စစ်ကိုင်းတိုင်း အထက်ပိုင်း အင်းတော်မြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးနေသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများပြင်းထန်နေပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။
စစ်တပ်က ယခုနှစ် ဇူလိုင် ၄ ရက်မှ စတင်၍ မြို့အနောက်တောင်ဘက် ရွှေဘို- မြစ်ကြီးနား လမ်းမကြီးတလျှောက်ရှိ ကျေးရွာများကို ထိန်းချုပ်နိုင်ရေး နှစ်ပတ်ကြာ စစ်ကြောင်းထိုးခဲ့သော်လည်း ထိန်းချုပ်ထားနိုင်ခြင်းမရှိဘဲ အင်းတော်မြို့တွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
ယခု အောက်တိုဘာလ ၄ ရက်တွင် အဆိုပါ နယ်မြေများကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် နောက်တစ်ကြိမ် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး တော်လှန်ရေးတပ်များက ခုခံတိုက်ခိုက်နေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် အင်းတော်မြို့တွင်းမှ ထွက်လာသည့် စစ်တပ်စစ်ကြောင်းမှ အင်အားအချို့မှာ မြို့အနောက်ဘက် မန်လည်ရွာဘက်သို့ စစ်ကြောင်းတစ်ကြောင်းခွဲထွက်ခဲ့ပြီး ကျန်အင်အားများမှာ အင်းတော်မြို့အနောက်တောင်ဘက်သို့ စစ်ကြောင်း ထိုးခဲ့သည်။ ထိုစစ်ကြောင်းတွင် အဖွဲ့ဝင် ၇၀၀ ခန့်ပါသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဘက်က ခန့်မှန်းသည်။
မြို့အနောက်တောင်ဘက်သို့ ထိုးနေသည့် စစ်ကြောင်းကို အင်းတော်နှင့် ငါးမိုင်ခန့်အကွာ အောင်ကမ္ဘာသိန်း ဓာတ်ဆီဆိုင်နားတွင် ပြည်သူ့ကာကွယ်ရေးတပ်များက ယခုလ ၆ ရက်(အင်္ဂါနေ့) က ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ယနေ့ နံနက်တွင် စစ်ကြောင်းဆက်ထိုးလာသည့် စစ်တပ်ကို အင်းတော် အနောက်တောင်ဘက် ရှစ်မိုင်ခန့်အကွာ အလယ်ဆိပ်ရွာနှင့် နောက်မိုးရွာကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် မဟာမိတ်တပ်များက ကြားဖြတ်တိုက်ခိုက်နေရာ တိုက်ပွဲများ ပြင်းထန်နေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် ကသာခရိုင် တပ်ရင်း (၃) မှ ရဲဘော်တဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားရာ အလယ်ဆိပ်ရွာနှင့်တဆက်တည်းရှိနေသည့် မဲဇာရွာနှင့် နန့်သဲရွာတို့ကို ယနေ့ မွန်းတည့် ၁၂ နာရီခန့်တွင် စစ်တပ်က ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက် သေဆုံးမှု အခြေအနေကိုမူ မသိရေသေးကြောင်း အထက်ပါ ရဲဘော်က ပြောသည်။
“မနေ့ကအထိ သံဘိုရွာနားမှာဖြစ်ကြတာ၊ ဒီနေ့ဆက်တိုးလာပြီး အခုတော့ အလယ်ဆိပ်နားမှာ ဆိုင်ဖြစ်နေကြတယ်။ လေယာဉ်လည်းခုနကပဲ လာသွားတယ်၊ နှစ်စီးလာပြီး ကြဲသွားတာ” ဟု အဆိုပါ ၎င်းက ပြောသည်။
ယမန်နေ့က အလယ်ဆိပ်ရွာမရောက်မီ အင်းတော်မြို့နှင့် ခုနစ်မိုင်ခန့်အကွာ သံဘိုရွာအနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး နံနက် ၁၁ နာရီခွဲခန့်တွင် စစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အောက်တိုဘာလ ၅ ရက်မှစတင်၍ စစ်တပ်စစ်ကြောင်းထိုးရာ လမ်းတလျှောက်တွင် ရှိနေသည့် နတ်မဟုတ်ကြီး၊ နတ်မဟုတ်လေး၊ ဆယ်ရွာ၊ လည်နောင်၊ တံခွန်တိုင်၊ အလယ်ဆိပ်၊ သံဘို၊ နောင်မို၊ ကမ်းနီ၊ မန်လည်၊ ဟင်းနုမြောက်ရွာ၊ အလယ်ရွာ၊ နန့်သဲ၊ မဲဇာ အစရှိသည့် ရွာပေါင်း ၁၄ ရွာမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟု အသက် ၃၀ အရွယ် အင်းတော်မြို့ခံတဦးက ပြောသည်။
“ရှောင်တာတော့ ရွာတွေမှာ လယ်တောထဲမှာ အခင်းတွေမှာ အဲဒီလို ရှောင်ကြရတယ်။ စစ်ရှောင်ရယ်လို့ ဘယ်အဖွဲ့အစည်းမှလည်း မလုပ်ပေးဘူး၊ ဘယ်ကိုရှောင်၊ ဘယ်ကိုသွားဆိုတာလည်း မလုပ်ပေးဘူး၊ ကိုယ်သွားတတ်တဲ့နေရာသွားကြတာပေါ့” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။
ထောင်နှင့်ချီသည့် စစ်ရှောင်များတွင် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးငယ်များလည်း ပါဝင်နေပြီး တောတွင်းနှင့် လယ်တောများတွင် ဖြစ်သလို နေကြရသည်ဟု ၎င်းက ပြောသည်။
အဆိုပါ စစ်ရှောင်များမှာ ဇူလိုင်လအတွင်း စစ်တပ်စစ်ကြောင်းထိုးစဉ်ကလည်း တိမ်းရှောင်ခဲ့ကြရပြီး ယခု ထပ်မံ စစ်ရှောင်ကြရခြင်းဖြစ်သည်။
အင်းတော်မြို့ကို အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံတပ်များနှင့် ပူးပေါင်းတပ်များက ၂၀၂၅ ခုနှစ် ဧပြီလတွင် သိမ်းပိုက်နိုင်ခဲ့ပြီး ယခုနှစ် ဧပြီလမှာတော့ စစ်တပ်က အတင်းဓမ္မ ခေါ်ယူထားသည့် စစ်မှုထမ်းအင်အားအသစ်များဖြင့် ပြန်လည်ထိုးစစ်ဆင်ပြီး စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်ရှိ အင်းတော်နှင့် မော်လူးမြို့များကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။
အဆိုပါ မြို့နှစ်မြို့ကို တော်လှန်ရေးတပ်များ လက်လွှတ်ခဲ့ရသော်လည်း မြို့အနီးဝန်းကျင်ရှိ ဒေသများနှင့် ကျေးရွာအများစုကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်သည်။
စစ်တပ်က အဆိုပါ မြို့နှစ်မြို့အပြင် ရွှေဘို-မြစ်ကြီးနားလမ်းမကြီးကို ထိန်းချုပ်နိုင်ရန် ဆက်လက်ကြိုးပမ်းနေပြီး အင်းတော်မြို့နှင့် ထိစပ်နေသည့် ထီးချိုင့်မြို့ကိုလည်း စစ်ကူများပေးပို့ထားသည်ဟု တော်လှန်ရေးတပ်များက ပြောသည်။



