‘မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှား ဝက်ဘ်ဆိုက်’ ဟု ကြွေးကြော်သည့် iMyanmarHouse.com သည် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင် အီတလီအငွေ့အသက်ပါသော အိမ်ရာစီမံကိန်းအသစ်တခု စတင်နေပြီဟု ၎င်းတို့၏ အင်တာနက် စာမျက်နှာမှတဆင့် အများပြည်သူကိုကြေညာကာ ၂၀၂၃ ခုနှစ်တွင် အရောင်းမြှင့်တင်ပွဲများကြီးမှူးကျင်းပခဲ့သည်။
Tuscan Village Taunggyi ဟု အမည်ပေးထားပြီး ဧက ၆၀ နီးပါးကျယ်ဝန်းသည်ဆိုသည့် ထိုစီမံကိန်းတွင် အဆင့်မြင့်အပန်းဖြေဟိုတယ်၊ မြင်းစီးကွင်းနှင့် ရေပူ/ရေအေး ရေကူးကန်တို့လည်း ပါဝင်မည်ဟု iMyanmarHouse.com ၏ကြော်ငြာကဆိုသည်။ အဆိုပါစီမံကိန်းသည် ယုံကြည်စိတ်ချရပြီး ဂရန်ရရှိမည်ဖြစ်၍ ပိုင်ဆိုင်မှုခိုင်မာကြောင်း iMyanmarHouse.com ဘက်ကဆိုသည်။
သို့သော်စီမံကိန်းစတင်ပြီး သုံးနှစ်ကျော်ကြာသည်အထိ မြေပိုင်ဆိုင်မှုဂရန်အပါအဝင် ကြော်ငြာစဉ်က ထည့်သွင်းထားသည့် ကတိကဝတ်များ မရခဲ့ဟု ယင်းအိမ်ရာစီမံကိန်းကို ဝယ်ယူထားသူတို့ကဆိုသည်။
အမေရိကန်ဒေါ်လာသန်း ၃၀ တန်သည်ဟု စီမံကိန်းဦးဆောင်သူများဘက်က ထုတ်ပြောထားသည့် တောင်ကြီးမြို့ရှိ Tuscan Village Taunggyi အကြောင်း ပြီးခဲ့သည့် သီတင်းပတ်များအတွင်း Myanmar Now ကစုံစမ်းခဲ့ရာတွင် ယင်းစီမံကိန်းသည် မြေပိုင်ဆိုင်မှု အပါအဝင် အငြင်းပွားဖွယ် အခြေအနေများ ကြုံနေရသည်ကို တွေ့ရှိခဲ့ရသည်။
ထိုစီမံကိန်း၏ မြေကွက်များသည် မြေဂရန်မရှိသလို ထိုစီမံကိန်းကိုလည်း မည်သူတဦးတယောက်ကမျှ အိမ်ရာစီမံကိန်းအဖြစ် ခွင့်ပြုထားခြင်းမရှိသေးကြောင်း Tuscan Village Taunggyi ဘက်က Myanmar Now ၏မေးမြန်းမှုကို အကြောင်းပြန်ခဲ့သည်။

ရှမ်းရိုးမပေါ်က Tuscan Village Taunggyi အိမ်ရာစီမံကိန်း
အီတလီအငွေ့အသက်ပါသော အိမ်ရာစီမံကိန်းဟု iMyanmarHouse.comနှင့် စီမံကိန်းအကောင်အထည် ဖော်သည့် Green Stone Realty ကုမ္ပဏီတို့ကရည်ညွှန်းသည့် Tuscan Village Taunggyi သည် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၏ မြောက်ဘက် ၁၇ မိုင်အကွာ ဂျာမနီလမ်းမကြီးဘေး၊ ဖက်ကွန်ကျေးရွာအုပ်စု လင်းလေကျေးရွာအနီး၌တည်ရှိသည်။
ယင်းစီမံကိန်းသည် ခန့်မှန်းစျေးကွက်ပေါက်ဈေး အမေရိကန်ဒေါ်လာ သန်း ၃၀ ရှိသည်ဟု Green Stone Realty ကုမ္ပဏီ ဒါရိုက်တာဒေါ်မိုးသင်္ချေ၏ LinkedIn တွင်ရေးသားထားသည်။
ထိုစီမံကိန်းကို Green Stone Realty ကုမ္ပဏီဘက်က စစ်တပ်အာဏာသိမ်းပြီးတနှစ်ကျော်အကြာ ၂၀၂၂ ခုနှစ် ဧပြီလတွင် အများပြည်သူကို စတင်မိတ်ဆက်ခဲ့သည်။
Green Stone Realty သည် တောင်ကြီးမြို့တွင် Zawgyi Garden၊ Cafe Zawgyi နှင့် အောင်ပန်းမြို့တွင် Royal Zawgyi Garden Resort တို့ကိုလည်းလုပ်ကိုင်နေသည့် Royal Zawgyi Group of Companies ၏ လုပ်ငန်းခွဲဖြစ်သည်။
၎င်းတို့သည် တောင်ကြီးမြို့နှင့်အနီးဝန်းကျင်တွင် ဧက ၁၀၀ ကျော် ကျယ်ဝန်းသည်ဆိုသည့် Mount Aura ဇိမ်ခံအိမ်ရာစီမံကိန်း၊ Snow Village Taunggyi ၊ Pine Tree Hill ၊ Hill Top Avenue Villa စသည့် အိမ်ရာစီမံကိန်းတို့ကိုလည်း ဖော်ဆောင်နေသည်။
စီမံကိန်းစပြီး နောက်ထပ်တနှစ်ကျော်အကြာ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် Green Stone Realty နှင့် iMyanmarHouse.com တို့ပူးပေါင်းပြီး Tuscan Village Taunggyi အိမ်ရာကို အကြီးအကျယ်အရောင်းမြှင့်တင်ခဲ့ကြသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလနှင့် ဒီဇင်ဘာလတို့တွင် ရန်ကုန်မြို့ အင်းလျားကန်စောင်းရှိ Lotte ဟိုတယ်နှင့် မန္တလေးတောင်ခြေအနီးရှိ Mercure Hill ဟိုတယ်တို့တွင်ကျင်းပခဲ့သည့် အရောင်းမြှင့်တင်ပွဲများက ရှမ်းရိုးမတောင်တန်းများပေါ်၌ နေထိုင်လိုသည့် ဝယ်လက်တို့ကို အကြီးအကျယ်ဆွဲဆောင်နိုင်ခဲ့သည်။

iMyanmarHouse.com က ထိုစီမံကိန်းသည် ‘မြန်မာနိုင်ငံ၏ Facilities အများဆုံးနှင့် အကောင်းဆုံး စီမံကိန်းတစ်ခု’ ဟု ထည့်သွင်းကြေညာခဲ့ပြီး အိမ်ရာစီမံကိန်းထဲတွင် အဆင့်မြင့် အပန်းဖြေဟိုတယ်၊ မြင်းစီးကွင်းနှင့် ရေပူ/ရေအေး ရေကူးကန်တို့လည်း ပါဝင်မည်ဟုလည်းဆိုသည်။
စတုရန်းပေး ၂၅၀၀ မှ ၁၅၀၀၀ အကျယ်ရှိသည့် ထိုစီမံကိန်း မြေများအတွက် ဂရန်ရရှိမည်ဖြစ်ပြီး ပိုင်ဆိုင်မှုခိုင်မာကြောင်းလည်းဆိုသည်။
သို့သော် ၂၀၂၆ ခုနှစ် အောက်တိုဘာလအထိ မြေဂရန်မရသေးသလို စီမံကိန်းသည် မည်သည့်တိုးတက်မှုမျှ သိသိသာသာရှိမနေဟု Tuscan Village Taunggyi အိမ်ရာတွင် မြေကွက်ဝယ်ယူထားသူတို့က ဆိုသည်။ အဆိုပါစီမံကိန်းအတွင်းရှိ မြေကွက်များတန်ဖိုးသည် ကျပ်သိန်း ၃၅၀ မှ သိန်း ၁,၀၀၀ ကျော်အထိရှိသည်ဟု လည်း ၎င်းတို့ကဆိုသည်။
“နွေရာသီဆိုရင်တော့ ကွင်းပြင်ပေါ့။ မိုးဆိုရင်တော့ ချုံပုတ်ပေါ့။ ဆောင်းဆိုရင်လည်း ချုံပုတ်ပေါ့။ အဲ့ဒီလိုမျိုးတွေဖြစ်နေတာ”ဟု အမည်မဖော်လိုသူ အမျိုးသားတဦးက Myanmar Now ကို ပြောသည်။
iMyanmarHouse.com နှင့် ချိတ်ဆက်၍ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ရန်ကုန်မြို့ Lotte ဟိုတယ်တွင် ပြပွဲပြုလုပ်၍ စတင်ရောင်းချခဲ့ကြောင်း ကျပ်သိန်း ၈၀၀ နီးပါးတန်မြေကွက်ကို နှစ်နှစ် အရစ်ကျဖြင့် ဝယ်ယူခဲ့သည့် အထက်ပါ အမျိုးသားက ဆိုသည်။
Myanmar Now သည် အဆိုပါအမျိုးသားအပြင် Tuscan Village Taunggyi အိမ်ရာတွင် မြေကွက်ဝယ်ယူခဲ့သူ အခြားနှစ်ဦးနှင့်လည်းအဆက်အသွယ်ရခဲ့သည်။ ၎င်းတို့သည်လည်း ထိုအမျိုးသားနည်းတူ မြေပိုင်ဆိုင်ခွင့်အတွက် ဂရန်အပါအဝင် အခြားအာမခံချက်များ မရသေးဟုဆိုသည်။
အငြင်းပွားဖွယ်မြေအမျိုးအစားကြားက အိမ်ရာစီမံကိန်း
မြေဧက ၆၀ နီးပါးကျယ်သည့် Tuscan Village Taunggyi အိမ်ရာမြေနေရာသည် လူနေထိုင်ရန် သတ်မှတ်ထားသည့် မြေအမျိုးအစားဟုတ်၊ မဟုတ်ဆိုသည့် အခြေအနေတွင်လည်း အငြင်းပွားစရာဖြစ်နေသည်။
ယင်းစီမံကိန်း၏ မြေအမျိုးအစားအတွက် iMyanmarHouse.com၊ စီမံကိန်းအကောင်အထည်ဖော်သည့် Green Stone Realty ကုမ္ပဏီနှင့် Tuscan Village Taunggyi တို့၏ ပြောကြားချက်များတွင် ကွဲလွဲမှုအများအပြားရှိနေသည်။
၂၀၂၃ ခုနှစ်တွင် စီမံကိန်းတည်ရှိရာ မြေနေရာကို ‘ဘိုးဘွားပိုင်ရွာမြေ’ ဟု iMyanmarHouse.com နှင့် Tuscan Village Taunggyi တို့ဘက်က အများပြည်သူကိုကြေညာခဲ့သည်။ သို့သော်နှစ်နှစ်အကြာ ၂၀၂၅ ခုနှစ်တွင် ယင်းမြေများကို ‘ရိုးရိုးယာမြေ’ နှင့် ‘ရိုးရိုးမြေကွက်’ ဟု Tuscan Village Taunggyi ဘက်က ရည်ညွှန်းပြန်သည်။
Myanmar Now က ပြီးခဲ့သည့် သီတင်းပတ်အတွင်းက Tuscan Village Taunggyi ဘက်ထံဆက်သွယ် မေးမြန်းရာတွင် ယင်းမြေကွက်များသည် ‘ရွာ၏ဘိုးဘွားပိုင်အများမြေ’၊ ‘ယာမြေကွက်’ များဟု ဆိုပြန်သည်။

‘မြေဂရန်မျှော်လင့်ချက် စစ်ခေါင်းဆောင်ကြောင့်ပျက်’ ဟုဆို
အိမ်ရာစီမံကိန်းကို စတင်မိတ်ဆက်ချိန်၊ ၂၀၂၃ ခုနှစ်တွင် တနှစ်အတွင်းမြေဂရန်ရရှိနိုင်မည်၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမကုန်ခင် မြို့ဂရန်ရရှိမည်ဟု Tuscan Village Taunggyi ဘက်က အများပြည်သူကို အာမခံခဲ့သည်။ သို့သော် ၂၀၂၆ ခုနှစ် အောက်တိုဘာလလယ်အထိ ယင်းမြေနေရာမှ မြေတကွက်မျှ မြေဂရန်မရထားဟု Tuscan Village Taunggyi ဘက်က Myanmar Now ကိုပြန်လည်ဖြေကြားခဲ့သည်။

သတ်မှတ်ကာလကျော်လွန်ချိန်အထိ မြေကွက်နှင့် ဂရန်များမအပ်နိုင်သည့်အပြင် စီမံကိန်းအတွင်း ခြံခတ်ရန်ဟုဆိုကာ ငွေကြေးထပ်မံတောင်းခံခြင်းကြောင့် စီမံကိန်းအကောင်အထည်ဖော်သည့် Green Stone Realty ကုမ္ပဏီတာဝန်ရှိသူကို အမှုဖွင့်တရားစွဲဆိုမှုများပေါ်ပေါက်လာကြောင်း နောက်ထပ် အမည်မဖော်လိုသည့် မြေကွက်ဝယ်ယူထားသူ အမျိုးသမီးတဦးက ပြောသည်။
“ခွဲစိတ်ဂရန်ပေးရမယ့်အချိန်မှာ ပေးလည်းမပေးနိုင်ဘူး။ အပ်လည်းမအပ်နိုင်ဘူး။ ဂရန်လည်း သူတို့ကိုယ်တိုင်လည်းမကျဘူး။ သူတို့မှာလည်း ဂရန်ကြီးမကျဘူး။ သူတို့ဂရန်ကြီးကျမှ ကျွန်မတို့ကို ခွဲစိတ်ဂရန်ပေးလို့ရမှာ။ အဲ့ဒါလည်း ကျွန်မတို့ကို မအပ်နိုင်ဘူး” ဟု ၎င်းက ပြောသည်။
“ခွဲစိတ်ဂရန်မအပ်နိုင်တာက အဓိကအချက်၊ နောက်တခုက Ground (မြေပြင်) မှာ သူတို့ပြောထားတဲ့ Commitment (ကတိကဝတ်) ပေးထားတဲ့ Facility တွေကို သူတို့ဘာမှမလုပ်နိုင်တာ။ ၁၂ ချက်လားမသိဘူးပါတယ်။ ရေပူရေအေး၊ ရေကူးကန်တို့၊ မြင်းစီးကွင်းတို့ အချက်တွေအများကြီးပဲ။ အဲဒါကို သူတို့ ဘာမှမလုပ်ပေးနိုင်ဘူး” ဟု ၎င်းက ပြောသည်။
Tuscan Village Taunggyi ဘက်ကမူ မြေဂရန်မရသည်က အာဏာသိမ်းစစ်ခေါင်းဆောင်မှ သမ္မတရာထူး ရယူခဲ့သူ ဦးမင်းအောင်လှိုင်ကြောင့်ဟု အကြောင်းပြသည်။ တောင်ကြီးမြို့တွင် မြေဂရန် မထုတ်ပေးရန် ဦးမင်းအောင်လှိုင်က ရပ်နားခိုင်းသဖြင့် ဂရန်မပေးနိုင်ဟု Myanmar Now ၏ ဆက်သွယ်မေးမြန်းမှုကို Tuscan Village Taunggyi ဘက်ကအကြောင်းပြန်သည်။
အငြင်းပွားဖွယ်စီမံကိန်းအကြောင်း Myanmar Now က စစ်အုပ်စု၏ ရှမ်းပြည်နယ်အစိုးရနှင့် စီမံကိန်းအကောင်အထည်ဖော်သည့် Green Stone Realty ကုမ္ပဏီတို့ထံ ဆက်သွယ်မေးမြန်းသော်လည်း အကြောင်းပြန်ကြားခြင်းမရှိပါ။
iMyanmarHouse.com ကမူ ကုမ္ပဏီနှစ်ခုအကြား သဘောတူညီချက်များကို သတင်းဌာနများထံ ပြောကြားရန်မရှိဟုအကြောင်းပြန်ပြီး စီမံကိန်းအကြောင်း အသေးစိတ်ဖြေကြားရန် ငြင်းဆန်ခဲ့သည်။ ယင်းစီမံကိန်းအကြောင်း Myanmar Now ကစုံစမ်းသတင်းရေးသားနေကြောင်း အသိပေးခဲ့ပြီးနောက် အောက်တိုဘာလ ၂၂ ရက်ညပိုင်းတွင် Tuscan Village Taunggyi နှင့်ပတ်သက်သည့် ကြော်ငြာများကို iMyanmarHouse.com က ၎င်းတို့ဝက်ဘ်ဆိုဒ်မှ ဖယ်ရှားခဲ့သည်။
စီမံကိန်းအကောင်အထည်ဖော်သူများဘက်က စီမံကိန်းတည်နေရာ၏ မြေအမျိုးအစားအကြောင်း ကွဲလွဲမှုအမျိုးမျိုးပြောခဲ့သော်လည်း ထိုမြေနေရာကို အိမ်ရာစီမံကိန်းအဖြစ် မည်သူကမျှ ခွင့်ပြုချက် မပေးထားဟု Tuscan Village Taunggyi ဘက်က Myanmar Now ၏မေးမြန်းမှုကို အကြောင်းပြန်ခဲ့သည်။ စီမံကိန်းအတွက် စစ်အုပ်စု၏ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ ခွင့်ပြုချက်လျှောက်ထားဆဲ အဆင့်သာရှိသေးကြောင်း Tuscan Village Taunggyi ဘက်ကဆိုသည်။

သို့သော်လည်း မြေကွက်ပေါင်း ၅၀၀ ကျော်ရှိသည့် ယင်းမြေနေရာကို အိမ်ရာစီမံကိန်းအမည်တပ်၍ အများပြည်သူထံ မြေကွက် ၄၀၀ ကျော်ရောင်းချထားပြီးဖြစ်ကြောင်း ၂၀၂၄ ခုနှစ် အတွင်းက Tuscan Village Taunggyi ဘက်က ထုတ်ပြန်သည့် အရောင်းမြှင့်တင်ရေးကြော်ငြာတခုတွင် ဖော်ပြထားသည်။
ရှမ်းရိုးမတောင်တန်းများပေါ်ရှိ Tuscan Village Taunggyi ၌မြေဝယ်ထားသူများအတွက်မူ ရှေ့မတိုးနိုင်၊ နောက်မဆုတ်နိုင်သည့် အခြေအနေနှင့်ရင်ဆိုင်နေကြရသည်။ ယင်စီမံကိန်းတွင် မြေကွက်ဝယ်ယူထားသည့် အမျိုးသမီးတဦးက အောက်ပါအတိုင်း ညည်းတွားသည်။
“နာမည်ရှိတွေကို အသုံးချပြီး ချုံပုတ်ကို အိမ်ရာဆိုပြီး လိမ်ရောင်းချသွားတာ”
‘အခုတော့ သူ့(iMyanmarHouse.com) ဆောင်ပုဒ်ဖြစ်တဲ့ “မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်စေရမည်” ဆိုတာက ကျွန်မတို့အတွက်တော့ နောင်ထပ်ပြန်မဝယ်နိုင်တော့တဲ့ အဖြစ်ကိုရောက်ရှိသွားပါပြီ’



