လောကဓံရဲ့ ရိုက်ချက်တွေကို အလူးအလဲခံနေကြရတဲ့ကြားထဲက ဇော်နန်နဲ့ ကိုင်လိန်တို ဇနီးမောင်နှံဟာသူ့တို့ဘဝတစ်ခုလုံးကို သားသမီးသုံးဦးလုံးဆီ ပုံအပ်ထားကြပါတယ်။ စစ်ဘေးရှောင်တွေဖြစ်တဲ့ သူတို့ဇနီးမောင်နှံ ဟာစစ်ဘေးရှောင်းစခန်းထဲက မြေစိုက်တဲအိမ်လေးထဲမှာနေကြရင်း ဇော်နန်က နေ့စားအလုပ်လိုက်လုပ်တယ်။ မိသားစုအတွက် ငွေရှာတယ်။ ကိုင်လိန်ကကလေးတွေကို ပြုစုပျိုးထောင်တယ်။
အသက် ၃၅နှစ်အရွယ်ခန့် သူတို့ဇနီးမောင်နှံမှာ လသားအရွယ် သမီးလေး၊ ၃နှစ်အရွယ်ခန့် မူကြိုတက်နေတဲ့သားလေးနဲ့ ၆ နှစ်အရွယ် KGတန်းတက်နေတဲ့ သမီးလေးရှိတယ်။ နွမ်းပါးမယ့် ကလေးတွေကို ကျောင်းထားတယ်။ သူတို့မသင်ယူနိုင်ခဲ့တဲ့ ပညာရေးကို သားသမီးတွေဆီ ပုံအော ရုန်းကန်တယ်။
ဇော်နန်တစ်ယောက် အလုပ်သွားတိုင်းမှာ ကိုင်လိန်ကို သားသမီး သုံးယောက်နဲ့ အမြဲတစေတွဲမြင်ရပါတယ်။ လသားအရွယ်သမီးလေးကို ကျောပိုးရင်း၊ကျန် သားနဲ့သမီးကို လက်စွဲရင် ကျောင်းလိုက်ပို့နေပုံက မုန်လိုက်ခက်ရွာလမ်းမှာ ကိုင်လိန်တို့ကို မြင်နေကြမြင်ကွင်းပါ။ ရာသီဥတုသာယာတဲ့ ညနေတွေမှာဆိုရင် ဇော်နန်နဲ့ကိုင်လိန်တို့ မိသားစု ငါးဦးဟာ သူတို့ခိုလှုံနေတဲ့ စစ်ဘေးရှောင်တန်းလျားရဲ့ ရှေ့ မြေနီလမ်းဘေးမြေကွက်လပ်မှာ ပြုံးရယ်၊ဆော့ကစားနေတာ တွေ့နေကြပါ။ ဒါဟာ မုန်လိုက်ခက်စစ်ဘေးရှောင်စခန်းဝန်းကျင်မှာ မြင်နေကျ ကြည်နူးဖွယ်သက်ရှိပန်းချီကားတစ်ချပ်ပါ။
ချစ်စဖွယ်မိသားစုလေး ခြယ်သနေဆဲ အဲ့ဒီ သက်ရှိပန်းချီကားလေးဟာ အောက်တိုဘာလ ၉ရက် ညမှာတော့ မုန်လိုင်ခက်ရွာနံရံကနေ ပြိုကျပျက်စီးသွားပါတော့တယ်။
“ကိုင်လိန်ကိုနောက်ဆုံးမြင်ခဲ့တုန်းက သူ့သားလေးကို ကျောင်းကနေပြန်ကြိုလာတာ။ သမီးလေးကို ကျောပိုးလို့၊ သားလေးကို လက်ကဆွဲလို့။ ဒါဟာ အသက်ရှင်လျက် နောက်ဆုံးမြင်ရတာပါ” မုန်လိုင်ခက်စစ်ရှောင်စခန်းက ကချင်တိုင်းရင်းသူ လုမိုင်က ပြောပြတာပါ။
ကချင်လွတ်လပ်ရေးအဖွဲ့ ၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ထိန်းချုပ်ဒေသဖြစ်တဲ့ လိုင်ဇာမြို့က မုန်လိုင်ခက်စစ်ရှောင်စခန်းကိုစစ်ကောင်စီဟာ အောက်တိုဘာလ ၉ရက်ညမှာ ရုတ်တရက် တိုက်ခိုက်ခဲ့ပါတယ်။ ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေကြားမှာ ကလေးငယ်နဲ့ အမျိုးသမီး တွေအပါအဝင် စစ်ဘေးရှောင် ၂၉ဦးသေဆုံးပြီး ၅၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ ဇော်နန်နဲ့ကိုင်လိန်တို့ မိသားစုဝင်ငါးဦးစလုံး ပါဝင်သွားခဲ့ပါတယ်။
အိမ်နီးချင်းဖြစ်တဲ့ လုမိုင်ဟာ ကိုင်လိန်တို့သားအမိကို အောက်တိုဘာလ ၈ ရက်နေ့ ညနေက နောက်ဆုံးတွေ့ခဲ့ရတာပါ။ မျက်ခုံးမွှေးထူထူနဲ့ နှစ်လိုဖွယ်ပြုံးနေတတ်တဲ့ ကိုင်လိန်က အဲ့ဒီညနေမှာ ပန်းပွင့်လေးတွေပုံစံဖော်ထားတဲ့ စပန့်သား အုတ်ကျိုးရောင်ဝမ်းဆက်ဝတ်ထားပါတယ်။ ကျောင်းကပြန်လာတဲ့ သားအမိသုံးယောက်စလုံး ပြုံးရယ်နေကြပြီး သူ့ကိုလည်း ထုံးစံအတိုင်း ပြုံးပြနှုတ်ဆက်သွားခဲ့တယ်လို့လုမိုင်က ပြောပါတယ်။
“မုန်လိုင်ခက်ကို စစ်တပ်က တိုက်ခိုက်ပြီးတဲ့အချိန် ပြေးကြည့်တော့ ကိုင်လိန်တို့ မိသားစုတစုလုံးခေါင်းတွေ မရှိတော့ဘူး။အရမ်းကို နာကျင်ထိန့်လန့်ရပါတယ်ရှင်”
လုမိုင်က သူတွေ့ကြုံခဲ့တဲ့ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းတိုက်ခိုက်ခံရမှု နောက်ဆက်တွဲအနိဌာရုံတွေကို ပြောပြရင်း ငိုရှိုက်နေရှာပါတယ်။ကချင်ပြည်နယ်လို့ စစ်ဘေးသင့်ဒေသမှာ ကြီးပြင်းခဲ့ပေမယ့် အခုလိုမျိုး ပြင်းထန်တဲ့တိုက်ခိုက်မှုမျိုးကို သူ့အသက် ၃၄ နှစ်အတွင်း တကြိမ်မှ အခုလိုမကြုံတွေ့ခဲ့ဖူးဘူးလို့ လုမိုင်ကပြောပါတယ်။
မုန်လိုင်ခက်စစ်ရှောင်စခန်းဟာ ကချင်ပြည်နယ်ထဲက KIA ထိန်းချုပ်ဒေသ လိုင်ဇာမြို့နယ်မှာ ရှိတဲ့ စစ်ဘေးရှောင်မိသားစု ၁၀၀ ကျော် ခိုလှုံ နေတဲ့ နေရာပါ။တန်းလျားတစ်ခုစီမှာ တစ်ယူနစ်လို့ခေါ်ကြတဲ့ စစ်ဘေးရှောင်မိသားစု လေးစုစီနေကြပြီး တန်းလျား ၂၀ ကျော်ရှိပါတယ်။ ဒီစခန်းကို ၂၀၁၁ ခုနှစ်က စတင်ဖွင့်ခဲ့တာပါ။ ဦးသိန်းစိန် ဦးဆောင်တဲ့ စစ်ယူနီဖောင်းချွတ်ပြီး ပုဆိုးပြောင်းဝတ်အုပ်ချုပ်တဲ့အစိုးရလက်ထက်မှာ ကျန်ဒေသအများစုမှာ ငြိမ်းချမ်းရေးစကားပြောပြီးကချင်ပြည်နယ်မှာတစ်ကျော့ပြန်စစ်ပွဲတွေပြန်ဖော်တာကြောင့် မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းပေါ်လာတာဖြစ်ပါတယ်။
အခုလတ်တလောမှာ တိုက်ပွဲတွေဖြစ်နေတဲ့ နန်ဆန်ယန်ရွာအပါအဝင် ဘေးပတ်ဝန်းကျင်ရွာတွေကနေ လာခိုလှုံနေကြရတာပါ။ မုန်လိုင်ခက်ရွာဟာ ဆိုရင်လည်း နှစ်ပေါင်း ၄၀လောက်သက်တမ်းရှိတဲ့ရွာဖြစ်ပါတယ်။
အောက်တိုဘာလ ၉ ရက်နေ့ည ၁၁ နာရီမထိုးခင်အထိတော့ မုန်လိုင်ခက်ရွာနဲ့ စစ်ဘေးရှောင်စခန်းဟာ ယခင်နေ့တွေကအတိုင်း ပုံမှန်အခြေအနေပါပဲ။ ညဦးပိုင်းမှာဆိုရင် စစ်ရှောင်စခန်းထဲက ကလေးငယ်တချို့ရဲ့ စာအံသံတွေတောင်ကြားခဲ့ရတယ်လို့ လုမိုင်ကပြန်ပြောင်းပြောပြပါတယ်။
ည ၁၁ နာရီထိုးပြီး မိနစ်အနည်းငယ်အကြာမှာတော့ ပြင်းထန်တဲ့ပေါက်ကွဲသံကြီး ထွက်ပေါ်လာသလို ချက်ချင်းဆိုသလိုပဲစစ်ကောင်စီတပ်စွဲထားတဲ့ ခါရာတောင်ဘက်ကနေ လက်နက်ကြီးတွေဆက်တိုက်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။
“အရမ်းကိုကြောက်ဖို့ကောင်းတဲ့အသံ။ ကြားလိုက်ပြီးတာနဲ့တပြိုင်နက် အိမ်ထရံတွေက ကိုယ့်မျက်နှာပေါ်ရောက်နေခဲ့တယ်” ဟု မုန်လိုင်ခက် စစ် ဘေးရှောင်စခန်းက ကချင်တိုင်းရင်းသားတစ်ဦးကပြောပါတယ်။
လုမိုင်ကလည်း ” ပေါက်ကွဲသံကြားပြီးတာနဲ့ ကျွန်မကိုယ်ကျွန်မ သေသွားပြီလို့ထင်တာ” လို့ ဆိုပါတယ်။
လုမိုင်ဟာ သူအပေါ် ပိနေတဲ့ အိမ်ထရံကို ဖယ်ရှားပြီး ပြိုကျသွားတဲ့ တဲအိမ်ထဲကနေ ပြေးထွက်ခဲ့ပါတယ်။ စစ်တပ်က ခါရာတောင်ဘက်ကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်နေခဲ့လို့ လမ်းဘေး ရေမြောင်းထဲ ဝင်ပုန်းနေခဲ့ပါတယ်။လက်နက်ကြီးသံတွေ ငြိမ်သွားချိန် အပြင်ကိုထွက်လာချိန်မှာတော့ စစ်ရှောင်တန်းလျားတွေဟာ ပြားပြားဝပ်နေပြီး ရုပ်ပျက်ဆင်းပျက်သေဆုံးနေသူတွေ၊ အော်ဟစ်ငိုညည်းနေသူတွေကို တွေ့လိုက်ရပါတော့တယ်။
သေဆုံးသူတွေထံမှာ ဇော်နန်နဲ့ ကိုင်လိန်တို့မိသားစုဟု မိသားတစ်စုလုံးပါဝင်သွားခဲ့သလို၊ အမိမဲ့သွားတဲ့ ကလေးတွေ၊ တစ်ဦးတည်းသာ ကျန်တော့တဲ့ စစ်ဘေးရှောင်တွေစသည်ဖြင့် တစ်ဦးချင်း၊ တစ်မိသားစုချင်းဟာ ဘဝတွေ ကစဉ့်ကလျားဖြစ်ခဲ့ရတယ်လို့ လုမိုင်ကဆိုပါတယ်။ အသက်မသေဘဲ ကျန်ရစ်ခဲ့သူတွေဟာ အခုဆိုရင် မုန်လိုင်ခက်စစ်ရှောင်စခန်းမှာ မနေရဲကြတော့ဘဲ လိုင်ဇာထဲကတခြားစစ်ရှောင်စခန်းတွေ၊ ဘုရားကျောင်းတွေမှာ သွားနေကြပါတယ်။
သေဆုံးသူတွေအားလုံးနီးပါးဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေခဲ့ပြီး ဒီအကြောင်းကို လုမိုင်ကပြန်ပြောပြနေချိန်မှာ ထိန့်လန့်တုန်လှုပ်နေပါတယ်။ အားတင်းပြီးမှ ခပ်တိုးတိုးသာ ပြောနိုင်ပါတယ်။
ထုံးစံအတိုင်းတိုက်ခိုက်မှုကို သူတို့မလုပ်ကြောင်းနဲ့ မြေပြင်မှာ သိုလှောင်ထားတဲ့ ယမ်းတွေ ပေါက်ကွဲတာဖြစ်တယ်လို့ စစ်ကောင်စီက ငြင်းဆန်ပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ခြောက်လကလည်း ကန့်ဘလူမြို့နယ် ၊ပဇီကြီးရွာမှာ ပြည်သူ ၁၇၀ လောက်သေဆုံးစေခဲ့တဲ့ တိုက်လေယာဥ်နဲ့ ဗုံးကျဲပြီး ရဟတ်ယာဥ်ပေါ်က စက်သေနတ်တွေနဲ့လိုက်ပစ်သတ်တာကို မျက်မြင်သက်သေတွေအများရှိတဲ့ကြားက PDF တွေထောင်ထားတဲ့ မိုင်းတွေကွဲလို့ ပါဆိုပြီး ဗြောင်ငြင်းချက်ထုတ်ခဲ့သေးတာဖြစ်ပါတယ်။
မုန်လိုက်ခိုက်စစ်ရာဇဝတ်မှုနဲ့ပတ်သပ်လို့စစ်ကောင်စီရဲ့ ငြင်းဆန်ထုတ်ပြန်မှုဟာ ဖောက်လွဲဖောက်ပြန်စိတ်ဓာတ်နဲ့ တဖက်ပိတ် ငြင်းတာလို့ ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော် (KIA) ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောထားပါတယ်။ အခုအခါမှာ KIA က စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးနေပါတယ်။ စစ်ဆေးမှုရလဒ်ကို လူထုထံထုတ်ပြန်သွားမယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
မုန်လိုင်ခက်ရွာမှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီး လက်ရှိမှာလည်း မြေပြင်မှာရှိနေတဲ့ လုမိုင်ကတော့ စစ်ကောင်စီရဲ့ ထုတ်ပြန်မှုအပေါ် အခုလို မှတ်ချက်ပြုပါတယ်။
“ဒါက သက်သက်လုပ်ကြံပြီး ပြည်သူတွေကို စော်ကားတာ။ ဘာယမ်းသိုလှောင်မှုမှမရှိဘူး။ ဘာစစ်တပ်မှလည်းမရှိဘူး။ ပြည်သူကိုပစ်မှတ်ထားပြီးမှ အဲ့လိုလုပ်တာ ဟုတ်တယ်”
လုမိုင်ရဲ့ အိမ်နီချင်းလည်းဖြစ်၊ ဘဝတူ စစ်ဘေးရှောင်လည်းဖြစ်တဲ့ ဇော်နန်တို့၊ ကိုင်လိန်တို့ရဲ့ ချစ်စရာမိသားစုကတော့ အခုအခါမှာ ရွာအနီးက သုသာန်မှာပဲ လူ့ဘဝကို တစ်ခန်းရပ်သွားခဲ့ရပါပြီ။ သားသမီးတွေကို ပညာတတ်ကြီးဖြစ်စေချင်တဲ့ ဇော်နန်နဲ့ကိုင်လိန်တို့ ဇနီးမောင်နှံဟာ သူတို့မိသားစုကို သေကွဲကွဲစေခဲ့တဲ့ စစ်အာဏာရှင်နွေကို တမလွန်ကနေ ဘယ်လိုစိတ်ခံစားချက်နဲ့ စောင့်ကြည့်နေမလဲဆိုတာ သိချင်နေမိတယ်လို့ မုန်လိုက်ခက်ရွာဒေသခံတွေကဆိုပါတယ်။