Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဖေဖော်ဝါရီ ၅ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎လွိုင်​ကော် စစ်တပ် လက်နက်ကြီးနဲ့ပစ်လို့ ဘုရား​ကျောင်း အပါအဝင်​အ​ဆောက်အအုံ ၂၀ ​ကျော်ပျက်စီး

ကရင်နီပြည် လွိုင်ကော်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီး​နောက် စစ်ကောင်စီတပ်က ဘုရားကျောင်းနဲ့ လူနေအိမ်များကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ ပစ်ခတ်​တာကြောင့် အဆောက်အဦး ၂၀ ကျော်ပျက်စီးခဲ့တယ်လို့ တိုးတက်သော ကရင်နီအင်အားစု PKPF က ဒီနေ့ ထုတ်ပြန်ပါတယ်။

("ဝမ်းနည်းသောမယ်တော်ဘုရားကျောင်း" လက်နက်ကြီးကျည်ထိသဖြင့်ပျက်စီး​နေမှုနှင့် စစ်​ကောင်စီတပ်ပစ်ခတ်​သောလက်နက်ကြီးကျည်အစိတ်အပိုင်းများ။ ဓါတ်ပုံ-PKPF/CJ)
(“ဝမ်းနည်းသောမယ်တော်ဘုရားကျောင်း” လက်နက်ကြီးကျည်ထိသဖြင့်ပျက်စီး​နေမှုနှင့် စစ်​ကောင်စီတပ်ပစ်ခတ်​သောလက်နက်ကြီးကျည်အစိတ်အပိုင်းများ။ ဓါတ်ပုံ-PKPF/CJ)

မနေ့က တိုက်ပွဲပြင်းထန်ပြီးနောက် ည ၁၀ နာရီ ခွဲခန့်မှာ စစ်တပ်က လွိုင်ကော်မြို့ ဝါရီကောခူကျေးရွာနဲ့ အနီးတစ်ဝိုက်သို့ လက်နက်ကြီးများနဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ လက်နက်ကြီး အပစ်ခံရတဲ့ နေရာနဲ့က ဘာမှမဆိုင်ဘဲ ပေါက်ကွဲတဲ့ လက်နက်ကြီး အခွံချည်းပဲ အလုံး ၇၀ ကျော် တွေ့တယ်လို့ ကရင်နီဒေသခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် “ဝမ်းနည်းသောမယ်တော်ဘုရားကျောင်း” အမိုးပွင့် ပျက်စီး​နေတာတွေ့ရပါတယ်။

("ဝမ်းနည်းသောမယ်တော်ဘုရားကျောင်း" လက်နက်ကြီးကျည်ထိသဖြင့်ပျက်စီး​နေမှုနှင့် စစ်​ကောင်စီတပ်ပစ်ခတ်​သောလက်နက်ကြီးကျည်အစိတ်အပိုင်းများ။ ဓါတ်ပုံ-PKPF/CJ)
(“ဝမ်းနည်းသောမယ်တော်ဘုရားကျောင်း” လက်နက်ကြီးကျည်ထိသဖြင့်ပျက်စီး​နေမှုနှင့် စစ်​ကောင်စီတပ်ပစ်ခတ်​သောလက်နက်ကြီးကျည်အစိတ်အပိုင်းများ။ ဓါတ်ပုံ-PKPF/CJ)

▪︎‘ရောင်နီလာရာလမ်း’မှတ်တမ်းရုပ်ရှင် အဖွင့် သိန်းကိုးရာကျော်ရ

ရောင်နီလာရာလမ်းမှတ်တမ်း ရုပ်ရှင်ရဲ့ အဖွင့်ပွဲကို ဂျပန်နိုင်ငံမှာ ပြသခဲ့ရာ လက်မှတ်ခ ငွေသိန်း ကိုးရာကျော်ရရှိခဲ့တယ်လို့ ဒါရိုက်တာကိုပေါက်က အသိပေးထားပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့လယ်က ပရိသတ် ၁၃၀၀ ဆံ့တဲ့ ရုံကြီးမှာ လက်မှတ် ၁၂၀၀ ကျော်ရောင်းကုန်ခဲ့တာဖြစ်ပါတယ်။ ဂျပန်ရောက် မြန်မာတွေကို အရမ်းလေးစားကြောင်းနဲ့ သူတို့တွေဟာ တော်လှန်ရေးအတွက် အမြဲတက်ကြွတယ်လို့ ကိုပေါက်က ချီးကျူးပါတယ်။ ရောင်နီလာရာလမ်း ရုပ်ရှင်ဟာ တော်လှန်ရေးကာလ ကြုံခဲ့ရတဲ့ ဒါရိုက်တာကိုပေါက်ရဲ့ အကြောင်းကို မှတ်တမ်းတင်ရိုက်ကူးထားတာပါ။

ရောင်နီလာရာလမ်းမှတ်တမ်းရုပ်ရှင်အဖွင့် သိန်းကိုးရာကျော်ရ
ရောင်နီလာရာလမ်းမှတ်တမ်းရုပ်ရှင်အဖွင့် သိန်းကိုးရာကျော်ရ

▪︎နိုင်ငံရေးရည်မှန်းချက်များကို အားသွန်ခွန်စိုက် ကြိုးပမ်းဖို့ KNU ဥက္ကဋ္ဌတိုက်တွန်း

ကရင်အမျိုးသားအစည်းအရုံး(KNU) အဖွဲ့ဝင်များ၊ ကရင့်အမျိုးသားတော်လှန်ရေးသမားများအနေနဲ့ ကရင်အမျိုးသားများအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတာကို ခံယူကာ ကရင့်အမျိုးသားများရဲ့ နိုင်ငံရေးရည်မှန်းချက်များ ပြီးမြောက်အောင်မြင်သည်အထိ အကောင်အထည်ဖော်ဆောင်နိုင်ဖို့ ကျရာ တာဝန်အသီးသီးမှာ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြဖို့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက တိုက်တွန်းနှိုးဆော်ပါတယ်။ ဒီနေ့ကျရောက်တဲ့ KNU ရဲ့ (၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့သို့ ပေးပို့တဲ့ KNU ဥက္ကဋ္ဌရဲ့ သဝဏ်လွှာမှာ ဖော်ပြခဲ့တာပါ။ ဒါ့အပြင် ကရင်အမျိုးသားနဲ့ ပြည်သူများအကျိုး ဖျက်ဆီးတဲ့အရာမှန်သမျှကို ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ ကရင်လက်နက်ကိုင် ညီညွတ်ရေးလုပ်ငန်းကော်မတီကလည်း ထုတ်ပြန်ထားပါတယ်။ ကော်မတီဟာ တန်းတူရေး နဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ကရင့်လက်နက်ကိုင် စည်းလုံးညီညွတ်ရေးအခြေခံမူနဲ့ အခြေခံသဘောထားများအပေါ် ရပ်တည်ပြီး မူမဲ့လုပ်ရပ်များကို ဆန့်ကျင်ကာ ကရင်အမျိုးသားနဲ့ ပြည်သူလူထု တစ်ရပ်လုံးမှ ရင်ဆိုင်ရမယ့် အန္တရာယ်နဲ့ ထိခိုက်နစ်နာမှုများကို အကာကွယ်ပြုသွားမယ်လို့ ထုတ်ပြန်ပါတယ်။

KNU ဦးစီးမှုအောက်ရှိတဲ့အဖွဲ့အစည်းတွေနဲ့အဖွဲ့ဝင်တွေ နားလည်မှုနဲ့ ပူးပေါင်းကြဖို့တိုက်တွန်း
KNU ဦးစီးမှုအောက်ရှိတဲ့အဖွဲ့အစည်းတွေနဲ့အဖွဲ့ဝင်တွေ နားလည်မှုနဲ့ ပူးပေါင်းကြဖို့တိုက်တွန်း

▪︎စစ်​ကောင်စီဝင်ဖြစ်လာတဲ့​ဒေါ်ဒွဲဘူ ပါတီမှနုတ်ထွက်ပြီးဖြစ်ဟု KSPP ကြေညာ

စစ်ကောင်စီဝင်အဖွဲ့မှာပါဝင်တဲ့ ဒေါ်ဒွဲဘူဟာ ကချင်ပြည်နယ် ပြည်သူ့ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်​ကော်မတီ ဒုတိယဥက္ကဋ္ဌတာဝန်အဖြစ်ရော၊ ပါတီဝင်အဖြစ်မှပါ နုတ်ထွက်ပြီးဖြစ်တယ်လို့ ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP)က ကြေညာချက်ထုတ်ပြန်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုက စစ်ကောင်စီကို ဖေဖော်ဝါရီ ၁ ရက်မှာ ပြင်ဆင်ဖွဲ့စည်းခဲ့ရာ KSPP ပါတီ ဒုတိယဥက္ကဌ ဒေါ်ဒွဲဘူ ပါဝင်လာခဲ့တာပါ။ ကချင်ပြည်နယ်ပြည်သူ့ပါတီဟာ အများပြည်သူများရဲ့ ဆန္ဒသဘောထားကို အစဉ်လေးစား တန်ဖိုးထားပြီး ပါတီရဲ့ လုပ်ငန်းစဉ်များကို ရိုးသားစွာနဲ့ သယ်ပိုးဆောင်ရွက်နေတဲ့ ပါတီ တစ်ခုဖြစ်တယ်လို့ ဖော်ပြပါတယ်။ ဒေါ်ဒွဲဘူကဲ့သို့ ကချင်အမျိုးသမီးနိုင်ငံရေးလှုပ်ရှားသူတစ်ဦး ပါဝင်လာမှုကို ကချင်လူထုအသိုင်းအဝိုင်းက အပြင်းအထန် ကန့်ကွက်နေကြပါတယ်။

စစ်​ကောင်စီဝင်ဖြစ်လာ​သော​ဒေါ်ဒွဲဘူ KSPP မှနှုတ်ထွက်ပြီးဖြစ်ဟုပါတီဆို
စစ်​ကောင်စီဝင်ဖြစ်လာ​သော​ဒေါ်ဒွဲဘူ KSPP မှနှုတ်ထွက်ပြီးဖြစ်ဟုပါတီဆို

▪︎အိန္ဒိယအစိုးရ ကန့်ကွက်လို့ မြန်မာ့အရေးဆန္ဒပြပွဲ အကောင်အထည်မဖော်ဖြစ်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ မနေ့က ပြုလုပ်မယ့် စစ်အာဏာရှင်ဆန့်ကျင်ရေးအသံတိတ်သပိတ်ဟာ အိန္ဒိယဗဟိုအစိုးရ ကန့်ကွက်လို့ ဖျက်သိမ်းလိုက်ရပါတယ်။ စစ်အာဏာသိမ်း ၂ နှစ်ပြည့်နဲ့ စစ်ရှောင် ဒုက္ခသည်တွေကို ကူညီပေးတဲ့ မီဇိုရမ် အစိုးရ အပါအဝင် အဖွဲ့အစည်းအသီးသီးကိုကျေးဇူးတင်ကြောင်းပြသတဲ့ အသံတိတ်သပိတ်လမ်းလျှောက်ဆန္ဒပွဲ ဖျက်သိမ်းခဲ့ရတာလို့ ဒီမိုကရေစီလှုပ်ရှားတဲ့ India For Myanmar အဖွဲ့က အသိပေးပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ကမ္ဘာ့ဒီမိုကရေစီအင်အားကြီးနိုင်ငံဖြစ်တဲ့ အိန္ဒိယရဲ့ ရပ်တည်ချက်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့လအတွင်း အိန္ဒိယ − မြန်မာ နယ်စပ်က မြန်မာဘက်ခြမ်းမှာရှိတဲ့ ချင်အမျိုးသားတပ်ဦး (CNF) ရဲ့ ဌာနချုပ်ကို စစ်ကောင်စီလေတပ်က ဗုံးကြဲတဲ့ ဖြစ်စဉ်မှာဆို အိန္ဒိယ လေပိုင်နက်ထဲ တိုက်လေယာဉ်တွေ ကျုးကျော်ပျံသန်းသလို အိန္ဒိယဘက်ခြမ်းထဲ ဗုံးကျတာတွေရှိခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့တွေက ဆိုကြပါတယ်။

▪︎မန္တလေးမှာ တစ်ပတ်အတွင်း ရာအိမ်မှူး နှစ်ဦး ပစ်သတ်ခံရ

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက်မှာ တစ်ပတ်အတွင်း စစ်ကောင်စီ လက်အောက်ခံ ရာအိမ်မှူး နှစ်ဦး နေအိမ်မှာ ပစ်သတ်ခံခဲ့ရပါတယ်။ ပစ်သတ်ခံရသူဟာ အသက် ၆၆ နှစ်အရွယ် ရာအိမ်မှူး ဦးခင်မောင်ငြိမ်း နဲ့ အသက် ၆၉ နှစ်အရွယ် ရာအိမ်မှူး ဦးသာဌေးတို့ဖြစ်တယ်လို့ဒေသခံတွေဆီက သိရပါတယ်။ ဦးသာဌေးဟာ မနေ့ မနက်ပိုင်းက ပစ်ခတ်ခံရတာဖြစ်ပြီး ဦးခင်မောင်ငြိမ်းကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်က ပစ်ခတ်ခံရတာပါ။ သူတို့နှစ်ဦးစလုံးဟာ သူတို့ရဲ့ နေအိမ်မှာ ရှိနေချိန်မှာပဲ ပစ်သတ်ခံရတာဖြစ်ပါတယ်။ သင်ပန်းကုန်းရပ်ကွက်ဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့ရှာဖွေတာကို မကြာခဏ ခံရတဲ့ရပ်ကွက်ဖြစ်ပြီး ကျုးကျော်ဆိုပြီး နေအိမ်တွေဖယ်ရှားခံရတာကိုလည်း ကြုံထားရပါတယ်။

▪︎မြို့သာ-မြင်းခြံလမ်းပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲခံရ

မန္တလေးတိုင်း၊ မြို့သာ-မြင်းခြံလမ်းပိုင်းမှာ အိမ်စီးကားနဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးတယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မနေ့ နေ့ခင်းက မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာမှ မြင်းခြံမြို့သို့ထွက်ခွာလာတဲ့ အိမ်စီးကားတစ်စီးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးတင်ဆောင်လာကြောင်း သတင်းကြိုရလို့ ပဒေသာမိုင်း ခြောက်လုံးတွဲနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိတယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က ဖော်ပြပါတယ်။

▪︎ရွာစဥ်ပတ်မီးရှို့နေတဲ့ စစ်ကြောင်းကို PDF များ ကြားဖြတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ရွာစဥ်ပတ်မီးရှို့နေတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးခန့်သေဆုံးတယ်လို့ GZ Specisl Task Force-Wet Let အဖွဲ့​ခေါင်း​ဆောင် ကိုဂျီဇက်က​ပြောပါတယ်။ ဖေဖော်ဝါရီလ ၃ ရက်က ဝက်လက်နယ်အနောက်ခြမ်း၊ မန်ကျည်းတုံရွာမှ တကောင်းမင်းရွာဘက်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက လက်နက်ကြီးတွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးခန့်သေဆုံးတယ်လို့ GZ အဖွဲ့က ပြောပါတယ်။

(GZ Specisl Task Force-ဝက်လက်တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-GZ-SPF-ဝက်လက်)
(GZ Specisl Task Force-ဝက်လက်တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-GZ-SPF-ဝက်လက်)

You May Also Like