နယ်မြေအများစု လက်လွှတ်ထားရသည့် ရခိုင်ပြည်နယ်ကို စစ်တပ်က ပြန်လည်ထိုးစစ်ဆင်ရန် ကြိုးပမ်းနေပြီး စစ်တွေမြို့အရှေ့ဘက် ပေါက်တော(ဝီရဌာနီ) မြို့နယ်ကို စစ်သင်္ဘောများဖြင့် ကမ်းတက်ရန် ယမန်နေ့ (အောက်တိုဘာလ ၇ ရက်) က ကြိုးပမ်းခဲ့ကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ နံနက်ကပင် စစ်တွေမြို့နှင့် မြစ်တစ်ဖက်ကမ်း ပေါက်တောမြို့နယ် ငပြီကျွန်းအနီး စစ်သင်္ဘောများ (လေး၊ ငါးစီးခန့်) ချဉ်းကပ်လာကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို စစ်တွေမြို့အခြေစိုက်တပ်များက လက်နက်ကြီးများ ပစ်ကူခဲ့သည်။ ညနေပိုင်းတွင် စစ်လေယာဉ်များက ဗုံးများ အဆက်မပြတ် ကြဲခဲ့သည်။
“Y-12 နဲ့ ဂျက်မှာ သွားလာနေကြတာ ရေတွက်မရဘူး။ မနေ့ကမနက်ကပင် အခုထိ တိုက်ပွဲဖြစ်နေကြတာ။ လက်နက်ကြီးအသံတွေ၊ အတွဲလိုက်ဒုံးသံတွေ ကြားနေရတယ်”ဟု ပေါက်တောဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထိုသို့ လေကြောင်းအားပြုပြီး ကမ်းတက်ရန်ကြိုးစားသော်လည်း အာရက္ခတပ်တော် (AA) ၏ တုံ့ပြန် တိုက်ခိုက်မှုများကြောင့် ကမ်းမတက်နိုင်ဘဲ ပြန်ဆုတ်ခွာသွားကြောင်း ၎င်းက ဆိုသည်။
စစ်တပ်ဝါဒဖြန့်သူများကလည်း စစ်တွေခရိုင် ပေါက်တောမြို့နယ် ငပြီရေလယ်ကျွန်းကို ကမ်းတက် တိုက်ခိုက်နေပြီး ငပြီကျွန်းအနီး AA တပ်ဖွဲ့ဝင်များဟု ယူဆရသူများကို ဒရုန်းများဖြင့် တိုက်ခိုက်နေသည့် ရုပ်သံဖိုင်တစ်ခု ဖော်ပြနေကြသော်လည်း စစ်တပ်က ရခိုင်ဒေသ စစ်ရေးအခြေအနေများအား တစုံတရာ ထုတ်ပြန်ခြင်း မရှိပေ။
ငပြီကျွန်းအနီး စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး AA ပြန်ကြားရေးတာဝန်ရှိသူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
အဆိုပါစစ်သင်္ဘောများသည် စစ်တွေနှင့်ကျောက်ဖြူမြို့တို့ကို လှည့်ပတ်သွားလာနေကြပြီး ဒေသခံ ငါးဖမ်းသမားများနှင့် ငါးဖမ်းစက်လှေများကို ဖမ်းဆီးခြင်း၊ ပစ်ခတ်ခြင်းများ ပြုလုပ်လေ့ရှိသည်ဟု သိရသည်။
ငပြီကျွန်းသည် ပေါက်တောမြို့နယ်နှင့် စစ်တွေမြို့နယ်အကြား ကုလားတန်မြစ်ပေါ်တွင် တည်ရှိပြီး သရက်တော၊ အလယ်ရွာ၊ ရွာမ စသည့် ကျေးရွာသုံးရွာရှိကာ အနီးရှိ စစ်တွေမြို့ပေါ်မှ လက်နက်ကြီး ပစ်ခတ်မှုများ ရှိသောကြောင့် ဒေသခံအများစုမှာ ယခင်ကတည်းက ဘေးလွတ်ရာသို့ ထွက်ပြေးခိုလှုံ နေကြရသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှ စတင်သော AA ၏ ထိုးစစ်ကြောင့် မြို့တော်စစ်တွေ၊ မာန်အောင်၊ ကျောက်ဖြူတို့တွင်သာ အခြေစိုက်ရသည့် စစ်တပ်သည် ယခုနှစ် စက်တင်ဘာလ ၄ ရက်မှစတင်၍ စစ်တွေမြို့မြောက်ဘက် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ထိုးဖောက်ဝင်ရောက်ရန် စတင်ကြိုးပမ်းခဲ့သည်။

ထိုစစ်ဆင်ရေးအတွင်း အဆင်မြင့်ဒရုန်း အများအပြား သုံးစွဲခဲ့ကာ စစ်တပ်က တရားဝင်မထုတ်ပြန်သော်လည်း စစ်တပ်ထောက်ခံသူများက “၄၉၂၆ စစ်ဆင်ရေး” ဟု အမည်ပေးထားကြောင်း ဖော်ပြခဲ့ကြသည်။ AA ကလည်း စစ်တပ်သည် စက်တင်ဘာလ ၄ ရက်မှစတင်၍ စစ်တွေနှင့်ပုဏ္ဏားကျွန်းမြို့နယ် အစပ် လေးနေရာမှ ထိုးစစ်ဆင်လာခဲ့ကြောင်း ထုတ်ပြန်ထားသည်။
စစ်တပ်က ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဝင်ရောက်ရန် ကြိုးပမ်းနေမှုကို AA တပ်က တိုက်ခိုက်ခဲ့ပြီး တပြိုင်တည်းမှာပင် စစ်တွေနယ်အတွင်း ပြန်လည်ထိုးဖောက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
တရုတ်ရင်းနှီးမြှုပ်နှံမှုများရှိသည့် ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်နေကာ အထူးသဖြင့် တောင်မော်ဦးရေတပ်စခန်းအနီး တိုက်ပွဲ ဖြစ်ပွားနေကြောင်း ကျောက်ဖြူဒေသခံတစ်ဦးကဆိုသည်။
“တိုက်ပွဲက ငြိမ်တော့မငြိမ်ဘူး။အနည်းနဲ့အများတော့ ဖြစ်နေကြတယ်။ သူတို့(စစ်တပ်)ဘက်က တပ်စွဲ ထားတဲ့ကုန်းတွေ သိပ်မရှိတော့ဘူး။ အဝတောင်ရွာနားက ကုန်းတစ်ကုန်းလောက်ပဲကျန်ပြီ။အခု သူတို့ရှိတာ ရေတပ်ဝင်းထဲမှာ များပါတယ် “
စစ်တပ်သည် ၎င်းတို့အခြေချထားရာ မြို့တော်စစ်တွေ၏ မြောက်ဘက် ပုဏ္ဏားကျွန်းမြို့နယ်ကိုသာမက မြို့၏ အရှေ့မြောက်ဘက် ကုးလားတန်မြစ်ကမ်းဘေးမှ ပေါက်တော်မြို့နယ်ဘက်ကိုလည်း စစ်ရေး လှုပ်ရှားလာခြင်းဖြစ်သည်။
ယင်းအပြင် စစ်တွေ၊ ကျောက်ဖြူ စစ်မျက်နှာပြင်၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ ချင်းပြည်နယ် ပလက်ဝ၊ ရခိုင်စစ်မျက်နှာပြင်နှင့် ရခိုင်ကမ်းရိုးတန်းဘက်ကပင် လက်ရှိအသုံးပြုနေသည့် စစ်အင်အားထက် နှစ်ဆ၊သုံးဆ တိုးပြီး ကြည်း၊ ရေ၊ လေ ထိုးစစ်ကြီးကို တပြိုင်နက်တည်းလုပ်လာနေသောကြောင့် ယခုနှစ် ဆောင်းဦးကာလတွင် တိုက်ပွဲပိုမိုပြင်းထန်လာနိုင်ကြောင်း AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က မကြာသေးခင်က သတိပေးပြောထားသည်။
ရခိုင်ဒေသ အများစုကို သိမ်းပိုက်ထားသည့် AA က အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဖွဲ့စည်းကာ ပေါက်တောမြို့ကို ဝီရဌာနီနှင့် မင်းပြားမြို့ကို အဥ္ဇနပူရဟု ယခုနှစ် ဇူလိုင်လ ၂၈ ရက်က အမည်ပြောင်းထားသည်။
ရခိုင်ပြည်နယ်အတွင်း စစ်ရေးထိုးစစ်လုပ်နေသလို စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်ဘက်ပစ်မှတ်များကိုလည်း လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ရက်ဆက် ပြုလုပ်နေသောကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှု များပြားနေကာ အရပ်သားများ နေရပ်စွန့်ခွာထွက်ပြေးနေရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်က ကျောက်တော်မြို့ အိန္ဒိယစျေးနှင့် ကစ္ဆပနဒီတံတားတို့ကို ဗုံး ကြဲ တိုက်ခိုက်မှုကြောင့် ကိုယ်ဝန်သည်များ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များအပါအဝင် လူပေါင်း ၅၀ သေဆုံး ပြီး ဒဏ်ရာရရှိသူ ၅၇ ဦး ရှိသည်။ ထိုဒဏ်ရာရသူများအထဲတွင် ပြင်းထန်ဒဏ်ရာရရှိသူ ၂၁ ဦး အထိ ပါဝင်သည်။
အဆိုပါတိုက်ခိုက်မှုအပြီး ရခိုင်ပြည်နယ်အနှံ့ ထပ်မံဗုံးကြဲနေသောကြောင့် စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာလ ၆ ရက်အထိ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော (ဝီရဌာနီ)၊ ကျောက်တော်နှင့် သံတွဲမြို့တို့တွင် ၁၇ ဦး သေဆုံး၊ ၄၁ ဦး ဒဏ်ရာရ ရှိခဲ့သည်။
ယမန်နေ့ (အောက်တိုဘာလ ၇ ရက်) နံနက် ၃ နာရီခန့်က ကျောက်တော်မြို့နယ်တွင် တိုက်လေယာဉ်၊ Y12 လေယာဥ်များဖြင့် ဗုံး ၁၅ လုံးခန့်ကြဲချဲခဲ့သည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြထားကြသည်။




