လာမည့်နိုဝင်ဘာလအတွင်း ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပရန်ရှိသည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ ထိပ်ပိုင်းခေါင်းဆောင်များ တက်ခွင့်ရရန်ကြိုးပမ်းနေသည်ဟု စစ်တပ် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းအောင်က Myanmar Now ကို ပြောသည်။
အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မစ္စ မာရီယာ ထီရီဆာ လာဇာရို (Maria Theresa Lazaro) သည် အောက်တိုဘာလ ၂၈ ရက်၊ ၂၉ ရက်များတွင် မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိပြီး အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်ရရန် ဆွေးနွေးမှုလည်း ပါဝင်နိုင်သည်ဟု ဦးဟန်ဝင်းအောင်ကဆိုသည်။ သို့သော် အသေးစိတ်ကို ထည့်သွင်းပြောဆိုခြင်း မရှိပေ။
“မူလ အခွင့်အရေးအတိုင်း ရရှိနိုင်ဖို့ ဒါကတော့ ကျွန်တော်တို့ကတော့ လက်ရှိအထိတော့ ကြိုးစားနေပါတယ် ခင်ဗျ။ ကျွန်တော်တို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီးတည်းက အဖွဲ့ဝင်ကောင်း ပီသစွာပဲ ကျွန်တော်တို့ လုပ်နေပါတယ်။ (အာဆီယံ ထိပ်သီးအစည်းအဝေး) ပြန်တက်ခွင့် ရရှိရေးအတွက်တော့ မကြာမီတော့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်”ဟု ဦးဟန်ဝင်းအောင်က ပြောသည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် အာဆီယံ ဘုံသဘောတူညီချက် မူ ၅ ရပ်ကို ထိုနှစ်ဧပြီလအတွင်း ချမှတ်ခဲ့သည်။ ထိုသဘောတူညီချက်များတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ရပ်ရန်၊ သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးရန်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးနိုင်ရန် စသည့် အချက်များပါဝင်သည်။
သို့သော် ထိုအချက်များ တိုးတက်မှုမရှိခြင်းကြောင့် စစ်အုပ်စု ထိပ်ပိုင်းခေါင်းဆောင်များကို အာဆီယံ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့် အာဆီယံက ပိတ်ပင်ထားသည်။
လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံအခြေအနေကို ပြန်လည်သုံးသပ်ရန်သာ ရှိနေပြီး စစ်အုပ်စု ထိပ်ပိုင်းခေါင်းဆောင်များ အာဆီယံထိပ်သီးအစည်းအဝေး တက်ခွင့်ရရေး မသေချာသေးဟု Myanmar Now ၏ ပင်တိုင်နိုင်ငံရေး ဆောင်းပါးရှင် (ဦး)သုတဇော်က ဆိုသည်။
“စစ်အုပ်စုအပေါ် အာဆီယံခေါင်းဆောင်တွေက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အလျှော့ပေးပြီး ထိပ်သီးအစည်းအဝေးပြန်တက်ခွင့်ပေးမယ်လို့ မထင်ပါဘူး” ဟု အဆိုပါ ဆောင်းပါးရှင်က ပြောသည်။
မစ္စ လာဇာရို၏ ခရီးစဉ်အတွင်း စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် တွေ့ဆုံဆွေးနွေးမည်ဟု ဦးဟန်ဝင်းအောင်ကဆိုပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရန် ဆွေးနွေးမှုများလည်း ပါဝင်မည်ဟုပြောသည်။
“လူသားချင်း စာနာထောက်ထားမှု အကူအညီပေးဖို့ လာဖို့ရှိတာပေါ့လေ။ ဒီဘက်ကလည်း သူ တောင်းဆို တောင်းထားတာတွေတော့ ရှိပါတယ် ခင်ဗျ။ နိုင်ငံခြားရေးဝန်ကြီး ဖြစ်တဲ့အတွက် ကျွန်တော်တို့ နှစ်နိုင်ငံဆွေးနွေးဖို့လည်း အစီအစဉ် ရှိမှာပါ။ ပြီးရင်လည်း ဆက်ဆံရေးဆိုင်ရာလည်း ဆွေးနွေးမှာပေါ့နော်”ဟု ဦးဟန်ဝင်းအောင်က ပြောသည်။
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အထူးကိုယ်စားလှယ်ရုံးသို့ အထက်ပါအခြေအနေများနှင့် ပတ်သက်၍ Myanmar Now က စာပေးပို့မေးမြန်းထားသော်လည်း ယခု သတင်းထုတ်ပြန်ချိန်အထိ အကြောင်းမပြန်ပါ။
သို့သော် အာဆီယံ ဘုံသဘောတူညီချက် မူ ၅ ရပ်တွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရန်ဟူသည့် အချက်တစ်ချက်ကိုသာ စစ်အုပ်စုက အကန့်အသတ်ဖြင့် လက်ခံထားသည်ဟု Myanmar Now ၏ ပင်တိုင်နိုင်ငံရေး ဆောင်းပါးရှင် (ဦး)သုတဇော်က ပြောသည်။
အာဆီယံကလည်း ပဋိပက္ခဒေသများရှိ စစ်ဘေးသင့်ပြည်သူများကို အကူအညီပေးရေး တိုးချဲ့နိုင်ရန် မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၏ ယခုခရီးစဉ်တွင် အကဲဖြတ်လေ့လာနိုင်သည်ဟုလည်း (ဦး)သုတဇော်က ပြောသည်။
အာဆီယံ ဘုံသဘောတူညီချက် မူ ၅ ရပ်ချမှတ်ခဲ့သည်မှာ ငါးနှစ်ကျော် ကြာမြင့်လာပြီဖြစ်သော်လည်း တိုးတက်မှုမရှိခြင်းသည် ထိုမူ ၅ ရပ်ကို စစ်ခေါင်းဆောင်က အလေးမထားသည်မှာ ပေါ်လွင်သည်ဟုလည်း (ဦး)သုတဇော်က ဆိုသည်။
“လက်ရှိအချိန်ထိ စစ်ရေးကို စစ်ရေးနဲ့ တုံ့ပြန်မယ်၊ နိုင်ငံရေးအရ မဖြေရှင်းဘူးဆိုတာ မြေပြင်က စစ်ပွဲတွေက သက်သေအထောက်အထားတွေပါပဲ။ ငြိမ်းချမ်းရေးအတွက် ဘယ်လောက်ပဲ ကမ်းလှမ်းနေနေ၊ အရပ်သားပြည်သူတွေကို ဗုံးကြဲမှုက ရပ်မသွားသရွေ့ အာဆီယံ တူညီဆန္ဒ ၅ ရပ်ကို အလေးမထားဘူးဆိုတာ သက်သေပါဘဲ” ဟု ၎င်းကပြောသည်။



