အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မာရီယာ ထရီဆာ လာဇာရိုသည် နှစ်ရက်ကြာခရီးစဉ်အဖြစ် ယနေ့ (အောက်တိုဘာလ ၂၈ ရက်)တွင် မြန်မာနိုင်ငံသို့ရောက်ရှိနေပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးနိုင်ရန် အဓိကထား လုပ်ဆောင်မည်ဟု ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် ထရီဆာ လာဇာရိုသည် အာဆီယံစောင့်ကြည့်လေ့လာရေးအဖွဲ့ (ASEAN Monitoring Team – AMT)ကို ဦးဆောင်မည်ဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့သို့ သွားရောက်မည်ဟုဆိုသည်။
ထိုခရီးစဉ်သည် “ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့ရှိ လူမှုအသိုင်းအဝိုင်းများထံ တလကြာ လူသားချင်းစာနာမှုအကူအညီများ ဖြန့်ဝေပေးမည့် အစီအစဉ်၏ အစဖြစ်သည်”ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
အိမ်ထောင်စု ၁၁,၀၀၀ ကျော်ကို အကူအညီပေးရန် ရည်မှန်းထားပြီး ထိုအကူအညီများတွင် ဆန်အိတ်များ၊ မိသားစုသုံး အထောက်အပံ့ပစ္စည်းများနှင့် တကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းများ ပါဝင်မည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထရီဆာ လာဇာရို၏ ခရီးစဉ်သည် လာမည့်နိုဝင်ဘာလ ဒုတိယပတ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ခရီးစဉ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းပြောဆိုမှုများလည်း ထွက်ပေါ်နေသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတာဝန်ရှိသူများက ထိုသို့တွေ့ဆုံမည့် အရိပ်အယောင် တစုံတရာ မတွေ့ရဟု Myanmar Now ကို ပြောသည်။
ထရီဆာ လာဇာရို၏ ခရီးစဉ်သည် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်တွင်ပါဝင်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဟူသည့် အချက်ကို အကောင်အထည်ဖော်ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် ချမှတ်ခဲ့သည့် ဘုံသဘောတူညီချက် ၅ ရပ်တွင် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံးအကြား တွေ့ဆုံဆွေးနွေးရေးစသည့် အချက်များလည်း ပါဝင်သည်။
သို့သော် ထိုအချက်များ အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် မြန်မာစစ်ခေါင်းဆောင်များကို အာဆီယံထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့် ပိတ်ပင်ထားသည်။
စစ်တပ်ထိန်းချုပ်ထားသည့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းအောင်ကမူ အာဆီယံ ထိပ်သီးအစည်းအဝေးများသို့ မကြာမီ ပြန်လည်တက်ရောက်ခွင့်ရရန် မျှော်လင့်ထားသည်ဟု Myanmar Now ကို ပြောဆိုထားသည်။
ယင်းကိစ္စကို လာဇာရို၏ ဆွေးနွေးပွဲများအတွင်း ထည့်သွင်းဆွေးနွေးနိုင်ကြောင်း ၎င်းက ပြောသော်လည်း အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
လာဇာရို၏ ခရီးစဉ်အစီအစဉ်တွင် စစ်တပ်၏ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် တွေ့ဆုံကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် နှစ်နိုင်ငံဆက်ဆံရေး ကိစ္စများကို ဆွေးနွေးရန် ပါဝင်ကြောင်းလည်း ဦးဟန်ဝင်းအောင်က ပြောသည်။
သို့သော် အာဆီယံထိပ်သီး အစည်းအဝေးများသို့ ပြန်လည်တက်ရောက်ခွင့်ရရန် မျှော်လင့်ချက်သည် ဇူလိုင်လ ၂၃ ရက်က လာဇာရို၏ ပြောဆိုချက်နှင့် ကွဲလွဲနေသည်။ မြန်မာစစ်ခေါင်းဆောင်များ အာဆီယံအစည်းအဝေးများသို့ ပြန်လည်တက်ရောက်နိုင်ရန် အလှမ်းဝေးနေဆဲဖြစ်ပြီး အာဆီယံ၏ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှုရှိ၊ မရှိအပေါ် မူတည်သည်ဟု လာဇာရိုက ဆိုသည်။
တဖက်တွင်လည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဖိလစ်ပိုင်နိုင်ငံသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကြိုးပမ်းမှုများနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိရန်လည်း တောင်းဆိုထားသည်။
ဩဂုတ်လ ၇ ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ်တဦးတို့ တွေ့ဆုံခဲ့ခြင်းကို အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ခြေလှမ်းတရပ်အဖြစ် အာဆီယံက ကြိုဆိုခဲ့သည်။
တချိန်တည်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ အပြည့်အဝ ပြန်လွှတ်ပေးရန်လည်း တောင်းဆိုခဲ့သည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဝင်များ၊ ရှေ့နေများ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်များက ၎င်းနှင့် ပုံမှန်တွေ့ဆုံခွင့်ရရှိရေးကိုလည်း တောင်းဆိုထားသည်။



