စစ်ကိုင်းတိုင်း အထက်ပိုင်း အင်းတော်နှင့် ဝန်းသိုမြို့နယ်တို့တွင် နယ်မြေစိုးမိုးနိုင်ရေး စစ်ကြောင်းထိုးနေသည့် စစ်တပ် စစ်ကြောင်းနှစ်ခု ပြုတ်လုနီးပါး ပိတ်ဆို့တိုက်ခိုက်ခံနေရသောကြောင့် လေကြောင်းမှ အပြင်းအထန်ဗုံးကြဲနေသည်ဟု တော်လှန်ရေးတပ်များနှင့် ဒေသခံများထံက သိရသည်။
အောက်တိုဘာ ၄ ရက်က အင်အား ၅၀၀ ခန့်ပါသည့် စစ်တပ်စစ်ကြောင်းမှာ အင်းတော်မြို့ တောင်ဘက်သို့ စစ်ကြောင်းထိုးခဲ့ပြီး အင်းတော်မြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာတွင် စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ဆက်လက် စစ်ကြောင်းထိုးစဉ် တော်လှန်ရေးပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြသည်။
စစ်ကြောင်းတစ်ကြောင်းမှာ ဝန်းသို့မြို့သို့ ဦးတည်စစ်ကြောင်းထိုးခဲ့ပြီး နောက်တစ်ကြောင်းမှာ ရွှေဘို-မြစ်ကြီးနားလမ်းမကြီးအတိုင်း တောင်ဘက်သို့ ဆက်လက်စစ်ကြောင်းထိုးနေသည်။ အဆိုပါ စစ်ကြောင်းနှစ်ကြောင်းကို တစ်လနီးပါးကြာ တော်လှန်ရေးတပ်များက ခုခံတိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာလ ၂၆ ရက်၌ စစ်ကြောင်းနှစ်ခုလုံးတွင် အင်အားအနည်းငယ်သာ ကျန်ပြီး တိုက်ပွဲပိုမိုပြင်းထန်သည့် ရွှေဘို- မြစ်ကြီးနားလမ်းပေါ်တွင် စစ်တပ်က အထိနာနေခြင်းကြောင့် လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ကသာခရိုင်တပ်ရင်း(၂)မှ ရဲဘော်တစ်ဦးက ပြောသည်။

“မနေ့ကဆိုရင် ၁၅ စီးလောက်နဲ့ကြဲနေတာတဲ့ တနေကုန်ကြဲနေတာ၊ မနက်ထဲကနေ ညအထိ ပတ်ကြဲနေတာလို့ပြောတယ်။ တိုက်ပွဲကတော့ မဲဇာနဲ့ ကျောင်းကုန်းကြား အောက်လယ်ပြင်ရွာမှာ တိုက်ပွဲဖြစ်နေတာ။ သူတို့က ပထမက ဂျုံးဂျုံးကျရွာသစ်အထိ ရောက်သွားပြီး၊ ဆက်မတိုးနိုင်တော့ အောက်လယ်ပြင်ရွာအထိ ပြန်ဆုတ်တာ၊ ဆုတ်ပြီး အခုအဲဒီမှာ တိုက်ပွဲပြန်ဖြစ်နေတာ” ဟု အဆိုပါ ရဲဘော်က ပြောသည်။
ရွှေဘို- မြစ်ကြီးနားလမ်းပေါ်တွင် ထိုးနေသည့် စစ်ကြောင်းမှာ အင်းတော်မြို့တောင်ဘက် ၁၆ မိုင်ခန့်အကွာ လယ်ပြင်၊ မအူ၊ ဂျုံးဂျုံးကျ စသည့် ရွာများအနီးသို့ ရောက်ရှိခဲ့ပြီးနောက် ရှေ့ဆက်မတိုးနိုင်ဘဲ တိုက်ခိုက်ခံနေရသည်ဟု အဆိုပါ ရဲဘော်က ပြောသည်။
ဝန်းသိုမြို့နယ်သို့ ဦးတည်နေသည့် စစ်ကြောင်းမှာလည်း ဝန်သို့မြို့အရှေ့ဘက် ၁၀ မိုင်ကျော်အကွာ ကံကုန်းရွာနှင့် ဖီလေရွာ အနီးတွင် တိုက်ခိုက်ခံနေရပြီး ရှေ့ဆက်မတိုးနိုင်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ပြောသည်။
စစ်ကြောင်းနှစ်ခုလုံး ထိခိုက်သေဆုံးမှုများသောကြောင့် အင်အားပြုန်းတီးနေပြီး ဒုတိယ တပ်မမှူး ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် စစ်သားအချို့သည် တော်လှန်ရေးတပ်များထံတွင် လက်နက်ချခဲ့သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေးပေ။
အင်းတော်ဒေသ တိုက်ပွဲများတွင် စစ်တပ်စစ်ကြောင်းများကို ကချင်လွတ်လပ်ရေးတပ်(KIA)၊ အာရက္ခတပ်တော်(AA)၊ ကျောင်းသားတပ်(ABSDF)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကောလင်းခရိုင်တပ်ရင်းအချို့ပူးပေါင်း၍ ခုခံတိုက်ခိုက်နေကြသည်။
ယနေ့နံနက်တွင် တိုက်ပွဲဖြစ်ပွားနေသည့် လယ်ပြင်ရွာနှင့် အနီးအနားရွာတို့ကို စစ်တပ်က နံနက် ၇ နာရီခန့်မှစတင်၍ Y 12 တိုက်လေယာဉ်နှစ်စီး ဂျက်တိုက်လေယာဉ်တစ်စီးနှင့် အဆက်မပြတ်ဗုံးကြဲနေသည်ဟု အဆိုပါ ရဲဘော်က ဆက်လက်ပြောသည်။
“အခု ၁၀ နာရီနောက်ပိုင်းအထိကို အခုကို Y 12 နဲ့ ကြဲနေတာလေ။ Y 12 တွေနဲ့ရော ဟုမ္မလင်း(က)တက်(လာတဲ့) ဂျက်ဖိုက်တာတွေနဲ့ရော ထပ်ကြဲနေတာ။ ဒီတစ်ခါကြဲတာတော့ သူတို့က စစ်သုံ့ပန်းရော ဘာရော မချန်တော့ဘူး မည်းမည်းမြင်ရာ အကုန်ပတ်ကြဲနေတာလေ။ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်အတွင်းကို ဂျက်ဖိုက်တာနဲ့ကို အစီး ၂၀ ကျော်လောက်ရှိပြီလေ” ဟု အဆိုပါ ရဲဘော်က ပြောသည်။
အင်းတော်တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများတပ်ဦး(ABSDF)မှ တွဲဖက်ထွေထွေအတွင်းရေးမှူး(၁) ရဲဘော်ကျော်လင်းက အင်းတော်တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း စစ်တပ်က အကျအဆုံးများကြောင်း Myanmar Now ကို ပြောသည်။
“(စစ်တပ်)ရန်သူဘက်ကတော့ အကျအဆုံးအများကြီးရှိတယ်၊ အဲဒါမှန်တယ်။ ထီးချိုင့်နဲ့ အင်းတော်ကြားမှာ ရန်သူကို ညှပ်ပြီးတိုက်နေတာရှိတယ်။ ရန်သူ့ဘက်က အကျအဆုံးအများကြီးရှိတယ်။ ဘာပဲပြောပြော အခြေအနေကောင်းတယ်။ ကိုယ့်ဘက်မှာလည်း အထိအခိုက်နည်းနည်းပါးပါးတော့ရှိတယ်။ ရန်သူကလည်း လေယာဉ်နဲ့ သူ့လူတွေကိုဆွဲထုတ်ဖို့ ကြိုးစားနေတာပေါ့” ဟု ကိုကျော်လင်းက ပြောသည်။
ရွှေဘို- မြစ်ကြီးနားလမ်းတလျှောက် တိုက်ပွဲများအတွင်း စစ်တပ်၏ လက်နက်ကြီး၊ ဒရုန်းနှင့် ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ရှစ်ဦးသေဆုံးခဲ့ပြီး ရွာပေါင်း ၁၀ ရွာကျော်ရှိ ထောင်နှင့်ချီသည့် ဒေသခံများလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
၂၀၂၅ ဧပြီလတွင် အင်းတော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး တစ်နှစ်အကြာ တွင် စစ်တပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးကာ အင်းတော်မြို့နှင့် မော်လူးမြို့တို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည်။
စစ်တပ်က ယခုနှစ် ဇူလိုင် ၄ ရက်မှ စတင်၍ မြို့အနောက်တောင်ဘက် ရွှေဘို- မြစ်ကြီးနား လမ်းမကြီးတလျှောက်ရှိ ကျေးရွာများကို ထိန်းချုပ်နိုင်ရေး နှစ်ပတ်ကြာ စစ်ကြောင်းထိုးခဲ့သော်လည်း ထိန်းချုပ်ထားနိုင်ခြင်းမရှိဘဲ အင်းတော်မြို့တွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
ယခုနှစ် အောက်တိုဘာလ ၄ ရက်တွင် အဆိုပါ နယ်မြေများကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် နောက်တစ်ကြိမ် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး တော်လှန်ရေးတပ်များက ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။
အင်းတော်မြို့ကို ထိန်းချုပ်နိုင်ခဲ့သည့် စစ်တပ်က မြို့တောင်ဘက်ခြမ်းရှိ ၎င်းတို့ ထိန်းချုပ်ထားသည့် ထီးချိုင့်၊ ဝန်းသို၊ ကောလင်းမြို့များနှင့် ချိတ်ဆက်နိုင်ရန် တော်လှန်ရေးတပ်များ စိုးမိုးထားသည့် ရွှေဘို- မြစ်ကြီးနား လမ်းပိုင်းကို စစ်ကြောင်းထိုး ရှင်းလင်းရန် ကြိုးစားနေခြင်းဖြစ်သည်။
စစ်ကိုင်း- ကချင်နယ်စပ်မျဉ်းအနီးအတွင်း အမျိုးသားညီညွတ်ရေးအစိုးရထိန်းချုပ်ထားနိုင်သည့်မြို့မှာ ပင်လည်ဘူးတစ်မြို့သာကျန်ပြီး စစ်တပ်က စစ်ကိုင်းတိုင်း အထက်ပိုင်းကို ပြန်လည်စိုးမိုးနိုင်ရန် စစ်ဆင်ရေးတစ်ခုဖော်ရန် ပြင်ဆင်နေသည်ဟု သတင်းများထွက်ပေါ်နေသည်။



