ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် အရေးကြီးသော အထောက်အထားတစ်ခုဖြစ်သည် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificates of Identification- CI) ထုတ်ပေးရေးလုပ်ငန်းကို စစ်တပ်နှင့်နီးစပ်သည်ဟုစွပ်စွဲခံရသော ဦးခင်မောင်ကျော် ဆိုသူ၏ United KMK ကုမ္ပဏီက ဆက်တိုက်ရရှိနေသည်ဟု စုံစမ်းသိရှိရသည်။
အထောက်အထားမဲ့ မြန်မာလုပ်သားများအတွက် ထိုင်းနိုင်ငံအတွင်း နေထိုင်ရန်နှင့် အလုပ်လုပ်ကိုင်ရန် ထိုင်းအစိုးရက ထုတ်ပေးသည့် ပန်းရောင်ကတ်ဟုခေါ်သည့် အလုပ်လုပ်ကိုင်ခွင့် ယာယီသက်သေခံ ကတ်ပြားအပြင် လွတ်လပ်စွာခရီးသွားလာခွင့်နှင့် အခြားအကျိုးခံစားခွင့်များရရန် အဆိုပါ CI သက်သေခံလက်မှတ်ကို ထုတ်ပေးခြင်းဖြစ်သည်။
ထို CI ကတ်ရှိပါက ထိုင်းတနိုင်ငံလုံးအနှံ့ လွတ်လပ်စွာ သွားလာခွင့်ရှိပြီး မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြား ခရီးသွားလာရာတွင် နိုင်ငံကူးလက်မှတ် (Passport) အစား အစားထိုးအသုံးပြုခွင့်ရှိသောကြောင့် အထောက်အထားမဲ့ မြန်မာ အလုပ်သမားများအတွက် အရေးကြီးသော အထောက်အထားတစ်ခုလည်း ဖြစ်သည်။
ထိုင်းနိုင်ငံအနေဖြင့် အထောက်အထားမဲ့မြန်မာအလုပ်သမားများကို ပန်းရောင်ကတ်ထုတ်ပေးပြီး CI လုပ်ငန်းစဉ်၌ မြန်မာနိုင်ငံဘက်က နိုင်ငံသားဖြစ်ကြောင်း အထောက်အထား ထုတ်ပေးရခြင်း ဖြစ်သည်။
ထိုသို့အရေးကြီးသော လုပ်ငန်းစဉ်တွင် စစ်တပ်က ဝင်ငွေရပေါက်ရလမ်းတစ်ခုအဖြစ် CI စင်တာများ ဖွင့်လှစ်ရေး လုပ်ဆောင်လာပြီး နီးစပ်သူအချို့ကို လုပ်ပိုင်ခွင့်ပေးလာသည်။
ယခုနှစ် အောက်တိုဘာလ ၁၄ ရက်မှစ၍ ထိုင်းနိုင်ငံ စမုစခွန်၊ စမုပရာကန်၊ ဆူရတ် ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီခရိုင်တို့တွင် မြန်မာဘက်က CI စခန်းများဖွင့်လှစ်၍ ထိုသက်သေခံလက်မှတ်များ ထုတ်ပေးလျက်ရှိရာ စခန်း ငါးခုလုံးအတွက် နည်းပညာဝန်ဆောင်မှုတစ်ဦးတည်းလုပ်ပိုင်ခွင့်ကို United KMK ကုမ္ပဏီက ရရှိကြောင်း အောက်တိုဘာလ ၁၃ ရက်ထုတ် စစ်တပ်ထိန်းချုပ်The Global New Light Of Myanmar သတင်းစာ၏ စာမျက်နှာ ၁၀ ၌ ဖော်ပြခဲ့သည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ရွှေ့ပြောင်းအလုပ်သမားသန်းနှင့်ချီရှိသည့် ထိုင်းနိုင်ငံတွင် CI လက်မှတ်ထုတ်ပေးရေးလုပ်ငန်းကို ပင်လယ်စာတင်ပို့ခြင်းနှင့် အအေးခန်းသိုလှောင်ရုံလုပ်ငန်းများကို လည်ပတ်လုပ်ကိုင်သည့် ပြည်တွင်းကုမ္ပဏီ United KMK က နှစ်စဉ် ဆက်တိုက်ရရှိနေခြင်းဖြစ်သည်။
ထိုင်းရောက် အထောက်အထားမဲ့မြန်မာအလုပ်သမားများအတွက် ပန်းရောင်ကတ်ထုတ်ပေးသည့် အရေ အတွက်တွင် မူတည်၍ ထိုင်းနှင့် မြန်မာနှစ်ဖက်ညှိနှိုင်းကာ CI အထောက်အထားများကို အလျဉ်းသင့်သလို စခန်းများဖွင့်လှစ်၍ ထုတ်ပေးခြင်းဖြစ်သည်။ ထိုလုပ်ပိုင်ခွင့်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များကို တင်ဒါခေါ်ယူ၍ ချထားပေးခြင်းဖြစ်ကြောင်း မြန်မာလုပ်သား ကူညီစောင့်ရှောက်ရေး ကော်မတီ (AAC) ကို ဦးဆောင်သူ ဦးခိုင်ကြီးက ပြောသည်။
အလုပ်သမားဝန်ကြီးဌာန တင်ဒါရွေးချယ်ရေးအဖွဲ့က CI ထုတ်ပေးရေးလုပ်ငန်းစဉ်အတွက် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသော ကုမ္ပဏီများကို စနစ်တကျရွေးချယ်ရလေ့ရှိသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း United KMK ကုမ္ပဏီတစ်ခုတည်းကသာ ဆက်တိုက်ရရှိခဲ့ကြောင်း ၎င်းက ပြောသည်။
“CI စာအုပ်တွေထုတ်ပေးတာသက်တမ်းနှစ်သုတ်လောက်ရှိသွားပြီ။ ရှစ်နှစ်လောက်ရှိသွားပြီ။ စာအုပ် တချို့က တစ်အုပ်ကနေနှစ်အုပ်၊ နှစ်အုပ်ကနေ သုံးအုပ်အထိပြောင်းသွားပြီ။ အဲ့ဒီအချိန်မှာ အာဏာ သိမ်းပြီးနောက်ပိုင်းမှာ သူက (ဦးခင်မောင်ကျော်) အဲ့ဒီလိုကိစ္စတွေက ဆက်တိုက်ဆက်တိုက်ကို ရနေတာ။ အခုစင်တာ ငါးခုရှိတယ်ဆိုရင် အဲ့ဒီ ငါးခုလုံးက ဦးခင်မောင်ကျော်ပဲ” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့မြန်မာများကို CI လက်မှတ်ထုတ်ပေးရေးလုပ်ငန်းစဉ်သည် ဘတ် သန်းချီရနိုင်သော စီးပွားရေးလုပ်ငန်းဖြစ်ကြောင်း ဦးခင်မောင်ကျော်က သဘောက်ပေါက်လာပြီးနောက် ထိုလုပ်ငန်းတင်ဒါကို နှစ်စဉ်ရရှိလာကြောင်း ၎င်းက ဆက်ပြောသည်။
ဦးခင်မောင်ကျော်သည် ဗိုလ်မှူးဟောင်းတစ်ဦးဖြစ်ပြီး ၎င်း၏ဇနီးဒေါ်အေးအေးသည် အရပ်သားအရေခြုံ သမ္မတ ဦးမင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှနှင့် ဆွေမျိုးတော်စပ်သူဖြစ်သည်။ ထိုပတ်သက်ဆက်နွယ်မှုများကြောင့် CI စခန်းတင်ဒါများရရှိနေခြင်းဖြစ်နိုင်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် အဝင်အထွက်ရှိသော နိုင်ငံကူးလက်မှတ်နှင့် CI လက်မှတ်ပွဲစားအချို့က ဆိုသည်။
ထိုအချက်အလက်များနှင့်ပတ်သက်၍ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ဦးခင်မောင်ကျော်သည် ရန်ကုန်မြို့တွင် ၁၉၉၅ ခုနှစ်တွင် တည်ထောင်လည်ပတ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ရေထွက်ကုန်ပစ္စည်းအများဆုံးတင်ပို့သည့် ကုမ္ပဏီ ၂၀ ထဲတွင် ပါဝင်သော United KMK ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်ကြောင်း ၂၀၁၉ ခုနှစ် နိုဝင်ဘာလက ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဘဏ်နှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဘွဲ့လွန်စာတမ်းအတွက် တင်သွင်းခဲ့သော ထိုကုမ္ပဏီနှင့်ပတ်သက်သည့် အချက်အလက်များတွင် တွေ့ရသည်။
ထို့အပြင် ၎င်းသည် မြိတ်မြို့အခြေစိုက် အအေးခန်းသိုလှောင်ရုံလုပ်ငန်းများလုပ်ကိုင်သည့် United Myeik ကုမ္ပဏီကိုလည်းပိုင်ဆိုင်သည်။ ထို့အပြင် ၎င်းသည် မြန်မာနိုင်ငံရေထွက်ကုန်လုပ်ငန်းရှင်အသင်း ဒုတိယ ဥက္ကဋ္ဌဖြစ်သလို ၁၉၉၆ ခုနှစ်တွင် မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်မှ ၂၀၁၃ တွင် အမည်ပြောင်းလဲခဲ့သော ကမ္ဘာ့ရတနာဘဏ်တွင် ဒါရိုက်တာဘုတ်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။
စစ်ခေါင်းဆောင်နှင့် ပတ်သက်ဆက်နွှယ်မှု၊ CI စခန်းများတစ်ဦးတည်းလုပ်ပိုင်ခွင့်ရရှိမှုစသည့် သတင်းထွက်ပေါ်နေမှုများနှင့် ပတ်သက်၍ United KMK၏ မှတ်ချက်ကို ရယူနိုင်ရန် Myanmar Now က တယ်လီဖုန်း၊ အီးမေးလ်တို့ဖြင့် ဆက်သွယ်မေးမြန်းသော်လည်း တုံ့ပြန်မှု မရသေးပါ။
ထို့အတူ စစ်အစိုးရ၏ အလုပ်သမားဝန်ကြီးဌာန ပြောခွင့်ရ ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်ကို ဆက်သွယ်မေးမြန်းသော်လည်း ဖြေဆိုခြင်းမရှိပါ။

အာဏာသိမ်းပြီးနောက် စားဝတ်နေရေးကျပ်တည်းမှုနှင့် အလုပ်အကိုင်ရှားပါးလာမှုအပြင် အရွယ်ရောက်သူတိုင်း မဝင်မနေရ စစ်မှုထမ်းဥပဒေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ရသည့်နည်းလမ်းဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာလာသူအများအပြားရှိနေပြီး CI လက်မှတ်ရရှိရေးမှာ ယခင်ကထက် ပိုခက်ခဲလာသလို ကုန်ကျစရိတ်လည်းပိုများလာကြောင်း ဘန်ကောက်မြို့တွင် CI လက်မှတ် ကိုင်ဆောင်ထားသော အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက ပြောသည်။
“တချို့တွေကတော့ အလုပ်အကိုင်ရှိတယ်။ တချို့တွေကတော့ အလုပ်အကိုင်မရှိဘူး။ အဲ့ဒီ အလုပ်အကိုင် မရှိတဲ့သူတွေက နယ်ကျော်ပြီးတော့ သွားလာဖို့အရေးကို CI လုပ်ကြရတယ်လေ။ အဲဒီလိုမျိုးလုပ်ကြရတဲ့ အနေအထားမှာ ပေးဆောင်ရတဲ့အခကြေးငွေက အဟန့်အတားဖြစ်တယ်ပေါ့” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ပြည်ပရောက်အလုပ်သမားများ၏ ချွေးနှဲစာကို CI ထုတ်ပေးရေးလုပ်ငန်းစဉ်များမှတဆင့် စစ်အုပ်စုနှင့် နီးစပ်သောကုမ္ပဏီများထံ စီးဆင်းနေခြင်းမှာလည်းအဆင်မပြေကြောင်း ၎င်းက ဆက်ပြောသည်။
ယခုနှစ်တွင် ထိုလက်မှတ်လျှောက်ထားရာတွင် နီးစပ်ရာ 7 Eleven စတိုးဆိုင်များတွင် ၂,၆၆၀ ဘတ် ပေးသွင်း၍ အဆင်ပြေရာ စခန်းနှင့် နေ့ရက်တို့ကိုရွေးချယ်လျှောက်ထားနိုင်ပြီး အခြေခံလုပ်ခလစာ သုံးလစာစုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံလွှဲပို့ငွေထားသော အထောက်အထားပြသရမည်ဟု စစ်အုပ်စု၏ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
CI စခန်းလုပ်ပိုင်ခွင့်ရသော United KMK ကုမ္ပဏီသည် တင်ဒါအတွက် အလုပ်သမားဝန်ကြီးဌာနထံ သတ်မှတ်ငွေပမာဏတစ်ခုကို ပေးသွင်း၍ စာအုပ်ထုတ်ပေးရေးကုန်ကျငွေထဲမှ အကျိုးအမြတ်ရသလို ခေါင်းစဉ်အမျိုးမျိုးတပ်၍ ကောက်ခံသည့် စရိတ်စကများလည်းရှိကြောင်း ဘန်ကောက်ရှိ CIနှင့် နိုင်ငံကူးလက်မှတ်ပွဲစားများက ပြောသည်။
ထိုင်းနှင့်မြန်မာ နှစ်ဖက်သဘောတူထားသော CI ထုတ်ပေးရေးတရားဝင်အချက်အလက်များနှင့် မြေပြင် အခြေအနေမှာ ကွဲလွဲမှုရှိနေကြောင်း ထိုင်းနိုင်ငံ စမွတ်ပရာကန်ခရိုင်ရှိ CI စခန်းသို့ သတင်းသွားယူစဉ် စခန်းတာဝန်ကျသူတို့၏ တားဆီးခြိမ်းခြောက်မှုခံခဲ့ရသော ထိုင်း သတင်းထောက် ပေါ့ဒ် နာသာဖော့က Myanmar Now ကို ပြောသည်။
အလုပ်သမားများသည် CI လျှောက်ထားရာတွင် ပွဲစားများကို အားကိုးနေရပြီး အလှည့်ကျဝင်ခွင့်အတွက် တန်းစီခဟုဆိုကာ တရားဝင်မဟုတ်သော အပိုကြေးအဖြစ် ဘတ် ၁၀၀၀ မှ ၁၅၀၀ ( မြန်မာကျပ် တစ်သိန်း နှစ်သောင်းဝန်းကျင်မှ ကျပ်နှစ်သိန်းဝန်ကျင်) အထိ ပေးသွင်းနေရသည်ကို အလုပ်သမားများထံက သိရကြောင်း ၎င်းက ဆိုသည်။
တန်းစီခ၊ ဝင်ငွေခွန်၊ အလုပ်သမားလစာ ၂၅ ရာခိုင်နှုန်းပြန်လွှဲပို့ရေး စသည်ဖြင့် ကောက်ခံနေသော CI စနစ်သည် စစ်အုပ်စုအတွက် နိုင်ငံခြားငွေရနိုင်သော ယန္တရားတစ်ခုဖြစ်နေပြီး ၎င်းတို့နှင့်ဆက်နွှယ်သည့် ကုမ္ပဏီများ၊ ပွဲစားများက နက်နက်ရှိုင်းရှိုင်းပါဝင်ပတ်သက်နေကြောင်း ၎င်းက ဆိုသည်။
ထိုကိစ္စများတွင် ပါဝင်ပတ်သက်ခြင်းဖြင့် နိုင်ငံတကာတွင် ထိုင်းနိုင်ငံ၏ပုံရိပ် ထိခိုက်နိုင်ကြောင်း ဆက်ပြောသည်။
စစ်အုပ်စုအနေဖြင့်လည်း CI ထုတ်ပေးခြင်းမှာ ဝင်ငွေခွန်ရရှိသလို မိသားစုထံပြန်လွှဲပို့သော နိုင်ငံခြားငွေ များလည်းရရှိနေသလို CI မှတဆင့် ပြည်ပရောက်မြန်မာများ၏ ကိုယ်ရေးအချက်အလက်များကိုလည်း ဒီဂျစ်တယ်စနစ်ဖြင့် ရရှိနေသည်။
ထို့ကြောင့် စစ်အုပ်စု ချုပ်ကိုင်သည့် CI မလိုဘဲ ပန်းရောင်ကတ်တစ်မျိုးတည်းဖြင့် ထိုင်းနိုင်ငံတွင် နေထိုင်၊ သွားလာ၊ အလုပ်လုပ်ကိုင်ခွင့်ရရှိရန် တောင်းဆိုသည့်လှုပ်ရှားမှု တစထက်တစ ကျယ်ပြန့်လာသည်။



