အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

MNDAA နှင့် ရှမ်းအဖွဲ့အစည်းများအကြား ဆက်ဆံရေး တင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံများ စိုးရိမ် 

ရှမ်းနိုင်ငံရေးပါတီ၊ ရှမ်းတပ်နှင့် အခြားအစုအဖွဲ့များ ပါဝင်သော ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (SSJAC) က ဒေသခံများ၏ ယဉ်ကျေးမှုနှင့် အကျိုးစီးပွားထိခိုက်နေရသည်ဟု ပြောဆိုမှုကို MNDAA က တင်းတင်းမာမာ တုံ့ပြန်ခဲ့၍ စစ်ပွဲများ တကျော့ပြန် ပေါ်ပေါက်လာမည်ကို ဒေသခံများ စိုးရိမ်နေသည်။

ရှမ်းပြည်မြောက်ပိုင်းနေ ဒေသခံများ၏ စာပေ၊ ယဉ်ကျေးမှု၊ သမိုင်းအမွေအနှစ်များနှင့် ဘိုးဘွားပိုင် မြေယာပိုင်ဆိုင်မှုများအား အတင်းအကျပ်ပြောင်းလဲနေသည်ဟု ထောက်ပြခံရခြင်းနှင့်ပတ်သက်၍ နယ်မြေ စိုးမိုးမှုရယူထားသည့် ကိုးကန့်တပ် (MNDAA) က တင်းတင်းမာမာ တုံ့ပြန်ခဲ့သည့်အတွက် တိုက်ပွဲများ တကျော့ပြန်ဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

ရှမ်းတိုင်းရင်းသား အများစုအပါအဝင် ဒေသခံတိုင်းရင်းသားအများအပြား အခြေချနေထိုင်ရာ ရှမ်းပြည် မြောက်ပိုင်း၌ ဒေသဘာသာစကားဖြင့် အသုံးပြုထားသည့် အမှတ်အသားများတွင် တရုတ် နယ်စပ်အခြေစိုက် ကိုးကန့်တပ်က တရုတ်စာများဖြင့် အစားထိုးခဲ့သည်။ယင်းအပြင် မူလဒေသခံတို့၏မြေယာပိုင်ဆိုင်ခွင့်ကို ထိခိုက်စေမည့်   မြေယာနှစ်ရှည်ငှားရမ်းမှုများကို တရုတ်လုပ်ငန်းရှင်များနှင့်  ပြုလုပ်ခဲ့သည့်နောက် ဒေသခံများနှင့် ဆက်ဆံရေး တင်းမာခဲ့ကြသည်။

ထို့နောက် အောက်တိုဘာလ ၂၃ ရက်တွင် ရှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) က ရှမ်းမြောက်ဒေသခံများ၏ ဘာသာစာပေ၊ ယဉ်ကျေးမှု၊ သမိုင်းအမွေအနှစ်များနှင့် ဘိုးဘွားပိုင် မြေယာ ပိုင်ဆိုင်မှုများအား MNDAA က အတင်းအကျပ် ပြောင်းလဲနေမှုကို ချက်ချင်းရပ်တန့်ရန် စာထုတ်ပြန်ခဲ့သည်။

MNDAA အနေဖြင့် မရပ်တန့်ပါက နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာတုံ့ပြန်မှုများကို ပြင်းပြင်းထန်ထန် ပြုလုပ် သွားမည်ဟု SSJAC က ထိုစာတွင် သတိပေးထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) ကို ၁၉၉၆ ခုနှစ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရှမ်းပြည်တိုးတက်ရေးတပ်မတော် (SSPP/SSA)၊ ဆင်ကျော့ပြည်သူ့စစ်တပ်ဖွဲ့နှင့် ရှမ်းလူငယ်အဖွဲ့များဖြင့် စုပေါင်းဖွဲ့စည်းထားသည့် ရှမ်းနိုင်ငံရေးအင်အားစုတစ်ခုဖြစ်သည်။

“ကိုးကန့်တပ်ဖွဲ့က မြို့တော်တော်များများ သိမ်းပြီးတော့ နေရာတိုင်းမှာ တရုတ်စာတွေကို အစားထိုးနေတဲ့ ကိစ္စတွေ ရှိတယ်။ တလောက ဖြစ်တဲ့ သိန္နီ၊ မိုင်းပါးရွာက ရှမ်းဘာသာနဲ့လုပ်ထားတဲ့ ဆိုင်းဘုတ်ဖျက်ခံရတဲ့ ကိစ္စမျိုး၊ နမ့်ပေါင်ရွာက ရွှေလုပ်ကွက်ကို ကန့်ကွက်တဲ့ဒေသခံတွေ ဖမ်းဆီးခံရတာမျိုးက ခဏခဏ ဖြစ်နေတော့ လူထုက SSJAC ကို တိုင်ကြားကြလို့ ဒီလို စာထုတ်တာမျိုး ဖြစ်လာတာ” ဟု ရှမ်းလူငယ်အဖွဲ့၏ အဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။

ရှမ်းမြောက်တစ်ခုလုံး အပြောင်းအလဲ ဖြစ်စေခဲ့သည့် “ ၁၀၂၇ စစ်ဆင်ရေး” အတွင်း လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ကြူကုတ် (ပန်ဆိုင်း)၊ မုံးကိုးနှင့် တာမိုးညဲစသည့် မြို့များကို MNDAA က သိမ်းပိုက်နိုင်ခဲ့သည်။ MNDAA သည် တရုတ်ဖိအားကြောင့် လားရှိုးမြို့ကို စစ်တပ်ထံ ပြန်ပေးလိုက်ရသော်လည်း ယခုနှစ် မတ်လတွင် ကုန်သွယ်ရေးလမ်းပေါ်မှ ကွတ်ခိုင်မြို့ကို တအာင်းတပ် (TNLA) ထံက သိမ်းပိုက်ခဲ့သည်။

လက်ရှိတွင် သိမ်းပိုက်ထားသည့် မြို့များကို လားရှိုးခရိုင်၊ သိန္နီခရိုင်၊ ကွတ်ခိုင်ခရိုင်နှင့် မုံးကိုးခရိုင်ဟူ၍ ခရိုင်လေးခုခွဲ၍ ကိုးကန့် အထူးဒေသအဖြစ် အုပ်ချုပ်နေသည်။ အုပ်ချုပ်ရေးကဏ္ဍတွင် ကိုးကန့်တပ်က အများဆုံးနေရာယူထားပြီး တရုတ်စာများ ပြောင်းလဲအသုံးပြုသည့်အတွက် ဒေသခံများ၏ ဝေဖန်မှုများ မြင့်တက်ခဲ့သည်။ 

သိန္နီမြို့အတွင်း သွားလာနေကြသူများ။ (ဓာတ်ပုံ- Myanmar Now)
ယခုနှစ် ဇွန်လအတွင်းက အထူးဒေသ (၁) တွင် ပြုလုပ်သော မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အခမ်းအနားတစ်ခု။ (ဓာတ်ပုံ- The Kokang)

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ထိုအခြေအနေများနှင့်ပတ်သက်၍ အိတ်ဖွင့်ပေးစာတစ်ခုကို ယမန်နေ့ (အောက်တိုဘာလ ၂၇ ရက်) တွင်  ထုတ်ပြန်ခဲ့သည်။ 

SSJAC ၏ စွပ်စွဲချက်များမှာ အခြေအမြစ်မရှိဘဲ လူမျိုးရေးပဋိပက္ခကို ပိုမိုဖြစ်ပေါ်စေပြီး ဖြစ်လာမည့် နောက်ဆက်တွဲကိစ္စများအတွက် SSJAC က တာဝန်ခံရမည်ဟု MNDAA က တင်းတင်းမာမာ တုံ့ပြန်ထားသည်။

“SSJAC ရဲ့ ထုတ်ပြန်ချက်က မြေပြင်အခြေအနေနဲ့ ကွဲလွဲနေလို့ MNDAA က ပြန်တုံ့ပြန်တဲ့သဘောလို့ပဲ ပြောလို့ ရမယ်” ဟု MNDAA နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

စာပေနှင့် ဘာသာစကားဆိုင်ရာကိစ္စများတွင် တရုတ်စာကို မဖြစ်မနေ သင်ယူရမည်ဟု မသတ်မှတ်ထားဘဲ၊ အထူးဒေသ (၁) အတွင်း အင်္ဂလိပ်စာကို သူငယ်တန်းအဆင့်မှစ၍ သင်ကြားပေးနေသည်ဟု MNDAA က ဆိုသည်။ ထို့အပြင် တအာင်းနှင့် ရှမ်းတိုင်းရင်းသားအများစုနေထိုင်သည့် ကျေးရွာများတွင် မိခင်ဘာသာစကားဖြင့် စာပေသင်ယူခွင့်ပြုထားကြောင်း ဖော်ပြထားသည်။

MNDAA သည် ရှမ်းစော်ဘွားများ အခြေစိုက်ခဲ့ရာ သမိုင်းဝင် သိန္နီမြို့ကို မူပန်ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး ရှမ်းနှင့် တအာင်း တိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာများရှိ ဒေသဘာသာစကားဖြင့် ရေးသားထားသည့် ဆိုင်းဘုတ်များကို တရုတ်စာ၊ မြန်မာစာတို့ဖြင့် အဓိက ပြောင်းလဲအသုံးပြုခဲ့သည်။ 

အထက်ပါအခြေအနေ အရပ်ရပ်အား ကန့်ကွက်သည့်ဒေသခံအချို့ကို ဖမ်းဆီး အရေးယူမှုများ ရှိခဲ့သဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်ခံနေရကြောင်း SSJAC က ထောက်ပြထားသည်။

MNDAA ကမူ သမိုင်းဝင်မြို့ရွာအမည်များကို အတင်းအကျပ် ပြောင်းလဲခြင်း မရှိဘဲ ၎င်းတို့ အုပ်ချုပ်ရေးဆိုင်ရာ အဆင်ပြေစေရန်အတွက်သာ အမည်တွဲခေါ်ခြင်းသာဖြစ်ကြောင်း တုံ့ပြန်ထားသည်။

ရှမ်းတိုင်းရင်းသားတို့၏ အမွေအနှစ်မြို့တော် သိန္နီမြို့သည် မူဆယ်၊ ချင်းရွှေဟော်နှင့် မန္တလေးမြို့တို့ကို ဆက်သွယ်ထားသည့် ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိပြီး စီးပွားရေးအရ အရေးပါသည့်မြို့ ဖြစ်သည်။

အဆိုပါသိန္နီမြို့နယ်အတွင်း တရုတ်လုပ်ငန်းရှင်များက  စီးပွားရေးလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်နေသည်။ ယင်းအပြင် ဒေသခံများ၏မြေယာများကို တရုတ်လုပ်ငန်းရှင်များက နှစ်ရှည်ငှားရမ်း၍ စိုက်ပျိုးရေးလုပ်ငန်းများနှင့် စက်ရုံ၊ အလုပ်ရုံများ ဖွင့်လှစ်လုပ်ကိုင်နေခြင်းကြောင့် မြေယာပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး စိန်ခေါ်မှုများ ရှိနေသည်။

ထို့ကြောင့် MNDAA ၏ မြေယာဥပဒေနှင့် အုပ်ချုပ်ရေးဥပဒေများသည် ဒေသခံများ၏ ဘိုးဘွားပိုင်မြေယာ ပိုင်ဆိုင်မှုအခွင့်အရေးများကို ပြောင်းလဲစေပြီး နိုင်ငံခြားသားများ မြေယာပိုင်ဆိုင်ခွင့် ရရှိရေး သွယ်ဝိုက်သောနည်းဖြင့် ဖြစ်ပေါ်စေသည်ဟု SSJAC က ထောက်ပြသည်။

MNDAA က ထိုကိစ္စကို တုံ့ပြန်ရာတွင် မြန်မာနိုင်ငံသားများနှင့် အထူးဒေသ (၁) မှတ်ပုံတင်ကိုင် ဆောင်ထားသူများ ကိုသာ မြေယာပိုင်ဆိုင်ခွင့် ပြုထားခြင်းဖြစ်သဖြင့် နိုင်ငံခြားသားများ မြေယာပိုင်ဆိုင်ခွင့်ရမည်ဆိုသည့် ပြောဆိုချက်မှာ မဟုတ်မှန်ကြောင်း ငြင်းဆိုသည်။

ဒေသခံများ၏ လွတ်လပ်စွာ ပြောဆိုခွင့်ကိုလည်း ဥပဒေဘောင်အတွင်းမှ ခွင့်ပြုထားကြောင်း MNDAA က ဆိုသည်။​

ထိုသို့ နှစ်ဖက်အကြား တင်းမာသည့် အပြန်အလှန် တုံ့ပြန်မှု၊ ထုတ်ပြန်မှုများကြောင့် ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများ တကျော့ပြန် ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

“နှစ်ဖက်လုံးက လျော့မယ့်အခြေအနေတော့ မတွေ့သေးဘူး။ တိုက်ပွဲ တွေပြန်ဖြစ်မလားပဲ ဒေသခံတွေက စိတ်ပူနေတာ”ဟု သိန္နီမြို့ခံ အမျိုးသား တစ်ဦးကလည်း ပြောသည်။

တိုင်းရင်းသားအရေးလေ့လာသူများကမူ ထိုအရေးနှင့်ပတ်သက်၍ ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသား အဖွဲ့များအကြား သေချာညှိနှိုင်းသင့်ကြောင်း ထောက်ပြကြသည်။

“ကိုးကန့်လူကြီးတွေကလည်း အောက်ခြေအထိ ဆင်းပြီးတော့ လူထုအသံကို နားထောင်သင့်တာပေါ့ဗျာ။ ရှမ်းအဖွဲ့တွေကလည်း လူထုကို ကိုယ်စားပြုထားတော့ လူထုက တိုင်မှာပဲ။ ရှမ်းအဖွဲ့ထဲမှာ SSPP လည်းပါတော့ လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေရော၊ ရှမ်းအရပ်ဘက်အဖွဲ့ခေါင်းဆောင်တွေရော သေချာဆွေးနွေးပြီး အဖြေရှာရမှာပေါ့။ မဟုတ်ရင် ဘေးကနေ လက်ခုပ်တီးမယ့်အဖွဲ့က စောင့်နေမှာပဲ” ဟု ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားအရေးလေ့လာသူ အမျိုးသားတစ်ဦးက ဆိုသည်။

လက်ရှိတွင် ရှမ်းမြောက်ကုန်သွယ်ရေးလမ်းအများစုကို MNDAA က ထိန်းချုပ်ထားပြီး တရုတ်နိုင်ငံနှင့် ကုန်သွယ်နေသော်လည်း ပြည်မသို့ တင်သွင်းခွင့်မရစေရန် စစ်တပ်က သီပေါမြို့အဝင်မှစတင်၍ ပိတ်ထားကာ တရားမဝင်ကုန်စည်များအဖြစ် ဖမ်းဆီးနေသည်။ 

MNDAA ၏ ထုတ်ပြန်ချက်။
MNDAA ၏ ထုတ်ပြန်ချက်။
MNDAA ၏ ထုတ်ပြန်ချက်။
MNDAA ၏ ထုတ်ပြန်ချက်။
MNDAA ၏ ထုတ်ပြန်ချက်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles