စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်မှ ဗိုလ်မှူးကြီးအဆင့်ရှိသူတစ်ဦး တော်လှန်ရေးတပ်ဖွဲ့များ၏ ဖမ်းဆီးခံလိုက်ရပြီးနောက် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးမီးရှို့နေသည်။
စစ်တပ်၏ စစ်ကြောင်းထိုးမီးရှို့မှုကြောင့် သီတင်းကျွတ်ကာလမှာပင် ကျေးရွာပေါင်း ၁၈ ရွာမှ ဒေသခံ တစ်သောင်းကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသည်။
စစ်ကိုင်းမြို့နယ် အုန်းတောအခြေစိုက် အမှတ် ၇၂ သံချပ်ကာတပ်ရင်းမှ စစ်ဆင်ရေးကွပ်ကဲမှူး ဗိုလ်မှူးကြီးဇော်မျိုးတင့်ကို အောက်တိုဘာလ ၁၈ ရက် ညနေပိုင်းတွင် ဒေသတွင်း တော်လှန်ရေးအင်အားစု တစ်ခုဖြစ်သည့် လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့မှ စစ်ကိုင်းမြို့ အနောက်ဘက် ခုနစ်မိုင်ခန့်အကွာရှိ ကံတလူတိုးဂိတ်အနီး၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဗိုလ်မှူးကြီးဇော်မျိုးတင့်အား သက်ဆိုင်ရာသို့ လွှဲပြောင်းပေးအပ်ရန် ဆောင်ရွက်နေစဉ် အောက်တိုဘာလ ၁၉ ရက်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ သေနတ်လုယူထွက်ပြေးရန်ကြိုးပမ်းသည့်အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးသွားကြောင်း လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က အောက်တိုဘာလ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုအဖွဲ့မှာ စစ်ကိုင်းမြို့နယ်တွင် သီးခြားရပ်တည် လှုပ်ရှားနေသော တော်လှန်ရေးအင်အားစုတစ်ခုဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များနှင့် ပူးတွဲလုပ်ကိုင်နေသည့် အဖွဲ့လည်းဖြစ်သည်။

ဗိုလ်မှူးကြီး ဖမ်းဆီးခံလိုက်ရပြီး နောက်တစ်ရက် (အောက်တိုဘာလ ၁၉ ရက်) မှစတင်၍ စစ်အာဏာရှင် စစ်ကြောင်းက စစ်ကိုင်းမြို့ အနောက်ဘက်ခြမ်း အနောက်တာရှိ ကျေးရွာများနှင့် ရွာသစ်ကြီးမြို့ အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို ယနေ့ (အောက်တိုဘာလ ၂၈ ရက်) အထိ ၁၀ ရက်တိုင် မြေပြင်စစ်ကြောင်းထိုးသလို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်နေခြင်းဖြစ်သည်။
“အခုကပြောရရင် သူတို့ဘက်ကနေ အခဲမကျေဖြစ်နေတာပေါ့ဗျာ။ ဗိုလ်မှူးကြီးအဆင့်ရှိတဲ့ကောင်ကို ကြက်ကလေး၊ ငှက်ကလေး ဖမ်းသလိုကောက်ဖမ်းလိုက်တော့ စစ်ကြောင်းဝင်တဲ့ကောင်တွေကို အပေါ်က ဖိအားတွေလည်း အများကြီးပါလာတာပေါ့။ သူတို့က ပြည်သူတွေကို အငြိုးနဲ့လိုက်ပြီး ဒုက္ခပေးနေတာ။ ကြွက်မနိုင်ကျီမီးနဲ့ရှို့ စကားပုံလိုပေါ့”ဟု လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်တပ်ရန်ကြောင့် အနောက်ခြမ်းရှိကျေးရွာများဖြစ်သည့် သုံးလင့်၊ ကင်းတော်၊ ကိုင်းပြင်၊ လက်ပံတော၊ မြင်းဆည်၊ ဥယျာဉ်၊ မြစ်သာ၊ ဒါးဝယ်တဲ၊ တာတိုင်၊ ရွှေလှေ၊ ဦးအိုင်ကျွန်း၊ သဖန်းသာ၊ မအူပင်၊ ထိန်ကုန် လက်ပံသာ၊ မောင်းထောင်၊ မြိုင်လယ်၊ လယ်ကြီး၊ ရွာမ စသည့်ကျေးရွာတို့မှ ဒေသခံ တစ်သောင်းကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတို့က ဆိုသည်။

ထို့အပြင် ရွာစဉ်လှည့်နေသည့် ထိုစစ်ကြောင်းသည် အောက်တိုဘာ ၂၄ ရက်တွင် ရွှေလှေရွာကို မီးရှို့မှုကြောင့် နေအိမ် ၇၀ နီးပါး ပြာကျပျက်စီးခဲ့ရကြောင်း စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
ယမန်နေ့ကလည်း ဆင်မြေကျေးရွာမှ ပြည်သူ ၇၅ ဦးကို ဖမ်းဆီးသွားခဲ့ပြီး သဗြူးရွာအရောက်တွင် ၇၀ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ငါးယောက်ကို ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူကပြောသည်။

စစ်ကြောင်းစတင်ဝင်သည့် အောက်တိုဘာလ ၁၉ ရက်က နှစ်ရက်ဆက်တိုက် လေကြောင်း တိုက်ခိုက်မှုကြောင့် စေတီပုထိုးများနှင့် နေအိမ်သုံးလုံးပျက်စီးခဲ့ကြောင်း သိရသည်။
စစ်တပ်စစ်ကြောင်းများမှာ ပြန်လည်ဆုတ်ခွာခြင်းမရှိသေးဘဲ ညောင်ပင်ဝန်းတိုက်နယ်ထဲ လှည့်လည် နေဆဲဖြစ်ကြောင်း ဒေသခံများကဆိုသည်။
စစ်ကိုင်းမြို့နယ်ထဲ စစ်ကြောင်းထိုး မီးရှို့နေသည့်အခြေအနေနှင့်ပတ်သက်၍ မေးမြန်းနိုင်ရန် စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦးကို Myanmar Now က ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်သော်လည်း မရခဲ့ပါ။
မန္တလေးမြို့ တစ်ဖက်ကမ်းရှိ စစ်ကိုင်းမြို့သည် ပြီးခဲ့သည့်နှစ်ကလှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများပြားခဲ့ရာဒေသလည်းဖြစ်သည်။ စစ်ကိုင်းမြို့ပေါ် ရပ်ကွက်များနှင့် ဆားတောင်မြို့တို့တွင် စစ်တပ်က ထိန်းချုပ်ထားပြီး ကျေးလက်ဒေသအများစုကို တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထားသည်။
နိုင်ငံအလယ်ပိုင်းတွင် စစ်ရှိန်မြှင့်နေသော စစ်တပ်သည် အခါကြီးရက်ကြီးဖြစ်သည့် သီတင်းကျွတ် ကာလအတွင်းမှာပင် လေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်စစ်ကြောင်းထိုးမှုများကို ဆက်လက်ပြုလုပ် နေဆဲဖြစ်သည်။
သီတင်းကျွတ်လပြည့်မတိုင်မီ အောက်တိုဘာလ ၂၅ ရက်က မကွေးတိုင်း ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်စပ်ရှိ သစ်ပုလွေကုန်းရွာ ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး အောက်တိုဘာလ ၂၁ ရက်ကလည်း မြိုင်မြို့နယ် သာစည်ရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းဆောင်များ ပျက်စီးခဲ့ရကြောင်း အညာမြေအရပ်ဘက်လူမှုအဖွဲ့စည်း- မြိုင်က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်သည်။
မကွေးတိုင်း မြိုင်မြို့နယ်ရှိ ရေနံတွင်းများကို ပြန်လည်ထိန်းချုပ်ရန်အတွက် စစ်တပ်က စစ်ကြောင်း ထိုးနေသည်မှာ လနှင့်ချီ ကြာမြင့်နေပြီး ပေါက်နှင့်မြိုင်နယ်စပ်ရှိ တဲကြီးရွာတွင် ခြေကုပ်ယူ၍ ရေနံတွင်းများကို မိုင်းခွဲဖျက်ဆီးနေကာ ဒေသတွင်း စစ်ရေးတင်းမာလျက်ရှိသည်။
ထို့အပြင် ယနေ့ (အောက်တိုဘာလ ၂၈ ရက်) နံနက်ပိုင်းတွင်လည်း ဆိပ်ဖြူမြို့ အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၂) မှ အင်အားအလုံးအရင်းဖြင့်စစ်ကြောင်းထိုးလာသည့်အတွက် ပေါက်မြို့နယ်တောင်ပိုင်း ပုသိမ်- မုံရွာကားလမ်းပေါ်ရှိ သပြေရေ၊ ချက်ကန်၊ မှန်ထောင်ကွင်းတို့မှ ကာလရှည် စစ်ဘေးရှောင်များအပြင် တယ်ပင်ကန်၊ ပေခုနစ်ပင်ရွာတို့မှ ပြည်သူ ၆၀၀၀ ကျော်မှာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ လက်အောက်ခံ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာနက ထုတ်ပြန်ထားသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အောက်တိုဘာလ အချက်အလက်များအရ မြန်မာနိုင်ငံတွင် ပဋိပက္ခများနှင့်လုံခြုံရေးအခြေအနေများကြောင့် ပြည်တွင်း နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ လေးသန်းကျော်အထိ မြင့်တက်လာပြီး စစ်ကိုင်းတိုင်းတွင် ၁ ဒသမ ၃ သန်း၊ ရခိုင်ပြည်နယ်တွင် ငါးသိန်းကျော်နှင့် မကွေးတိုင်းတွင် လေးသိန်းကျော် ပါဝင်သည်။



