Connect with us
close

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

“ဘက်​ပေါင်းစုံအကြပ်ဆိုက်ချိန် စစ်​ကောင်စီသုံးလာတဲ့ ကစားကွက်​ဟောင်း”

ယခုအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ယခင်အာဏာသိမ်းစစ်ဗိုလ်ချုပ်များနှင့် မတူညီစွာ လူထုခေါင်းဆောင်အပေါ် အငြှိုးတကြီး အမှုဆင်ကာ နှစ်ရှည်​ထောင်ဒဏ်ချခဲ့သော်လည်း ​နောက်ဆုံးတွင် ယခင်စစ်အာဏာရှင်များကဲ့သို့ပင် နည်းလမ်း​ဟောင်း ပြန်သုံးလာသည်။

(၂၀၁၆ ဧပြီလ က နိုင်ငံ​တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​​အောင်ဆန်းစုကြည်နှင့် တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်တို့ကို ​တွေ့ခဲ့ရစဥ်။ဓါတ်ပုံ-Pool Photo)
(၂၀၁၆ ဧပြီလ က နိုင်ငံ​တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​​အောင်ဆန်းစုကြည်နှင့် တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်တို့ကို ​တွေ့ခဲ့ရစဥ်။ဓါတ်ပုံ-Pool Photo)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် ၅၄ နေအိမ် ဝင်ဝင်ချင်းတွင် အထင်အရှားမြင်တွေ့နိုင်သော စာသားရှိပါသည်။

“လူထုနဲ့ တိုင်းပြည်ရဲ့မျက်နှာကိုထောက်ပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ကြ”သူမ၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း မိန့်မှာကြားချက်ကို အမြဲအမှတ်ရနေစေရန် ဖြစ်သည်ဟု နားလည်ရသည်။ အဆိုပါ ခြံအမှတ် ၅၄ နေအိမ်နှင့် အိမ်ရှင်တို့နှစ်အတန်ကြာ ဝေးကွာနေခဲ့ရသည်။ စစ်တပ်၏ တကျော့ပြန်အာဏာ သိမ်းခေါင်းဆောင်က အသက် ၇၈ နှစ်အရွယ် လူထုခေါင်းဆောင်ကို ယခင်အာဏာရှင်များကဲ့သို့ နေအိမ်အကျယ်ချုပ်မထားဘဲ နေပြည်တော်ရှိ အကျဥ်းထောင်အတွင်းသို့ ပို့ပစ်ခဲ့သည်။

ယခုအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ယခင်အာဏာသိမ်းစစ်ဗိုလ်ချုပ်များနှင့် မတူညီစွာ လူထုခေါင်းဆောင်အပေါ် အငြှိုးတကြီး အမှုဆင်ကာ နှစ်ရှည်​ထောင်ဒဏ်ချခဲ့သော်လည်း ​နောက်ဆုံးတွင် ယခင်စစ်အာဏာရှင်များကဲ့သို့ပင် နည်းလမ်း​ဟောင်း ပြန်သုံးလာသည်။

မြန်မာပြည်သူလူထု၏ အားပေးထောက်ခံ၊ ချစ်ခင်စာနာမှုကို ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ အသုံးချထုတ်သုံးလာခြင်းဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို မကြာခင်သက်တမ်းကုန်ဆုံးတော့မည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ပေးတွေ့ကာ အာဆီယံအပါအဝင် နိုင်ငံတကာနှင့် ပြည်တွင်းကို လှည့်ဖျားရန် ကြိုးပမ်းခဲ့သည်။

ယခုရက်ပိုင်းတွင်လည်း အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဥ်းထောင်အတွင်း၌ မထားရှိတော့ဘဲ ပြင်ပတစ်နေရာသို့ ပို့လိုက်ပြီဆို​သောသတင်းများကျယ်ပြန့်စွာထွက်ပေါ်နေသည်။ သို့သော် ပြည်သူလူထု၏ ထောက်ခံမှု အပြည့်အဝရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းထောင်အတွင်းမှ နေပြည်တော် တစ်နေရာရာတွင် ထားရှိခြင်း (သို့မဟုတ်) ရန်ကုန်မြို့ရှိ သူမ၏ နေအိမ်၌ အကျယ်ချုပ်ထားရှိခြင်း စသည်တို့နှင့်ပတ်သက်၍ သူမကို အဓမ္မဖမ်းဆီးချုပ်နှောင်ထားသည့် စစ်ကောင်စီက တိတိပပအသိပေး ထုတ်ပြန်ခြင်းမရှိသေးပေ။ ပြည်သူလူထုအကြား သို့လော…သို့လော ဖြစ်စေမည့် အခြေအနေကိုသာ ဖန်တီးထားသည်။

ထိုအပြင် နိုင်ငံတစ်ဝန်းခုခံ​တော်လှန် စစ်ပွဲများ အရှိန်အဟုန်​ကောင်း​နေပြီး စစ်​ကောင်စီတပ်အထိနာ​နေချိန်တွင် ​မတရားဖမ်းဆီးကာ နှစ်ရှည်​ထောင်ဒဏ်ချထား​သော ​ဒေါ်​အောင်ဆန်းစုကြည်ကို စစ်​ကောင်စီကအသုံးချ၍ နိုင်ငံ​ရေးကစားလာခြင်းဖြစ်သည်။ စစ်အာဏာရှင်များအစဥ်အဆက်အသုံးပြုခဲ့​သောနည်းအတိုင်း ​သူမကို ဖမ်းဆီးလိုက် ၎င်းတို့ ဖိအားများလာချိန်တွင်အ​နည်းငယ်အ​လျှော့​ပေးလိုက်ဖြင့်ဓါးစာခံနိုင်ငံ​ရေး ကိုပင်ကျင့်သုံးလာခြင်းဖြစ်သည်။ ​နွေဦး​တော်လှန်​ရေးမှာ ယခင်ရှိခဲ့​သော ဒီမိုက​ရေစီတိုက်ပွဲ ၊လူထုတိုက်ပွဲအားလုံးထက် အရှိန်အဟုန်နှင့် လူထုပါဝင်မှု ပိုမိုကြီးမားသဖြင့် စစ်အုပ်စုက အကြပ်​တွေ့လာ​ပါက တစ်ချိန်မဟုတ် တစ်ချိန်ချိန်တွင် ​ဒေါ်​အောင်ဆန်းစုကြည်ကို အသုံးချ နိုင်ငံသည်ကို နိုင်ငံ​ရေးစိတ်ဝင်စားသူတိုင်းကြို​တွေးထားပြီးဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းမှုနှင့်အတူ ဖမ်းဆီးချုပ်နှောင်ခဲ့သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ၂ နှစ်ခွဲကြာ ကာလအတွင်း မည်သည့်နိုင်ငံတကာသံတမန်၊ အကြီးအကဲနှင့်မျှ ပေးတွေ့ခဲ့ခြင်းမရှိ​ပေ။ ယခုဇူလိုင် ဒုတိယပတ်တွင်မှထိုင်းနိုင်ငံခြားရေးဝန်ကြီးကို နေ့ချင်းပြန် လျှို့ဝှက်လာရောက်စေကာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးခဲ့သည်ဟု ဆိုသည်။ အဆိုပါတွေ့ဆုံမှုကို စစ်အုပ်စုက ချက်ချင်းသတင်း ထုတ်ပြန်ခြင်းမရှိပေ။ တွေ့ဆုံအပြီး ၃ ရက်အကြာမှ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အင်ဒိုနီးရှား၊ ဂျာကာတာတွင် ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ထုတ်ပြောလာခြင်းဖြစ်သည်။

ထိုအပြင် စစ်​ကောင်စီနှင့် နီးစပ်မှုရှိ​သော Pan Orient News ကထိုင်းနိုင်ငံခြား​ရေးဝန်ကြီးနှင့်​တွေ့ဆုံစဥ် ​ဒေါ်​အောင်ဆန်းစုကြည်က NUG နှင့် PDF များကို မ​ထောက်ခံဟု​ပြောသည်ဆိုကာ စစ်​ကောင်စီက အဆိုပါသတင်းကို ​ပုံကြီးချဲ့၍ နိုင်ငံအနှံ့ဖြန်ချီပြီး​တော်လှန်​ရေးကိုပြိုကွဲ​အောင်အားထုတ်ခဲ့​သေးသည်။

သို့​သော်ရလဒ်မှာ ဇူလိုင်လတွင် နိုင်ငံတစ်ဝန်းခုခံ​တော်လှန်စစ် ပိုမိုအရှိန်မြင့်လာပြီး စစ်တပ်ဝါဒဖြန့်ချီ​ရေး အလုပ်မဖြစ်ခဲ့​ပေ။ ​ဒေါ်​အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြား​ရေး ဝန်ကြီး​တွေ့ခြင်း၊ မ​တွေခြင်း မည်သည်အရာများ​ပြောဆိုခဲ့ကြသည်ဆိုသည်မှာ ထိုင်းအစိုးရသည်ပင်စစ်​ကောင်စီနှင့်နီးစပ်ကာ အကြိမ်ကြိမ်ကူညီ​နေသဖြင့် သူတို့​ပြောကြားချက်များကိုပင် ယုံကြည်လက်ခံရခက်ခဲပါသည်။​ထောင်ဒဏ် ၃၃ နှစ်​ကျော်ချထားပြီး ​ရှေ့​နေအဖွဲ့ကိုပင်​တွေ့ခွင့်မပြု​သော စစ်အုပ်စုက သူတို့နှင့် ရင်းနှီးသူနှင့်​တွေ့ခွင့်ပြုပြီး ​စစ်​ကောင်စီပြော​စေလိုသောသတင်းစကားများကိုထုတ်လွှင့် ခြင်းဖြစ်၍ မည်သို့မျှယုံကြည်လက်ခံစရာ မရှိ​ကြောင်း​တော်လှန်​ရေးအင်အားစုများက​ပြောသည်။ စစ်အုပ်စုက အမှန်တစ်ကယ်သတ္တိရှိပါက ​ဒေါ်​အောင်ဆန်းစုကြည်ဘာ​ပြောသည်ကို ရှင်းရှင်းလင်းလင်းသိ​အောင် သူမကိုလွှတ်​ပေးပြီး ​ပြောခိုင်းလိုက်ပါလားဟု​တော်လှန်​ရေးအင်အားစုများက​ထောက်ပြသည်။

စစ်အုပ်စုက အညှိုးတကြီး နှစ်ရှည်​ထောင်ဒဏ်ချထားသလို ပြင်ပနဲ့အဆက်အသွယ်ဖြတ်​တောက်ခံထားရ​သော သော​ဒေါ်​အောင်ဆန်းစုကြည်က ​နွေဦး​တော်လှန်​ရေးနှင့်ပတ်သပ်၍ ​ပြည်သူများကို သတင်းစကားပါးခဲ့ကြောင်း သူမ၏ စီးပွား​ရေး အကြံ​ပေး​ပညာရှင် ရှောင်တာနယ်လ်က​​ထောင်မှလွတ်လာပြီး​နောက်နိုင်ငံတကာမီဒီယာများမှတစ်ဆင့် ပြောခဲ့ဖူးသည်။ဒီမိုကရေစီ၏လွတ်လပ်မှုကို ခဏတာ ခံစားခွင့်ရခဲ့ပေမယ့် ဒီမိုကရေစီအခွင့်အရေး ကို ခုခံကာကွယ်ဖို့မြန်မာပြည်သူတွေ အဆင့်သင့် ဖြစ်နေတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ယူနေတယ်လို့ ထောင်ကနေ လွတ်လာတဲ့ ရှောင်တာနယ်လ်က အ​မေရီကန်အ​ခြေစိုက် ABCသတင်းဌာန သို့​ ၂၀၂၂ ဒီဇင်ဘာလတွင်​ဖြေကြားခဲ့သည်။

“အထူးသဖြင့် မြန်မာလူငယ်တွေအပေါ်မှာ သူ ဘယ်လောက်အထိဂုဏ်ယူသလဲဆိုတာကိုလည်းပြောပြတယ် ။ ဒီမိုကရေစီရဲ့လွတ်လပ်မှုတွေကိုခဏလောက်ပဲ ခံစားခွင့်ရခဲ့ပေမယ့် ဒီမိုကရေစီအခွင့်အရေး တွေကို ခုခံကာကွယ်ဖို့ မြန်မာပြည်သူတွေအဆင့်သင့်ဖြစ်နေတာကို ဂုဏ်ယူနေတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ၏သတင်းစကားကို ရှောင်တာနယ်လ်က အင်တာဗျုးကတဆင့် ပြန်ပြောပြခဲ့သည်။

၂၀၂၂ နိုဝင်ဘာလတွင် လွတ်​မြောက်ခဲ့​သော​ရှောင်တာနယ်လ်သည် ​ဒေါ်​အောင်ဆန်းစုကြည်နှင့်​နောက်ဆုံး​တွေ့ဆုံခဲ့သည်မှာ ​နေပြည်​တော် အချုပ်​ထောင်တွင် အမိန့်ချခံချိန်ကဖြစ်သည်ဟု​ပြောသည်။ အချိန်ကာလမှာ ၂၀၂၂ ​အောက်တိုဘာလဆန်းသို့မဟုတ် စက်တင်ဘာအကုန်ပိုင်း ဖြစ်ဖွယ်ရှိသည်။

ထိုအပြင် ယခုရက်ပိုင်းတွင်လည်း စစ်​ကောင်စီက ​ဒေါ်​အောင်ဆန်းစုကြည်ကို ​နေပြည်​တော်​ထောင်မှ ​ဒုဝန်ကြီးတစ်ဦး​နေခဲ့​သောအိမ်သို့​ပြောင်း​ရွေ့ကာ သံတမန်များအပါအဝင် လူပုဂ္ဂို်အချို့နှင့်​တွေ့ခွင့်ပြု​နေ​ကြောင်းသတင်းများဆက်တိုက်ထွက်​ပေါ်​နေပြန်သည်။အာဏာသိမ်းစစ်အုပ်စု၏ အထက်ပါလုပ်ရပ်များက ၎င်းတို့ အကျပ်အတည်းဆိုက်နေသည်ကို ပြသနေပြီး နည်းလမ်းဟောင်းအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးရန် ကြိုးစားလာခြင်းဖြစ်ကြောင်း နိုင်ငံရေးစောင့်ကြည့် လေ့လာသူများက ယူဆသည်။

“နေရာပေါင်းစုံမှာ တိုက်နေတယ်။ မတိုက်တဲ့နေရာတွေမှာလည်း စစ်ရေးက ဆိုင်ထားတယ်။ ရခိုင်တို့၊ ရှမ်းမြောက်တို့မှာ။ ကျန်တဲ့နေရာတွေမှာ တိုက်နေကြတယ်။ ဒီအကျပ်အတည်းထဲက ရုန်းထွက်ဖို့ ဘွားဒေါ်ကို အသုံးချဖို့ ကြိုးစားတာ။ ဒါပေမဲ့ ကျွန်တော်ထင်တယ်။ မအောင်မြင်ပါဘူး” ဟု နိုင်ငံရေး၊ စစ်ရေး လေ့လာစောင့်ကြည့်သူတစ်ဦးက မှတ်ချက်ပြုသည်။

လက်ရှိတွင် အာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံတဝန်း လက်နက်ကိုင်ခုခံတော်လှန်မှုကို ရင်ဆိုင်နေရသည်သာမက နိုင်ငံတကာမျက်နှာစာတွင်လည်း အသိအမှတ်ပြုမခံရသေးဘဲ အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများနှင့် အတူ စီးပွားရေးမှာလည်း အကျပ်ဆိုက်နေကြောင်း အကဲခတ်များက သုံးသပ်ကြသည်။ယခင်စစ်ခေါင်းဆောင်များမှာ အာဏာသိမ်းမှုအပြီး လပိုင်းအကြာတွင် တိုင်းပြည်၏ နေရာ အများစုကို စိုးမိုး အုပ်ချုပ်နိုင်ခဲ့သော်လည်း ယခုမင်းအောင်လှိုင်ဦးဆောင်သော စစ်အုပ်စုမှာ မည်သည့်နေရာမှ တည်ငြိမ်အောင် ထိန်းချုပ်နိုင်စွမ်းမရှိပေ။ နေ့စဥ်နှင့်အမျှတိုက်ပွဲများ၊ တိုက်ခိုက်ခံရမှုများ၊ သေဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရရှိမှုများမှာ တိုင်းပြည်အနှံ့ဖြစ်ပွားနေသည်။

မြန်မာနိုင်ငံရေးသမိုင်းတလျှောက်တွင် ယခုတော်လှန်ရေးသည် ယခင်အခင်းအကျင်းများနှင့်မတူသည်မှာ ပြည်သူလူထုတရပ်လုံး နည်းနာပေါင်းစုံဖြင့် ဦးဆောင်သည့်၊ ထိန်းကျောင်းသည့်၊ လျှောက်လှမ်းနေသည့် တော်လှန်ရေး တစ်ရပ်ဖြစ်ကြောင်း မကွေးလူထုတိုက်ပွဲကော်မတီမှ ကိုချစ်ဝင်းမောင်က ဆိုသည်။

“ဒီတော့ ကျွန်တော်ယုံကြည်တာက လက်ရှိတော်လှန်ရေးဟာ လူပုဂ္ဂိုလ်အခြေပြုတော်လှန်ရေးမဟုတ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ဆိုတဲ့ပန်းတိုင်ကို တိတိပပချီတက်တဲ့ တော်လှန်ရေးဖြစ်တယ်။ ဒီတော့ ပြည်သူလူထုရဲ့ နိုင်ငံရေးရေချိန်၊ တော်လှန်ရေး ရေချိန်နဲ့ တော်လှန်ရေးအခင်းအကျင်းအရတော့ စစ်အုပ်စုက ဘယ်လို ဖဲချပ်ကိုင်သည်ဖြစ်စေ ကျွန်တော်တို့တော်လှန်ရေးက ယိမ်းယိုင်သွားမှာမဟုတ်ဘူး” ဟု အထက်ပါ မကွေးဒေသသပိတ်ခေါင်းဆောင်က ဆက်ပြောသည်။

စစ်အုပ်စုသည် ၎င်းတို့ လက်ထဲရှိ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ခေါင်းဆောင်များကို ၎င်းတို့၏ အကျိုးစီးပွားအတွက် ထုတ်သုံးကစားလာနိုင်သည့် အခင်းအကျင်းကို မြင်တွေ့နေရသော်လည်း ယခု ပြည်သူလူထု တစ်ရပ်လုံး ဆင်နွှဲနေကြသော တော်လှန်ရေးသည် NUGအမျိုးသားညီညွတ်ရေးအစိုးရNUG၏တော်လှန်ရေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ တော်လှန်ရေးမဟုတ်သည်ကို အားလုံးက သိရှိလက်ခံထားကြသည်။

“ဒီတော်လှန်ရေးက NLD ရဲ့ တော်လှန်ရေးမဟုတ်ဘူး။ တနိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူလူထုတွေ ၊ နိုင်ငံခြားမှာ ရှိနေတဲ့ မြန်မာတွေ၊ မြန်မာနွယ်ဖွားတွေ အားလုံးက ဝိုင်းဝန်းပါဝင်နေကြတဲ့ တော်လှန်ရေးဗျ” ဟု ပြည်တွင်းရှိ နိုင်ငံရေး အကဲခတ်တစ်ဦးက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း မြန်မာ့နွေဦးတော်လှန်ရေး၏ အန္တိမရည်မှန်းချက်ပန်းတိုင်သည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း(၇၀)ကျော်တိုင် အမြစ်တွယ်၊ ရှင်သန်၊ ဖိစီးနှိပ်စက်လျက်ရှိသော အာဏာရှင် စနစ်မှန်သမျှအား အပြီးတိုင်ဖယ်ရှားချုပ်ငြိမ်းစေပြီး အာဏာရှင်စနစ်၏ အငွေ့အသက်၊ အကြွင်းအကျန် အလျဉ်းကင်းစင်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ်ဖြင့် အစားထိုး ပြောင်းလဲရန်ဖြစ်ကြောင်း ဇူလိုင် ၁၄ ရက်တွင် ကြေညာထုတ်ပြန် သည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့သည်ဆိုသော ပြောဆိုမှုများအပေါ် NUG သဘောထားကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းကြေညာချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူလူထု၏ လိုလားတောင့်တချက်နှင့်အညီ ချမှတ်ထားသည့် တော်လှန်ရေးပန်းတိုင်၊ အနာဂါတ်ဖက်ဒရယ်မျှော်ရည် ချက်နှင့် စံနှုန်းများကို ခိုင်ခိုင်မာမာ စွဲကိုင်ရပ်တည်၍ အောင်ပွဲရသည်အထိ မမှိတ်မသုန်၊ မယိမ်းမယိုင် ဆက်လက် အားထုတ်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိပြုကြောင်း ဖော်ပြအသိပေးသည်။

“ကျွန်တော်တို့အနေနဲ့ ပြောနိုင်တာက ဒီတော်လှန်ရေးက NUG ဆင်နွှဲနေတဲ့ တော်လှန်ရေးမဟုတ်ဘူး။ တစုတဖွဲ့တည်း ဆင်နွှဲနေတဲ့ တော်လှန်ရေးမဟုတ်ဘူး။ တိုင်းရင်းသားတွေရော၊ တော်လှန်ရေးအင်အားစုတွေရာ အကုန်လုံး ပေါင်းစပ်ပြီးတော့ အဓိက,က ပြည်သူတွေရဲ့ သန္နိဋ္ဌာန်နဲ့အတူ ဒီခေတ်၊ ဒီကာလမှာတော့ အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရတော့မယ်ဆိုတဲ့ သန္နိဋ္ဌာန်နဲ့ ဆင်နွှဲနေတဲ့ တော်လှန်ရေးဖြစ်တယ်ပေါ့။ ပြည်သူ့ဆန္ဒက ဘာလဲဆိုတာ ခပ်ရှင်းရှင်းပဲ မြင်နိုင်တယ်” ဟု NUG အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

တကယ်တမ်းတွင် မင်းအောင်လှိုင်နှင့်အပေါင်းအပါများသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအရ မုန်းတီးမှုအပြင် အာဃာတများကြောင့် တော်လှန်ရေးသာ ယခုကဲ့သို့ အားကောင်းမောင်းသန် မဖြစ်ပါက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးမှရာသက်ပန် ဖျောက်ဖျက်ပစ်လိုသည့် သဘောထား စစ်ဗိုလ်ချုပ်များတွင် ရှိကြောင်း ဦးနေဘုန်းလတ်က ရှုမြင်သည်။ “ဒီအတိုင်းကြီး ဆက်သွားဖို့က အဆင်မပြေတော့တဲ့ အနေအထားမျိုးမှာ သူတို့ ထွက်ပေါက်ရှာတဲ့ သဘောပေါ့” ဟု ၎င်းက ဆိုသည်။

ယခုအခါစစ်အုပ်စုမှာ စစ်​ရေးအရအထိနာ​နေသည့်အပြင် အ​မေရီကန်အစိုရက ဘဏ်နှစ်ကို အ​ရေးယူဒဏ်ခတ်ပိတ်ဆို့မှု ၊ စင်ကာပူဘဏ်များတွင် ​ဒေါ်လာ ၄ ဘီလီယံ​ကျော်ပိတ်မိ​နေမှု၊ ဘက်ဂျက်လို​ငွေများပြီး စီးပွား​ရေး ကျဆင်း​သဖြင့် ကျပ်နှစ်​သောင်တန်ရိုက်ရာ ​ငွေ​ကြေး​ဖောင်းပွမှု နှင့်ကုန်​ဈေးနှုန်းများမြင့်တက်လာမှုတို့​ကြောင့် တိုင်းပြည်စီးပွား​ရေးမှာ ​ဇောက်ထိုးဆင်း​နေပြီး အာဏာသိမ်းစစ်​ကောင်စီလည်း အကြပ်ဆိုက်​နေခြင်းဖြစ်သည်။

ပြည်တွင်းရှိ သတင်းရင်းမြစ်အချို့၏ပြောကြားချက်အရ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် လာမည့် သြဂုတ် ၁ ရက်တွင် နေပြည်တော်ရှိ ၎င်း၏ ကမ္ဘာ့အကြီးဆုံးဟုဆိုသောထိုင်တော်မူကျောက်ဆင်းတုတော်ကို အနေကဇာတင်မည်ဖြစ်ပြီး ယင်းနေ့တွင် သက်ကြီးရွယ်အိုများအပါအဝင် အကျဥ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အကျဥ်းထောင်အတွင်းမှ အပြင်သို့ ရွှေ့ပြောင်းနိုင်ဖွယ်ရှိ ကြောင်း သိရသည်။

NUG ပြောရေးဆိုခွင့်ရှိသူကမူ လူထုခေါင်းဆောင်ကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာရှိ သူမ၏ နေအိမ်သို့ ပြောင်းရွှေ့မှသာ နေအိမ်အကျယ်ချုပ်အဖြစ် သတ်မှတ်နိုင်ပြီး နေပြည်တော်အကျဥ်းထောင်မှ အခြားတစ်နေရာရာသို့ ပြောင်းရွှေ့မှုသည် နေအိမ်အကျယ်ချုပ်(House Arrest)အဖြစ် သတ်မှတ်၍ မရကြောင်းသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာသည်ဖြစ်စေ၊ နေအိမ်အကျယ်ချုပ်ထားရှိသည်ဖြစ်စေ သူမ ဘာပြောမည်ဆိုသည်မှာ မသိကိန်း(x factor) ဖြစ်ကြောင်း ဦးနေဘုန်းလတ်က ဆိုသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိဖြစ်ပျက်နေသည့် အကြောင်းအရာ၊ အခြေအနေများကို မသိရှိဘဲ မည်သည့်ဆုံးဖြတ်ချက်၊ မှတ်ချက်ကိုမျှ ပေးမည်မဟုတ်ဟု ဦးနေဘုန်းလတ်က ယုံကြည်ထားသည်။

“ကျွန်တော်တို့ခေါင်းဆောင်က အမြဲတမ်း ပြည်သူလူထုရဲ့ အကျိုးကို ရှေ့ရှူတယ်၊ ပြည်သူ့ဆန္ဒကို အမြဲဦးထိပ်ပန်ဆင်တယ်။ တကယ့်ပြည်သူတွေက ဘာဖြစ်ချင်တာလဲ၊ ဘာလိုချင်တာလဲ ပြည်သူတွေရဲ့ စိတ်ဆန္ဒက ဘာလဲဆိုတာ သူမ မသိရသေးသရွေ့တော့ သူမ ဘာကိုမှ ဆုံးဖြတ်လုပ်ကိုင်မှာမဟုတ်ဘူးလို့ ဒီလိုပဲ ယုံကြည်ပါတယ်” ဟု ၎င်းက အခိုင်အမာဆိုသည်။

ထိုအပြင်စစ်​ကောင်စီက ဘက်​ပေါင်းစုံအကြပ်ဆိုက်​နေသဖြင့် နိုင်ငံ​ရေးထွက်​ပေါက်ရှာရန် ၊ ​တော်လှန်​ရေးအင်အားစုများ​သွေးကွဲရန် ၊​အာရုံဝေဝါး​​ထွေပြားစေရန် ထိုသို့သတင်းများထုတ်လွှင့် ​နေခြင်းဖြစ်​ပြီး ၊​တော်လှန်​ရေးအင်အားစုများစည်းစည်းလုံးလုံးဖြင့်ပန်းတိုင်း​ရောက်သည်အထိ့ ဆက်လက်တိုက်ပွဲဝင်ကြမည်ဖြစ်​ကြောင်း ​တော်လှန်​ရေးသမားအချို့က​ပြောသည်။

မကွေးလူထုတိုက်ပွဲကော်မတီမှ ကိုချစ်ဝင်းမောင်ကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ဆင်ခြင်တုံတရားနှင့် ဥာဏ်ပညာကို လေးစားယုံကြည်ကြောင်း နှင့် အခြေအနေ၊ အချိန်အခါအရ တော်လှန်ရေးက တွန်းပို့လိုက်သဖြင့် ယနေ့ အခင်းအကျင်းဖြစ်ပေါ်လာသည်ကို ဒေါ်အောင်ဆန်းစုကြည် ကောင်းမွန်စွာ သဘောပေါက်နားလည်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ရဲ့ အဝင်ဝမှာ ချိတ်ထားခဲ့တဲ့ ဆိုင်းဘုတ်လိုပါပဲ။ တိုင်းပြည်ရဲ့ ပြည်သူလူထုရဲ့မျက်နှာကို ကြည့်ကိုပြတ်ပြတ်သားသားဆောင်ရွက်စရာရှိတာကိုဆောင်ရွက်မယ်လို့ ကျွန်တော်တို့ ထင်တယ်” ဟု ကိုချစ်ဝင်းမောင်က ဆိုပါသည်။

စစ်အုပ်စုက ဘက်​ပေါင်းစုံ အကြပ်အတည်း​တွေ့​နေချိန် ​ဒေါ်​အောင်ဆန်းစုကြည်ကို ဦးတည်ထား​သောသတင်းမျိုးစုံထွက်​ပေါ်လာပြီး​နောက် NUG နိုင်ငံခြား​ရေးဝန်ကြီး ​ဒေါ်ဇင်မာ​အောင်က “သတင်းတွေ ကို မျက်ခြေမပြတ်ဖို့တော့လိုတယ်။

မှန်ခြင်း မှားခြင်း ထက် နိုင်ငံရေး အလှုပ်အရွေ့တွေ အကွက်ရွေ့ ကစား ဖို့ အားထုတ်မှု တွေ ကြားမှာ သတင်းအချက်အလက် မှန်မှန်ကန်ကန် ရရှိ သုံးသပ်နိုင်ဖို့ကလည်း အတော်အရေး ကြီးပါတယ်။ ဒါ့ကြောင့်မျက်ခြေမပြတ်ဖို့ လိုပါတယ်။

ဒီထက်ပိုအရေး ကြီးတာက တော်လှန်ရေး မျက်ခြေမပြတ်ဖို့က ပိုအရေး ကြီးပါတယ်။ အရှိန်အဟုန် ရပ်တန့်မသွား ဖို့ အရေးကြီးပါတယ်။ ပွဲ ကမပြီးသေးပါဘူး ။ ရှေ့ဆက်ကြဖို့ပါပဲ” ဟုမြန်မာစံ​တော်ချိန် ဇူလိုင် ၂၈ ရက်ရက်ည​နေပိုင်းတွင်​ဖေစ်ဘွခ်မှတစ်ဆင့် တိုက်တွန်းထား​လေသည်။ ။