုတ်ပြန်ထားသည်။ 

ထို့ကြောင့် သတင်းဌာန အများစုသည် နိုင်ငံပြင်ပတွင် အခြေစိုက်ကာ သတင်းလုပ်ငန်းများ လုပ်ကိုင်နေရပြီး သတင်းထောက်များကို ဖမ်းဆီးရုံသာမက သတင်းဌာနများကိုပါ ပုဒ်မများဖြင့် တရားစွဲ အမှုဖွင့်၍ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ (အင်တာပိုလ်) ကိုပါ ဖမ်းဆီးခိုင်းရန် စစ်တပ်က ကြိုးပမ်းလာခြင်း ဖြစ်သည်။

စစ်တပ်အာဏာသိမ်းခဲ့သော ၂၀၂၁ ခုနှစ်တွင်လည်း အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ (အင်တာပိုလ်) က အင်တာပိုလ် အထွေထွေညီလာခံ တက်ရောက်ရန် စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့ကို ဖိတ်ကြားခဲ့သည်။ 

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပသည့် (၈၉) ကြိမ် မြောက် အင်တာပိုလ် အထွေထွေ ညီလာခံ (89th Session of INTERPOL General Assembly) သို့ ထိုစဉ်က စစ်တပ်၏ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် ဦးဆောင်၍ အဆင့်မြင့်ရဲအရာရှိကြီးများ ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့က တက်ရောက် ခဲ့သည်။ 

အလားတူ ယမန်နှစ် နိုဝင်ဘာလ ၂၄ ရက်မှ ၂၇ ရက်အထိ မော်ရိုကိုနိုင်ငံ မာရကက်ရှ်မြို့၌ ကျင်းပသော (၉၃) ကြိမ်မြောက် အင်တာပိုလ်အထွေထွေညီလာခံ (93rd INTERPOL General Assembly) သို့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

စစ်တပ်ပြန်ကြားရေးဝန်ကြီးဌာန၏ ယခုနှစ် အောက်တိုဘာလ ၁ ရက် ထုတ်ပြန်ချက်အရ  ပုံနှိပ်ခြင်းလုပ်ငန်း ၁၈၆၉ ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း ၃၇၅၈ ဦး၊ သတင်းအေဂျင်စီလုပ်ငန်း ၅၄၉ ဦး အား စိစစ် ခွင့်ပြုထားကြောင်း ထုတ်ပြန်ထားသည်။ 

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ၂၀၂၁ ခုနှစ် နိုဝင်ဘာလက ပြုလုပ်သော(၈၉) ကြိမ်မြောက် အင်တာပိုလ်အထွေထွေညီလာခံတွင် တွေ့ရသည့် အင်တာပိုလ်အထွေထွေအတွင်းရေးမှူးချုပ် Mr. Jurgen Stock(ဝဲ)နှင့် ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်(ယာ)။ (ဓာတ်ပုံ- စစ်တပ်ထိန်းချုပ် moi)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles