ရှိန်း/People’s Spring
စစ်ကိုင်းတိုင်းကတော်လှန်ရေးတပ်တွေ စိုးမိုးနယ် မြေတွေကို စစ်တပ်က ကုန်စည်စီးဆင်းမှုပိတ်ပင်တာ တွေအများအပြားပြုလုပ်ခဲ့ပါတယ်။
အဲဒီအထဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကဖိနပ် အောက်ခံအဖြစ်သုံးတယ်ဆိုပြီး အမျိုးသမီးလစဉ်သုံး တွေကိုပါ စစ်တပ်ကသယ်ယူခွင့်ပိတ်လိုက်ပါတယ်။
နောက်ဆက်တွဲအနေနဲ့ စစ်ကိုင်းတိုင်းဘက်က အမျိုးသမီးငယ်တွေဟာ လစဉ်သုံးပစ္စည်းပြတ်လပ်တာတွေဖြစ်လာပါတယ်။ဒီလို အခက်အခဲတွေ ကြုံရတဲ့သူတွေထဲမှာ မကွေးတိုင်းဘက်ကနေ စစ်ကိုင်းတိုင်းဘက်ကို စစ်ရှောင်လာတဲ့အမျိုးသမီးလေးတွေလည်း ပါဝင်ပါတယ်။

Public Service Announcement
“ လုံချည်အဟောင်း တွေကိုဖြဲပြီး အဝတ်စလုပ်ပြီး သုံးရတာပေါ့” လို့ အသက်၁၇နှစ်အရွယ် အမျိုးသမီးငယ်မနှင်း(အမည်လွှဲ)ကပြောပါတယ်။မနှင်းက စစ်ရှောင်စခန်းကို ၂၀၂၂ခုနှစ်၊ဩဂုတ်လက မိသားစုနဲ့အတူ ရောက်လာတာပါ။စစ်တပ်ရဲ့ အမှတ်(၂၃)ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ(ကပစ၂၃) နဲ့ ချောင်းကိုကူးထားတဲ့ တံတားသာခြားတဲ့ ကန့်သတ်ရွာကို စစ်တပ်ကပျူရွာဖွဲ့စည်းဖို့ သင်တန်းပေးတာ ကြောင့်တရွာလုံးထွက်ပြေးခဲ့ကြရတာပါ။
“ ညကြီးမိုးချုပ်မိုးတွေထဲထွက်ပြေးခဲ့ကြတာပါ” လို့ မနှင်းနှင်းကပြောပါတယ်။အဲဒီတုန်းက အသက် ၁၃ နှစ်အရွယ်သာရှိသေးတဲ့သူမနဲ့အတူ အမဖြစ်သူ၊အဖေ၊အမေတို့နဲ့ထွက်ပြေးကြရင်းအခုခိုလှုံနေတဲ့စစ်ရှောင်စခန်းကို ရောက်လာတာပါ။လက်ရှိပုလဲမြို့နယ်အတွင်းမှာရွာသားအားလုံးစု ပေါင်းနေထိုင်ကြပါတယ်။
မနှင်းနှင်းကတော့ အဲဒီ စခန်းမှာပဲ အထက်တန်းဆက်တက်နေပြီး မိဘနှစ် ယောက်နဲ့အတူတူ နေပါတယ်။အမဖြစ်သူကအိမ်ထောင်ကြပြီး အမျိုးသားရဲ့ရွာမှာလိုက် နေတာမို့ပါ။
စစ်ရှောင်စခန်းမှာနေထိုင်တာ၄ နှစ်ဝန်းကျင်ကြာလာပြီးတဲ့ နောက်စားရေးသောက်ရေးပိုကြပ်တည်းလာပါတယ်။စစ်ရှောင်ပြည်သူ စုစုပေါင်း ၁၀၀ကျော်ရှိတာမို့လစဉ် ကုန်ကျစရိတ်ကလည်းများတာကြောင့်အလှူရှင် တွေရဲ့ ထောက်ပံ့မှုနဲ့တင်မ လောက်ငပါဘူး။
သူတို့လိုပဲ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ဘေးရန်ကြောင့် နေအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ပြည်သူ သုံးသန်းခြောက်သိန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂကထုတ်ပြန်ထားပါတယ်။နိုင်ငံတစ်ဝန်း အကူအညီလိုအပ်နေသူပေါင်း ၂၂ သန်းနီးပါးတောင်ရှိပါတယ်။
ဒါ့ကြောင့် စစ်ရှောင် တွေကိုယ်တိုင် နိုင်သလောက် စုပေါင်းစိုက်ပျိုးရေးလုပ်ကြပြီး ရပ်တည်ကြရပါတယ်။ဒီလို အခြေအနေတွေကြောင့် အမျိုးသမီးလစဥ်သုံးပစ္စည်းကိုတစ်ထုပ်ကို ၂၅၀၀-၃၀၀၀ ကျပ်ပေး ဝယ်ဖို့ မတက်နိုင်ပါဘူး။
“ အလှူရှင်တွေ လှူတဲ့အထဲမှာတခါတလေ လစဉ်သုံး တွေပါတက်တယ်။အဲ့လိုခွဲတမ်းရတာလည်း ရှိတယ်” မနှင်းနှင်း ကပြောပါတယ်။
လက်ထဲပိုက်ဆံရှိတဲ့လနဲ့ လူကြုံရှိတဲ့လကြုံရင်လည်းစစ်ရှောင်စခန်းကနေ ၃နာရီ လောက် မောင်းရတဲ့ ရွာကိုသွားဝယ်ပြီးသုံးရတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အဲဒီလို ဝယ်ရတဲ့လကလည်း အတော်ကိုရှားပါးပါတယ်။တနှစ်မှာ ၇ လလောက်ကတော့ အဝတ်စနဲ့ နှစ်ပါးသွားရတာပါပဲ။
စစ်ရှောင်စခန်းမှာအမျိုးသမီးငယ်တွေ ဓမ္မတာစတင်ဆင်းတဲ့ အရွယ်အသက် ၁၃ နှစ်ဝန်းကျင်ကနေ အသက် ၂၀ အတွင်း အမျိုးသမီးငယ်သုံးဆယ်ကျော်ရှိတယ်လို့ သိရပါတယ်။ဒီအမျိုးသမီး တွေအားလုံးဟာ ဓမ္မတာလာချိန်ကို ဒီလိုပဲ ဖြတ်ကျော် နေရတာပါ။
မသဲသဲဆိုရင်ကျောင်းမှာပဲ လုံချည်ပေကျံကုန်လို့ အရှက်ရခဲ့တာခဏခဏပဲလို့ဆိုပါတယ်။သူမကအခု ၈ တန်းကျောင်းသူပါ။ကျောင်းသားတွေ ရှေ့မှာ မကြာခဏ ပေတာမျိုး၊စွန်းတာမျိုးဖြစ်တာမို့ အိမ်ပြန်ရတာမျိုးအထိ လစဉ်နီးပါးကြုံရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နှစ်ရှည်စစ်ဘေးရှောင်ရတာမို့ သန့်ရှင်းတဲ့အဝတ်ရဖို့ကအစခက်ခဲလာပါတယ်။ မိုးရာသီနဲ့ယခုလို ဆောင်းရာသီမှာ ဒီအဝတ်စကို ပြန်သုံးဖို့ အဝတ် မခြောက်တဲ့ပြသနာရှိ နေပြန်ပါတယ်။
“ မီးဖိုမှာ ယောကျာ်းသားထွက်သွားတဲ့ အချိန်ကို စောင့်ပြီး တော့ဒီအဝတ် တွေကို မီးကင်ရတယ်” လို့ မနှင်းနှင်းက ဖွင့်ဟပါတယ်။
ဒီလို ပြသနာ တွေကြောင့် အမျိုးသမီးအင်္ဂါယားယံတာနဲ့ ဆီးသွားရခက်ခဲတာမျိုး တွေကြုံရတယ်လို့ လည်းအမျိုးသမီးငယ်၅ဦး ကပြောပါတယ်။
“ တခါတ လေဆို ရာသီလာရင်း ဗိုက်တွေလှိမ့်အောင့်တာ(အရမ်း အောင့်တာ)မျိုးရှိတယ်။ ဆနွင်းခဲ သောက်ပြီး နေရတာမျိုးနဲ့ ယားယံတာဖြစ်ရင် တော့ဆပ်ပြာနည်းနည်း ရေများများ ဆေးလိုက်တာပဲ။ကြာရင်သူ့ဟာသူ ပျောက်သွားတာပဲ” လို့ နောက်ထပ် ကျောင်းသူတဦး ကပြောပါတယ်။
ဒါ့အပြင် ပိုဆိုးတာက အတွင်းခံ ဘောင်းဘီပါလုံလုံ လောက် လောက်မရှိတာပါ။အလှူရှင်တွေပို့လိုက်တဲ့အထဲ အတွင်းခံ ဘောင်းဘီပါ လာရင် တောင် ဆိုဒ်ကြီးလွန်းတာတွေများတာမို့ အမျိုးသမီးငယ်အများစုက အတွင်းခံမလုံ လောက်ကြဘူးလို့သိရပါတယ်။တဦးကို ၃ထည်နဲ့၄ထည်ကြားသာရှိပြီး ရာသီလာတဲ့ရက်ဆိုရင် အဝတ်စခံသုံးရချိန်မှာ ပေကျံတာမို့ လဲရရင် တရက်ထဲ ၄ထည်လုံးလဲလိုက်ရတာမျိုးအထိ ရှိတယ်လို့ သိရပါတယ်။
ဒီကိစ္စရဲ့ နောက်ဆက်တွဲအ နေနဲ့ အမျိုးသမီးငယ်တွေမှာ မိန်းမကိုယ်ကနေ ယားယံတာကစပြီးဆီးလမ်း ကြောင်းပိုးဝင်တာ မျိုးအထိရှိတယ်လို့ အဲဒီစခန်းမှာ ကျန်းမာ ရေး စောင့်ရှောက်မှု ပေး နေတဲ့ ဆေးအကူအမျိုးသမီး(ကျန်းမာ ရေးဆရာမ)ကပြောပါတယ်။
“ ဒီမှာ ဆေးခန်း ရောက်လာတာတော့ ၃ယောက်လောက်ရှိတယ်။ဆိုးတဲ့သူ တွေကိုတော့ ကျွန်မက ဆရာဝန်ကြီး တွေလာတဲ့ အချိန်ပြခိုင်းလိုက်တာပါ။ဒီအမျိုးသမီးရောဂါနဲ့ ပတ်သက်လို့ကလည်း ကျွန်မဆီမှာ ဘာဆေးဝါးမှရှိမနေပါဘူး” လို့ စစ်ရှောင်စခန်းမှာ ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ဆရာမက ပြောပါတယ်။
ဒါအပြင် အမျိုးသမီးသန့်စင်ဆေးရည်(Ph care)လိုမျိုးတောင် ပုလဲမြို့ပေါ်နဲ့ရွာကြီး တွေမှာရှားပါးပြီး ဝယ်ရခက်ခဲတယ်လို့ အဲဒီဆရာမက ပြောပါတယ်။
စစ်ကောင်စီက ၂၀၂၄ခုနှစ်မှာတကျော့ ပြန်ထိုးစစ် မစတင်ခင်ဩဂုတ်လလောက်ကတည်းက စစ်ကိုင်းတိုင်းဘက်ကို ကုန်ပစ္စည်းသယ်ယူခွင့် တွေကန့်သတ်ခဲ့တာပါ။ရွှေတွင်းသုံးပစ္စည်း၊ပိုက်၊သံ တွေအပါအဝင် ပုလဲမြို့နယ်နဲ့ ကလေးမြို့နယ်မှာဆို ဆန်နဲ့ဆီ ၊စားသောက်ကုန်၊လူသုံးကုန်အားလုံးကို ခွင့်ပြုမိန့်နဲ့ စာထုတ်ကန့်သတ်ခဲ့ပါတယ်။
အဲဒီအထဲမှာ အမျိုးသမီးလစဉ်သုံးတွေပါ ကန့်သတ်ခံရပြီး စစ်ကိုင်းမြို့မှာတင် ဖမ်းဆီးတာ တွေပြုလုပ်ခဲ့ပ်တယ်။အဆိုးရွားဆုံးပိတ်ပင်မှုက၂၀၂၅ ခုနှစ်မတ်လကုန်မှာစစ်ကိုင်း ငလျင်ကြီးအပြီးမှာ ကုန်စည်သယ်ယူခွင့်ကိုလုံးဝ ဖြတ်တောက်တဲ့အထိကို ပိတ်ဆို့ခဲ့တာပါ။
“ ဆေးဝါးလိုမျိုး တော့မရှိဘူး။အဲတာကြောင့် ကျွန်မက ဆေးရည်ကို မြို့တွေပေါ်ခက်ခက်ခဲခဲမှာတာကို ၂ ဗူးပဲရတယ်။အဲတာကိုပဲ ပြန်မျှပေးရတယ်” လို့ ဆရာမက ပြောပါတယ်။
ဒီလိုအခက်အခဲ တွေကို ဖြေရှင်းဖို့နည်းလမ်းကတော့ လက်တလော မရှိသေးဘဲ ဆေးဝါးရဖို့ကိုလည်းတက်နိူင်သမျှသက်ဆိုင်ရာကနေကြိုးစား နေကြတယ်လို့ကျန်းမာရေးဆရာမကပြောပါတယ်။
ကျောင်းတက်နေတဲ့အမျိုးသမီးငယ်လေးတွေက တော့ စစ်ဘေးရှောင်တွေအတွက် လှူဒါန်းပေးသူ တွေအနေနဲ့ အတွင်းခံဘောင်းဘီတွေကိုပါထည့်သွင်းလှူဒါန်းပေး စေချင်တယ်လို့ဆိုကြပါတယ်။

















































