Connect with us
close

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

“စစ်အုပ်စု ရင်ဝကိုထိမှန်​သော မြား”

အ​မေရီကန် ဘဏ္ဍာ​ရေးဝန်ကြီးဌာနက စစ်အုပ်စုထိန်းချုပ်ထားသည့် နိုင်ငံတော်ပိုင်ဘဏ်နှစ်ခုဖြစ်​သော မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)နှင့် မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)တို့ကို ဇွန် ၂၁ရက်က ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ခြင်းဖြစ်သည်။

MFTB
MFTB

စောနွေဦး/People’s Spring

အ​မေရီကန်အစိုးရက စစ်အုပ်စုရင်ဝကိုထိမှန်စေသည့် မြှားတစ်စင်းကို ဇွန် ၂၁ ရက်က ပစ်လွှတ်လိုက်သည်။စစ်​​ကောင်စီကအာဏာသိမ်းပြီး ၂ နှစ်ခွဲနီးပါးအကြာတွင်အ​ရေးယူလိုက်​သောအ​မေရီကန် အစိုးရ၏ ယခုအကြိမ် ဒဏ်ခတ်ပိတ်ဆို့မှုက ဘာ​ကြောင့် စစ်အုပ်စုကို အထိပိုနာ​စေတာပါလဲ ။ ဤ အ​ကြောင်းကို ယခု​ဆောင်းပါးတွင် ​ဆွေး​နွေးလိုပါသည်။

အ​မေရီကန် ဘဏ္ဍာ​ရေးဝန်ကြီးဌာနက စစ်အုပ်စုထိန်းချုပ်ထားသည့် နိုင်ငံတော်ပိုင်ဘဏ်နှစ်ခုဖြစ်​သော မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)နှင့် မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)တို့ကို ဇွန် ၂၁ရက်က ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ခြင်းဖြစ်သည်။

ရန်ကုန်မြို့အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက“ပို့ကုန်/သွင်းကုန်ကော၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုအတွက်ကော ဒေါ်လာစီးဆင်းဖို့ ခက်ခဲသွားစေတယ်။ စစ်အုပ်စုကပြာယာခတ်သွားတာပေါ့။ဘာလို့လဲဆိုတော့ ဒီဘဏ်တွေကနေ ပြည်တွင်းကနေ ပြည်ပကိုဖြစ်ဖြစ်၊ ပြည်ပကနေပြည်တွင်းကိုဖြစ်ဖြစ် ဒေါ်လာစီးဆင်းမှုကို ထိန်းချုပ်ထားတာကိုး ”ဟု သုံးသပ်သည်။

အဆိုပါဘဏ်နှစ်ခုသည် ပြည်ပသွင်းကုန်၊ ပို့ကုန်များနှင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများအတွက် ငွေကြေးပေးချေခြင်း၊ငွေလက်ခံခြင်းနှင့် ကျပ်ငွေပြောင်းလဲခြင်းတို့အတွက် ပင်မဂိတ်ပေါက်များပင်ဖြစ်သည်။

MICB
MICB

ထိုဘဏ်များ ဒဏ်ခတ်အရေးယူခံရခြင်းကြောင့်စစ်ကောင်စီအတွက် သက်ရောက်မှုပမာဏကြီးမားလွန်းသည့်အတွက် စစ်​အုပ်စု ရုပ်ပျက် ဆင်းပျက်ဖြစ်​နေခြင်းဖြစ်​ကြောင်းလုပ်ငန်းရှင်နှင့် စီးပွားရေးပညာရှင်များကပြောသည်။

နိုင်ငံတကာဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည်ရေးအဖွဲ့(Financial Action Task Force- FATF)က ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံကို အမည်ပျက်စာရင်းပြန်လည်ထည့်သွင်းပြီးနောက် နိုင်ငံတကာနှင့် ​ငွေ​ပေး၊ ​ငွေယူလုပ်ရာတွင် ပိုခက်ခဲလာ​သော စစ်​ကောင်စီအတွက် အ​မေရီကန် အစိုးရ အ​ရေးယူဒဏ်ခတ်မှုက စစ်ကောင်စီအတွက် အကြပ်ဆိုက်​စေခဲ့သည်။

“စစ်အုပ်စုအတွက် နိုင်ငံတကာကို ငွေပေးချေတာတွေ အားလုံးခက်ခဲသွားစေတယ်”ဟု လုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်​ကောင်စီအတွက် နိုင်ငံရပ်ခြားမှ စစ်လက်နက်ပစ္စည်း​များဝယ်ယူရာမှာ နိုင်ငံခြားငွေကြေးသုံးစွဲမှုအဆင်ပြေချောမွေ့စေရန် MFTB နှင့် MICB တို့ကအဓိကလုပ်​ပေး​နေခြင်းဖြစ်သည်။ထို့အပြင် အဆိုပါဘဏ်​ ၂ ဘဏ်က ၎င်းတို့၏ နိုင်ငံခြားဘဏ်စာရင်း​များကိုအသုံးပြု၍ စစ်အုပ်စုထိန်းချုပ်ထား​သော နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်း​များကို နိုင်ငံတကာဈေးကွက်နှင့် အလွယ်တကူချိတ်ဆက်ပေး​နေခဲ့သည်။ ။ထို့ကြောင့် စစ်ရေးကိစ္စရပ်​များအတွက် စစ်​ကောင်စီကခေါင်းပုံဖြတ်အမြတ်ထုတ်နိုင်မည့် ငွေကြေးအရင်းအမြစ်အမြောက်အများကို ပံ့ပိုးပေး​နေခဲ့ခြင်းဖြစ်​ကြောင်းအ​မေရီကန်အစိုးရကထုတ်ပြန်သည်။

MFTB
MFTB

ထိုကြောင့် ရုရှားကာကွယ်ရေးကဏ္ဍသို့ ခိုင်မာ​သောငွေကြေး လွှဲပြောင်းပေးနိုင်မှုကို ထိန်းချုပ်ကန့်သတ်ရန် ၊စစ်​ကောင်စီကအကြမ်းဖက်မှု​များကို တိုးမလုပ်နိုင်ရန် နှင့် နိုင်ငံတကာ ဘဏ္ဍာရေးစနစ်မှတဆင့် အမြတ်ထုတ်နိုင်မှုကို ကန့်သတ်ရန်အတွက်အ​ရေးယူဒဏ်ခတ်ခြင်းဖြစ်​ကြောင်းအ​မေရီကန်နိုင်ငံခြား​ရေးဝန်ကြီးဌာနကထုတ်ပြန်ရှင်းလင်းသည်။

စစ်​ကောင်စီက ၂၀၂၁ ​ဖေ​ဖော်ဝါရီလမှ ၂၀၂၂ နှစ်ကုန်အထိ့ ၂ နှစ်ခန့်အတွင်း ပြည်ပနိုင်ငံများမှာ ​​ဒေါ်လာ ၁ ဘီလီယံ​ကျော်ဖိုး လက်နက်ခဲယမ်းများဝယ်ယူခဲ့သည်။​ရုရှားနိုင်ငံမှ ​ဒေါ်လာ သန်း ၄၀၀ ​ကျော်ဖိုးဝယ်ယူခဲ့ပြီးအများဆုံးဖြစ်သည်။ယခု အ​မေရီကန် အစိုးရ၏ အ​ရေးယူပိတ်ဆိုမှု​ကြောင့် စစ်​ကောင်စီအတွက် ​လက်နက်ဝယ်ယူရန် ခက်ခဲသွားမည်ဖြစ်သည်။

MFTBဘဏ်သည် နိုင်ငံတကာဘဏ်များနှင့် ချိတ်ဆက်ထားသည့် ကွန်ယက်ကြီးသည့် ဘဏ်တစ်ခုဖြစ်ကာ မြန်မာနိုင်ငံအတွက် နိုင်ငံတကာငွေပေးချေမှုနှင့် အစိုးရငွေပေးချေမှုများကိုဆောင်ရွက်ရသည့် အဓိကပင်မဘဏ်ကြီးတစ်ခုဖြစ်သည်ဟု ဆိုသည်။ ယင်းဘဏ်သည် ပြည်တွင်းသို့ စက်သုံးဆီ၊ စားအုန်းဆီ၊ ဆေးဝါးများတင်သွင်းခြင်းနှင့် ပြည်ပပို့ကုန်ဖြစ်သည့် ဆန်၊ ရေထွက်ပစ္စည်း၊ အထည်ချုပ်စသည့် ကုန်သွယ်မှုအားလုံးကို ထိန်းချုပ်ထားသည့် ဘဏ်ဖြစ်သည်။

MICBဘဏ်သည်လည်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများသည်ငွေစာရင်းဖွင့်ပြီး ကျပ်ငွေပြောင်းလဲရာတွင် အရေးပါသည့် ဘဏ်တစ်ခုဖြစ်သည်ဟုစီးပွားရေးလုပ်ငန်းရှင်များကပြောသည်။

“နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေက ဒီဘဏ်မှာ ငွေစာရင်းဖွင့်ပြီး လုပ်ငန်းလည်ပတ်ကြတာ”ဟု ရင်းနှီးမြှပ်နှံမှုဆိုင်ရာ အကြံပေးကုမ္ပဏီတစ်ခု မန်နေးဂျင်း ဒါရိုက်တာတစ်ဦးကပြောသည်။

အရေးယူမှုကြောင့် အကျပ်အတည်းဆိုက်သွားသည့် စစ်ကောင်စီမှာ မချိတင်ကဲ့တုန့်ပြန်မှုအနေဖြင့် အမေရိကန်နိုင်ငံကို ဝေဖန်အပြစ်တင်လိုက်သည်။ နိုင်ငံ​ရေးနှင့် စီးပွား​ရေးအကြပ်ဆိုက်​​အောင်ပြုလုပ်မှုဟု စစ်​ကောင်စီ ​ပြောခွင့်ရပုဂ္ဂိုလ်​ဗိုလ်ချုပ်​ဇော်မင်းထွန်းက​ပြောသည်။ ထိုအပြင် MFTB နှင့် MICB ဘဏ်တို့မှာ အ​မေရိကန် ဘဏ်များတွင် ​ငွေစာရင်းမဖွင့်ထား၍ ဆုံးရှုံးမှု မရှိဟု အ​ကြောင်းပြသည်။

အ​မေရီကန်အစိုးရက အ​ရေးယူဒဏ်ခတ်ထားတဲ့ စစ်​ကောင်စီနဲ့အ​ပေါင်းအပါများစာရင်း
အ​မေရီကန်အစိုးရက အ​ရေးယူဒဏ်ခတ်ထားတဲ့ စစ်​ကောင်စီနဲ့အ​ပေါင်းအပါများစာရင်း

“အမေရိကန်နဲ့ ဒီဘဏ်နှစ်ခုက ကုန်သွယ်မှုမလုပ်ဘူး။ ဘဏ်စာရင်းဖွင့်မထားဘူးဆိုတိုင်း မထိခိုက်တာမဟုတ်ဘူး။ အခုက ဘဏ်တွေရဲ့ Swift Code (နိုင်ငံတကာငွေကြေးလွှဲပြောင်းရာတွင် အသုံးပြုသည့် ဘဏ်ကုတ်နံပတ်)ကို ဒေါ်လာစီးဝင်လို့မရအောင် လုပ်လိုက်တာ။ ဒီပိတ်ဆို့မှုက ရုရှားလို့နိုင်ငံကြီးတောင် တော်တော်ခံနေရာတာ။ ဒါကို စီးပွားရေးပိတ်ဆို့တာ မမှုဘူးဆိုတာ ကလေးတွေကိုပဲ ညာလို့ရမယ်။”ဟု ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်တစ်ဦးကမှတ်ချက်ပေးသည်။

အ​မေရီကန်အစိုးရက အ​ရေးယူဒဏ်ခတ်ထားတဲ့ စစ်​ကောင်စီနဲ့အ​ပေါင်းအပါများစာရင်း
အ​မေရီကန်အစိုးရက အ​ရေးယူဒဏ်ခတ်ထားတဲ့ စစ်​ကောင်စီနဲ့အ​ပေါင်းအပါများစာရင်း

အမေရိကန်အစိုးရကမြန်မာဘဏ်နှစ်ခုအပေါ် အရေးယူပိတ်ဆို့လိုက်ခြင်း​ကြောင့် ထိုင်းနိုင်ငံစီးပွားရေးကိုပင် တစ်နှစ်လျှင် ဘတ်ငွေ ၁၅၀ ဘီလီယံ (ကျပ် ၁၂၉၇၅ ဘီလီယံ )အထိ ထိခိုက်နိုင်ပြီး အာဆီယံနိုင်ငံ​များအားလုံးအတွက်ဆိုပါကတစ်နှစ်လျင် ဘတ်​ငွေ ၁ ထရီလီယံ (ကျပ်​ ၈၆ ထရီလီယံ)အထိ ထိခိုက်နိုင်​ကြောင်း ထိုင်းမီဒီယာ​များကဖော်ပြ​သည်။

အ​မေရီကန်အစိုးရက အ​ရေးယူဒဏ်ခတ်ထားတဲ့ စစ်​ကောင်စီနဲ့အ​ပေါင်းအပါများစာရင်း
အ​မေရီကန်အစိုးရက အ​ရေးယူဒဏ်ခတ်ထားတဲ့ စစ်​ကောင်စီနဲ့အ​ပေါင်းအပါများစာရင်း

စစ်​ကောင်စီအတွက်လည်းထိချက်ပြင်းသဖြင့် ယခင် အ​မေရီကန် ဒဏ်ခပ်ပိတ်ဆို့မှုများထက်ယခုအကြိမ်တွင် အသံကျယ်ကျယ်​လောင်​လောင်ထွက်လာသည်။ အ​မေရီကန်အစိုးရက စစ်အုပ်စုအာဏာသိမ်းပြီး​နောက် ၂ နှစ်ခွဲ အတွင်းလူပုဂ္ဂိုလ် ၈၂ ဦးနှင့် အဖွဲ့အစည်း ၄၀ ​ကျော်ကို အ​​ရေးယူ ဒဏ်ခတ်ခဲ့သည်။

အမေရိကန်၏ ပိတ်ဆို့မှု အကျိုးဆက်အနေဖြင့် ဒေါ်လာဈေး၊ရွှေဈေးမှာ ဈေးကွက်ပိတ်ထားရသည် အထိ ရက်ပိုင်းအတွင်းခြင်း မြင့်တက်ခဲ့သည်။

စစ်ကောင်စီဗဟိုဘဏ်ကနိုင်ငံခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုကိုထိုဘဏ်နှစ်ခုတည်းကဆောင်ရွက်နေခြင်းမဟုတ်ဘဲပြည်တွင်းပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြားဘဏ်များ၏ဘဏ်ခွဲများမှလည်းဆောင်ရွက်ပေးနေသည်ဟုထုတ်ပြန်သည်။

ထိုအပြင် အမေရိကန်နိုင်ငံကဒဏ်ခတ်ပိတ်ဆို့သည့်နေမှာပင် ပုဂ္ဂလိကဘဏ်များတွင် ဒေါ်လာရောင်းဝယ်ရာ၌ စစ်ကောင်စီဗဟိုဘဏ်ထံ တင်ပြခွင့်ပြုချက်ယူပြီးမှသာရောင်းချရမည်ဟု စစ်ကောင်စီကထိန်းချုပ်ခဲ့ပြန်သည်။ ပို့ကုန်လုပ်ငန်း​များသည် ပို့ကုန်ရ​ငွေများထဲမှ ဒေါ်လာ​ ၆၅ ရာခိုင်နှုန်းကို ၁ ​ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် စစ်​ကောင်စီကိုမဖြစ်မ​နေ​ရောင်းရသည်။ ကျန် ၃၅ ရာခိုင်နှုန်းကို စစ်​ကောင်စီ ​ငွေလဲလုပ်ငန်းလိုင်စင်ရှိ​သော ဘဏ်​၊ငွေလဲ​ကောင်များထံတွင် လဲလှယ်ရ​နေရာမှ ဇွန် ၂၁ ရက်ထုတ်ပြန်ချက်​ကြောင့် ကျန် ၃၅ ရာခိုင်နှုန်း​ရောင်းဝယ်မှုကိုပါထိန်းချုပ်ခံလိုက်ရခြင်းဖြစ်သည်။ ထိုအပြင် ​ဒေါ်လာ​ရောင်းသူ အားလုံး၏အချက်အလက်များကို​တောင်းခံ​စေပြီး ​​အ​ရောင်း၊အဝယ်ဆုံးဖြတ်ချက်ကိုလည်း စစ်​ကောင်စီ၏ ဗဟိုဘဏ်ကသာချခြင်းဖြစ်သည်။

အ​မေရီကန်အစိုးရ၏ ယခုဒဏ်ခတ်ပိတ်ဆို့မှုကြောင့် ပို့ကုန်၊သွင်းကုန်လုပ်ငန်းများထိခိုက်လာနိုင်ပြီး နိုင်ငံအတွင်း ဒေါ်လာဝင်ရောက်မှုပိုမိုနည်းပါးသွားမည်ဟုစီးပွားရေးလုပ်ငန်းရှင်များကသုံးသပ်သည်။

“ဒီဘဏ်တွေရှိနေတော့တိုက်ရိုက်လွှဲလို့ရတယ်။ ကမ္ဘာ့နိုင်ငံအနှံမှ ဘဏ်အကောင့်အချင်းချင်းလွှဲပေးလို့ရတယ်။ အခု ပိတ်ခံလိုက်ရလို့ မရတော့ရင် စင်ကာပူနိုင်ငံမျိုးက တဆင့်လွှဲရတော့မယ်”ဟုပို့ကုန်လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပေးသည်။

ထိုအပြင် နိုင်ငံတကာအကူအညီများနှင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများကိုလည်း ထိခိုက်နိုင်သည်ဟုဆိုသည်။ အထိနာဆုံးမှာစစ်​ကောင်စီ ဖြစ်ပြီးလက်နက်ခဲယမ်းနှင့် ​လေယာဥ်ဆီဝယ်ယူရာတွင် ငွေပေးချေရန် အခက်အခဲကြုံ​တော့မည်ဖြစ်သည်။ ။

လတ်တ​လောတွင်စစ်တပ်ပိုင်စီးပွားရေးဌာန ၁၀၆ခုနှင့် စစ်တပ်နှင့်ဆက်စပ်သည့် လုပ်ငန်း ၂၇ခုရှိသည်။ ၎င်းတို့ထဲတွင် MFTB, MICBဘဏ်၊ မြန်မာ့စီးပွားရေးဘဏ် (MEB)နှင့်လယ်ယာဖွံဖြိုးရေးဘဏ်(MADB)တို့ပါဝင်သည်။ထိုဘဏ်များကို ပစ်မှတ်ထားအရေးယူဒဏ်ခတိနိုင်လျှင် စစ်ကောင်စီအတွက် တစ်နှစ်လျှင် ဒေါ်လာ ၂ ဘီလီယံခန့်အထိ ဝင်​ငွေလျော့သွားနိုင်သည်ဟု နိုင်ငံအတွင်းရှိ စီးပွားရေးပညာရှင်များပါဝင်သည့် Independent Economists For Myanmar-IEMက ထုတ်ပြန်သည့် အစီရင်ခံစာတွင်ဖော်ပြထားသည်။

MFTB နှင့် MICB ဘဏ်တို့ကို ဒဏ်ခတ်ပိတ်ဆို့လျှင် သဘာဝဓာတ်ငွေ့၊ သတ္တုနှင့်ကျောက်မျက်ရတနာတူးဖော်ရေး၊ သစ်တော၊ သင်္ဘောလိုင်းနှင့် လေကြောင်းလိုင်းများမှ ရရှိသည့် ဝင်ငွေများ ထိခိုက်နိုင်သည်ဟု အဆိုပါအစီရင်ခံစာကတွက်ချက်ပြထားသည်။

“ဒီဘက်တွေဟာ စစ်အုပ်စုရဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေကို ပံ့ပိုးပေးနေပြီး စစ်ရာဇဝတ်ဂိုဏ်းစီးပွားရေးကွန်ရက်တွေရဲ့ အဓိက ဆုံမှတ်တွေဖြစ်ပါတယ်”ဟု Jusctice For Myanmarကထုတ်ပြန်သည်။

လက်ရှိပိတ်ဆို့မှုများကို ကြိုဆိုကြသော်လည်း စစ်အုပ်စုအတွက် နိုင်ငံခြားငွေအကြီးမားဆုံးရနေသည့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ကို ပိတ်ဆို့အရေးယူမှုတွေများ အမြန်ချမှတ်ရန်လည်း JFM ၊Blood Money အပါအဝင် ​တော်လှန်​ရေးအင်အားစုများကဆက်လက်တောင်းဆိုသည်။

“ဒီဘဏ်နှစ်ခုကို အရေးယူပိတ်ဆို့တာကလူမိုက်ဂိုဏ်းဆန်နေတဲ့ စစ်အုပ်စုအတွက် အချက်ပေးခေါင်းလောင်းသံပဲ။ သူတို့အားကိုးနေရတဲ့ သဘာဝဓာတ်ငွေ့ ဝင်ငွေတွေကိုလည်း ပိတ်ဖို့ MOGEကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေရလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကမှတ်ချက်ပေးသည်။

စစ်​ကောင်စီမှာသဘာဝဓါတ်​ငွေ့များကို​ရောင်းချပြီး ​ဒေါ်လာနှင့်နိုင်ငံခြား​ငွေအဓိကရ​နေခြင်းဖြစ်၍ MOGEကိုသာ ဒဏ်ခတ်ပိတ်ဆို့လိုက်သည်နှင့် မြန်မာပြည်တွင် စစ်အာဏာရှင်စနစ်နိဂုံးကို လက်ချိုးရေတွက်၍ စောင့်ကြည့်ရန်သာလိုတော့သည်ဟု အထက်ပါလုပ်ငန်းရှင်ကဆက်​ပြောသည်။

ယခုပိတ်ဆိုအ​ရေးယူမှု​ကြောင့် သွင်းကုန်များရှားပါး​ဈေးတက်မည်ဖြစ်သလို စက်သုံးဆီ​ဈေးလည်း​ဈေးကြီးလာမည်ဖြစ်သည်။စက်သုံးဆီ​ဈေးတက်သည်နှင့် ကုန်​ဈေးနှုန်းများလည်းအနည်းနှင့်အများလိုက်ပါ​ဈေးတက်လာမည်ဖြစ်သည်။ထို​ကြောင့် ပြည်သူများအ​ပေါ်တွင်လည်း အနည်းနှင့်အများသက်​ရောက်မှု​တော့ရှိလာမည်ဟုလုပ်ငန်းရှင်များက​ပြောသည်။

“ပြည်သူတွေတော့ အနည်းနဲ့အများတော့ ဒုက္ခရောက်မှာ​ပေါ့ ။ဒါပေ့မယ် စစ်အုပ်စုအတွက် ဒေါ်လာ မစီးဆင်းတော့လို့ ပြည်သူတွေကို ဗုံးကျဲမယ့် လေယာဉ်ဆီတွေဝယ်မရမှာ၊ စစ်လက်နက်ဖိုးမရမှာ အဓိကပါပဲ။ ပြည်သူတွေ ၂ နှစ်ကျော်တောင် ဒုက္ခခံပြီး ကျော်ဖြတ်ပြီးသွား ဒီတစ်ခါလည်းဖြတ်ကျော်နိုင်ကြမှာပါ။ သန်းခေါင်ထက်တော့ ညဉ့်မနက်တော့ပါဘူး”ဟု ရန်ကုန်မြို့ခံတစ်ဦးကပြောပါသည်။