အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

TNLA ကိုကူညီမှုဖြင့် နောင်ချိုမြို့မဗလီကို  ပြည်သူပိုင်သိမ်း၊၊ ဘာသာရေးဆရာ၂ ဦးကို နှစ်ရှည်ထောင်ဒဏ်ချမှတ်

“၁၀၂၇” စစ်ဆင်ရေးကာလအတွင်း တအာင်းတပ် TNLAနှင့် တော်လှန်ရေးအဖွဲ့များကိုကူညီခဲ့သည်ဟု စစ်တပ်က စွပ်စွဲချိပ်ပိတ်သိမ်းဆည်းထားသည့် နောင်ချိုမြို့မဗလီအား ပြည်သူပိုင်အဖြစ်သိမ်းရန် ကျောက်မဲခရိုင်တရားရုံးက အမိန့်ချခဲ့ပြီး ဗလီ ဂေါပကအဖွဲ့ နှစ်ဦးအား နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်သည်။

“၁၀၂၇” စစ်ဆင်ရေးကာလအတွင်း တအာင်းတပ် TNLAနှင့် တော်လှန်ရေးအဖွဲ့များကိုကူညီခဲ့သည်ဟု စစ်တပ်က စွပ်စွဲချိပ်ပိတ်သိမ်းဆည်းထားသည့် နောင်ချိုမြို့မဗလီအား ပြည်သူပိုင်အဖြစ်သိမ်းရန် ကျောက်မဲခရိုင်တရားရုံးက အမိန့်ချခဲ့ပြီး ဗလီ ဂေါပကအဖွဲ့ နှစ်ဦးအား နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်သည်။

ယမန်နှစ် ဇူလိုင်လ ၁၆ ရက်တွင် နောင်ချိုမြို့ထဲသို့ စစ်တပ်ပြန်ဝင်ပြီးနောက် TNLA၊ PDF များနှင့် ဆက်စပ်သည်ဟုဆိုကာ နောင်ချိုမြို့ရှိ ဗလီအား စစ်တပ် က ချိပ်ပိတ်သိမ်းဆည်းခဲ့ပြီး ဂေါပကဆရာနှစ်ဦးအား အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေ ပုဒ်မ ၅၀(ည) ဖြင့် ဖမ်းဆီးခဲ့သည်။

တစ်နှစ်ကျော်အကြာ အမှုရင်ဆိုင်ရပြီးနောက် ယခုလ ၂၂ ရက်တွင် ဗလီဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးလှထွေးနှင့် အတွင်းရေးမှူး ဦးစိုးသိန်းတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) အရ ထောင်ဒဏ် ၁၁ နှစ်နှင့် ယင်းဥပဒေ ပုဒ်မ ၅၂(က) အရ အလုပ်နှင့်ထောင်ဒဏ် သုံးနှစ် တစ်ပေါင်းတည်းကျခံရန် ကျောက်မဲခရိုင်တရားသူကြီး ဦးကျော်စိုးခိုင်က အမိန့်ချမှတ်ခဲ့သည်ဟု လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော တရားရုံးအမိန့်စာအရ သိရသည်။

“သူတို့ကို ဖမ်းသွားတာ ကြာပြီဗျ။ အခုမှ အမိန့်ချတာ၊ တစ်ယောက်ကို ၁၁ နှစ်စီ ချခံရတယ်” ဟု အမိန့်ချမှတ်ခံရသည့် ဗလီဆရာများနှင့် နီးစပ်သူ နောင်ချိုမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဗလီနှင့်ပတ်သက်၍ စစ်တပ်လက်အောက်ခံ ကျောက်မဲခရိုင်တရားရုံးက ချမှတ်သည့် အမိန့်တွင် အယူခံပြင်ဆင်ရက် ကျော်လွန်ပါက နိုင်ငံတော်ပိုင် အဖြစ် ချိပ်ပိတ်သိမ်းဆည်းမည်ဟု ဆိုထား၍ ရှမ်းပြည်နယ်တရားလွှတ်တော်တွင် အယူခံဝင်ရန် ပြင်ဆင်နေသည်ဟု နောင်ချိုမြို့ရှိ အစ္စလာမ်ဘာသာ ရေးအဖွဲ့များနှင့် နီးစပ်သူ နောက်တစ်ဦးကလည်း ဆိုသည်။

“ဗလီကတော့ ချိပ်ပိတ်ထားတာ ကြာပြီ။ အဲဒါကို အခုနိုင်ငံပိုင်သိမ်းမယ်ဆိုပြီး အမိန့်ချလို့ ဘာသာရေးဆရာတွေက ရှေ့နေတွေနဲ့ ထပ်ပြီးလိုက်ဖို့ လုပ်နေပါတယ်” ဟု ၎င်းက ဆိုသည်။

အယူခံကာလ မည်မျှသတ်မှတ်ထားပြီး မည်သို့ဆက်ဆောင်ရွက်မည်ကို သိရှိနိုင်ရန်အတွက် Myanmar Now က မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့အစည်း တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။

လူဦးရေ ၁၂၀,၀၀၀ ရှိသည့် နောင်ချိုမြို့တွင် မြို့ပေါ်ရပ်ကွက် ခြောက်ခုနှင့် ကျေးရွာအုပ်စု ၃၅ စုရှိသည်။ ရှမ်း၊ ဓနု၊ ဗမာ တိုင်းရင်းသားများက အများစုဖြစ်ပြီး ကချင်၊ တအာင်း၊ လားဟူ၊ လီဆူနှင့် ဂေါ်ရခါးလူမျိုးများလည်း နေထိုင်ကြသည်။

“၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်း ဆင်နွှဲခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင် ၁၀ ရက်တွင် TNLA ဦးဆောင်သည့် မဟာမိတ်တပ်များက နောင်ချိုမြို့ပေါ်ကို သိမ်းပိုက်ပြီးနောက် မြို့၏ တောင်ဘက် ၁၈ မိုင်အကွာ အမှတ် (၉၀၂) အမြောက်တပ်ရှိရာ တောင်ခမ်းရွာထိ ထိန်းချုပ်နိုင်ခဲ့သည်။

ကိုးကန့် MNDAA တပ်ဖွဲ့က လားရှိုးမြို့ကို သိမ်းပိုက်ပြီးနောက် အပစ်ရပ်ရန် မြောက်ပိုင်းညီနောင်သုံးဖွဲ့အား တရုတ်နိုင်ငံက ဖိအားပေးသဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ထိုးစစ်များရပ်မည်ဟု TNLA က ထုတ်ပြန်ခဲ့ပြီး တောင်ခမ်းဒေသ ထိုးစစ်များလည်း ရပ်သွားခဲ့သည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းတွင် စစ်တပ်က တောင်ခမ်း- အမတ ၉၀၂ မှ တပ်မ ၁၁၊ တပ်မ ၅၅ စစ်ကြောင်းနှစ်ကြောင်း၊ ပြင်ဦးလွင်မှ စစ်ကြောင်း တစ်ကြောင်းဖြင့် ပြန်ထိုးစစ်ဆင်ခဲ့ရာ ခြောက်လအကြာ ဇူလိုင်လ ၁၆ ရက်တွင် နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်ခဲ့သည့် စစ်တပ်က TNLAနှင့် PDF များအား လက်ခံထောက်ပံ့သည်ဟုဆိုကာ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုရာဗလီ၊ ဂေါ်ရခါးလူမျိုးများ၏ ဓမ္မသာလတည်းခိုရိပ်သာနှင့် အရပ်သားနေအိမ် ၅၀ ကျော်ကို ယနေ့အထိ ချိပ်ပိတ်ထားဆဲဖြစ်ပြီး TNLA နှင့် ဆက်စပ်ခဲ့သူများကို ယနေ့အထိ လိုက်လံဖမ်းဆီးနေသည်ဟု နောင်ချိုမြို့ခံများထံက သိရသည်။

“ပြီးခဲ့တဲ့ရက်ကပဲ ဈေးရောင်းတဲ့အမျိုးသား တစ်ယောက်ကို ထပ်ဖမ်း သွားတယ်။ ဗလီအမှု အမိန့်ချပြီး မရှေးမနှောင်းမှာပဲ ဖမ်းသွားတာ။သူက အရင်ဂေါ်ရခါးဓမ္မသာလအောက်မှာဈေးရောင်းတဲ့သူ ပြန်လာတာမကြာ သေးဘူး။ အခုအဖမ်းခံရတာ” ဟု နောင်ချိုမြို့ ဈေးရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

ထို့အပြင် TNLA၊ DPLA၊ PDF တပ်ဖွဲ့များနှင့် ဆက်စပ်သည်ဟု စွပ်စွဲခံရသူ အနည်းဆုံး ၂၀ ခန့်ကိုလည်း ယခုလဆန်းတွင် ဖမ်းဆီးကာ မန္တလေး အိုးဘိုထောင်သို့ ပို့ဆောင်ထားသည်ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူများထံက သိရ သည်။

စစ်တပ်က နောင်ချိုမြို့ကို သိမ်းပိုက်ပြီးနောက် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲနှင့် သီပေါမြို့တို့ကို ဆက်လက်သိမ်းပိုက်ခဲ့ပြီး စစ်အုပ်ချုပ်ရေးအောက်တွင် ထည့်သွင်းခဲ့သည်။ 

TNLA နှင့် ဆက်စပ်သည်ဟု စွပ်စွဲ၍ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်မြို့တို့ရှိ ဒေသခံများ၊ လူမှုကူညီရေးအသင်းဝင်များကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီး၍ ဟိုတယ်အချို့အပါအဝင် အရပ်သားနေအိမ် အလုံး  ၂၀ ကျော်ကို ချိပ်ပိတ်ထားခဲ့သည်။

ယခုလ ၁၈ ရက်တွင် ရှမ်းပြည်နယ် ကျောက်မဲနှင့် သီပေါမြို့တို့ကို စစ်အုပ်ချုပ်ရေးအောက်မှ ပယ်ဖျက်ပေးခဲ့သော်လည်း စစ်တပ်ထိန်းချုပ်သည့် နောင်ချိုမြို့ကိုမူ စစ်အုပ်ချုပ်ရေးအောက်မှ ပယ်ဖျက်ပေးခြင်းမရှိသေးပေ။

ရှမ်းမြောက်မြို့နယ် အများစုကို သိမ်းပိုက်ခဲ့သည့် TNLA နှင့် MNDAA တို့သည် တရုတ်အစိုးရကြားဝင်မှုကြောင့် ၂၀၂၅ ခုနှစ်တွင် စစ်တပ်နှင့် အပစ်ရပ် စာချုပ်တွင် သဘောတူညီခဲ့ကြပြီး စစ်တပ်ဖိတ်ခေါ်သည့် နေပြည်တော် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ တက်ရောက်ထားသည်။

သို့ရာတွင် စစ်တပ်က TNLA၊ MNDAA နှင့် ၎င်းတို့၏ မဟာမိတ်ဖြစ်သည့် အာရက္ခတပ်တော် (AA) တို့ကို  အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ထားဆဲ ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles