တော်လှန်ရေးအင်အားစုများ အားကောင်းရာ နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းတွင် ပြီးခဲ့သည့် အောက်တိုဘာလ ပထမပတ်အတွင်း ဒေသတော်လှန်ရေးတပ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးအပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင် သုံးဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့၊ ဆားတောင်ဝန်းကျင်တွင် လှုပ်ရှားသော တော်လှန်ရေးတပ်ဖွဲ့တစ်ခု ဖြစ်သည့် ဆားတောင်မိုးကြိုး ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင် ကိုမိုးကြိုးသည် အောက်တိုဘာလ ၅ ရက်တွင် စတားလင့်ခ် (Starlink) ဆိုင်တွင်ရှိနေချိန် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့ တစ်ခုက ဝင်ရောက်ပစ်သတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
တပ်စိတ်နှစ်စိတ်စာ (အင်အား ၂၀)ခန့်ရှိသည့် တပ်ဖွဲ့ဝင်များကလမ်းများတွင် တပ်ဖြန့်ခဲ့ပြီးနောက် သာဇင်ကျေးရွာအုပ်စု အိုင်းဓမ္မရွာရှိ စတားလင့်ဆိုင်ကို လက်နက်ကိုင် ၁၀ ဦးခန့်က ညနေ ၄ နာရီခန့်တွင် စီးနင်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုအခြေအနေသိရှိသူတစ်ဦးကပြောသည်။
အောက်တိုဘာလဆန်းတွင် ဆားတောင်မြို့မှ လှုပ်ရှားသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုနှင့် ဆားတောင်မိုးကြိုးအဖွဲ့တို့မှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် ၃၀ ကျော် စစ်တပ်ထံ ဘက်ပြောင်းသွားပြီးနောက် ဆားတောင်မိုးကြိုးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ပစ်ခတ်သတ်ဖြတ်ခံရခြင်းဖြစ်သည်။

ကိုမိုးကြိုး၏ နာရေးအခမ်းအနားကျင်းပနေချိန်တွင် ခြိမ်းခြောက်မှုများရှိသည့်အတွက် ၎င်း၏ ဇနီးနှင့် ကလေးနှစ်ဦးအပါအဝင် ဆားတောင်မိုးကြိုးတပ်ဖွဲ့ဝင်များမှာလည်း လုံခြုံရေးစိုးရိမ်နေကြောင်း ထိုအခြေအနေကိုသိရှိသည့် အမျိုးသားတစ်ဦးကပြောသည်။
“ဆန်ခါပေါက်ဖြစ်အောင်ကို ပစ်သွားတာ။ စကစကို တွန်းလှန်နေတဲ့သူ အချင်းချင်းကိုလုပ်သွားတယ်။ မိသားစုတွေရော၊ ရဲဘော်တွေ လုံခြုံရေးစိုးရိမ်နေရတယ်။ ရဲဘော်တွေလည်း ခေါင်းဆောင်ကျသွားတဲ့ အချိန်မှာ ဖရိုဖရဲဖြစ်နေတယ်။ နီးရာဓားကြောက်နေရတယ်”ဟု အထက်ပါ အမျိုးသားကပြောသည်။
သေနတ်ဒဏ်ရာ အများအပြားဖြင့် ကိုမိုးကြိုးမှာ နေရာတင် သေဆုံးခဲ့ပြီး ၎င်းကိုင်ဆောင်သည့်သေနတ်နှင့် အခြားပစ္စည်းများကို ယူဆောင်သွားကြောင်း အထက်ပါအမျိုးသားက ဆက်ပြောသည်။
အဖွဲ့ခေါင်းဆောင် ကိုမိုးကြိုး လုပ်ကြံသတ်ဖြတ်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ ဆားတောင်မိုးကြိုးအဖွဲ့ကို Myanmar Now က ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
အသက် ၃၀ အရွယ် ကိုမိုးကြိုးသည် စစ်တပ်အာဏာသိမ်းစဉ်ကတည်းက တော်လှန်ရေးတွင်တစိုက် မတ်မတ်ပါဝင်ခဲ့ကာ ဆားတောင်နယ်မြေတဝိုက် စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။
ထိုဖြစ်စဉ်မတိုင်မီ အောက်တိုဘာလ ၄ ရက်ကလည်း ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင် နှစ်ဦးမှာ ငွေထုတ်ပြီးပြန်လာသည့်လမ်းတွင် ပစ်သတ်ခံခဲ့ရသည်။
ထိုနေ့ညနေ ၆ နာရီခွဲဝန်းကျင်တွင် ဒီပဲယင်းမြို့နယ်မှ ငွေထုတ်ပြီးပြန်လာသော တပ်ဖွဲ့ဝင်နှစ်ဦးမှာ ဒီပဲယင်းမြို့နယ် တိုက်ရွာနှင့်အရာတော် ဥသျှစ်ကြီးကျေးရွာကြားတွင် ပစ်သတ်ခံခဲ့ရပြီး ငွေကျပ် သိန်း ၂၀၀ နှင့် သေနတ် တစ်လက်လည်း ပါသွားကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
“မူးကမ်းကြီးက ပိုက်ဆံထုတ်ပြီးပြန်လာတယ်။ နောက်ကနေ ဆိုင်ကယ်နှစ်စီး လူငါးယောက်က လိုက်ပြီးတော့လာတယ်။ ပစ်ခတ်ပြီးတော့မှ ငွေသိန်း ၂၀၀ နဲ့ MA1 တစ်လက်ပါသွားတယ်”ဟု ဒီပဲယင်းမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါလုပ်ကြံသတ်ဖြတ်မှုအတွက် ရွှေဘိုအခြေစိုက် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ဗိုလ်ကျားရိုင်းအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးနှင့် ဇနီးကို အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံတပ်များက ဖမ်းဆီးစစ်ဆေးနေသည်ဟု ဒေသတွင်းတော်လှန်ရေးအင်အားစုများထံက သိရသည်။
ယခုနှစ် ဇွန်လကလည်း ယင်းမာပင်ခရိုင် အမှတ် ၆ တပ်ရင်းမှ တပ်ရင်းမှူး ကိုပုလဲမောင် (ခ) ပီတာသည် ယင်းမာပင်ခရိုင်ရုံးတွင် အစည်းအဝေးတက်ရန်ရောက်ရှိနေစဉ် ပစ်သတ်ခံခဲ့ရသည့် ဖြစ်စဉ်လည်း ဖြစ်ခဲ့သည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ယင်းမာပင်ခရိုင် ကွပ်ကဲရေး အဖွဲ့တစ်ဖွဲ့လုံးကို တာဝန်မှ ယာယီရပ်နားကာ ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်နှင့် ကျူးလွန်သူ ငဖြိုးတို့ကို စုံစမ်းစစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေဆဲဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးငါးနှစ်ကျော်ကြာမြင့်လာချိန်တွင် တော်လှန်ရေး အင်အားစုများ အားကောင်းရာ စစ်ကိုင်းတိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်အချင်းချင်း သတ်ဖြတ်ခံရမှုများ ပိုတွေ့လာရပြီး ထိုအခြေအနေများမှာ ယခင်ကတည်းက ပြစ်မှုများကို ထိထိရောက်ရောက် အရေးယူမှု အားနည်းခြင်း၊ စနစ်ကျသည့် အမိန့်ပေးကွပ်ကဲမှု စနစ် (COC) တည်ဆောက်မှု အားနည်းခြင်၊ အကျိုးစီးပွားပဋိပက္ခတို့ကြောင့်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းမှ တော်လှန်ရေးတပ်ဖွဲ့ဝင်များက သုံးသပ်သည်။
“စည်းစနစ်ကျတဲ့ COC တရပ်မတည်ဆောက်နိုင်တဲ့အခါကျတော့ ကွပ်ကဲရတာက ဘယ်လိုမှ စည်းကမ်းတကျ ဖြစ်မနေဘူး။ အဲ့ဒါကြောင့် လမ်းတွေလွဲကြတာပေါ့။ နောက်တစ်ခုက အကျိုးစီးပွား ပဋိပက္ခတွေပေါ့။ အာဏာရော၊ ငွေကြေးရော ဒီကိစ္စ ပဋိပက္ခ ပြဿနာတွေ ဖြစ်ကြတာ။ တော်လှန်ရေးမှာ ငွေလိုတယ်၊ ငွေလိုတယ်၊ အာဏာလိုတယ်ဆိုပြီး လုပ်ကြရင်းနဲ့ လက်လွန်ကုန်ကြတာပေါ့”ဟု စစ်ကိုင်းတိုင်းမှ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက မှတ်ချက်ပြုသည်။
“နောက်တစ်ခုကတော့ စည်းမထားကြတော့တာပေါ့။ နဂိုတည်းကရှိပေမယ့် နောက်ပိုင်းတွေမှာ ပိုဆိုး လာတာပေါ့။ မိတ်ဖက်တွေ၊ မဟာမိတ်တွေကို ဒါမျိုး မလုပ်ရဘူးဆိုတဲ့စည်းတွေကအစ မထားတဲ့ အခါကျတော့ ဒါမျိုးဖြစ်လာတာပေါ့။ မိတ်ဖက် ပဋိပက္ခတွေကအစ လက်နက်ကိုင်ဖြေရှင်းတဲ့ ပုံစံတွေကို အလွယ်တကူပဲရွေးချယ်လိုက်တဲ့ ပုံစံမျိုး ဖြစ်လာတာ”ဟု ၎င်းကဆက်ပြောသည်။
ဒေသကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုမိုးကြိုးစီးနင်းသတ်ဖြတ်ခံရသည့်ကိစ္စ၊ ဘုတလင်မှ တပ်ဖွဲ့ဝင်နှစ်ဦး သတ်ဖြတ်ခံရသည့်ကိစ္စတို့နှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးဌာန ဒုဝန်ကြီး ဦးကျော်နီကို Myanmar Now ကဆက်သွယ်မေးမြန်းရာ “လတ်တလောတော့ မဖြေချင် သေးပါဘူး”ဟု တုံ့ပြန်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို ဆက်သွယ်မေးမြန်းထားသော်လည်း သတင်းထုတ်ပြန်ချိန်အထိ တုံ့ပြန်ဖြေကြား ခြင်းမရှိသေးပေ။
အနောက်မြောက်တိုင်း စစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့အနီးရှိ ဒီပဲယင်း၊ အရာတော်၊ စစ်ကိုင်း၊ ပုလဲမြို့နယ်တို့မှာ စစ်တပ်ကမြို့ပေါ်တွင်သာ ခြေကုပ်ယူနိုင်ပြီး ကျေးလက်ဒေသအများစုမှာ တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းရာဒေသများဖြစ်သည်။



