Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကိုဗစ် ကပ်ရောဂါအတွက် အရေးပေါ် အခြေအနေ သတ်မှတ်ချက်ကို ဆက်ထားရှိဖို့ WHO ဆုံးဖြတ်

လောလောဆယ်မှာ ကိုဗစ်ရောဂါရဲ့ သဘောသဘာဝဟာ စပ်ကူးမတ်ကူး ကာလမျိုးကို ဖြတ်သန်း ဝင်ရောက်နေဆဲဖြစ်ပြီး အလေးထား စောင့်ကြည့်မှုတွေ ဆက်လက် လိုအပ်နေတယ်လို့ ကော်မတီက မှတ်ချက် ပေးခဲ့ပါတယ်။

ကိုဗစ် ကပ်ရောဂါအတွက် အရေးပေါ် အခြေအနေ သတ်မှတ်ချက်ကို ဆက်ထားရှိဖို့ WHO ဆုံးဖြတ်
ကိုဗစ် ကပ်ရောဂါအတွက် အရေးပေါ် အခြေအနေ သတ်မှတ်ချက်ကို ဆက်ထားရှိဖို့ WHO ဆုံးဖြတ်

ကိုဗစ် ကပ်ရောဂါအတွက် နိုင်ငံတကာ ကျန်းမာရေး အရေးပေါ် အခြေအနေ သတ်မှတ်ထားမှုကို ဆက်လက် ထားရှိဖို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ဆုံးဖြတ်လိုက်ပါတယ်။

ဇန်နဝါရီ ၃၀ က ကျင်းပခဲ့တဲ့ WHO ထိပ်သီး ညီလာခံရဲ့ ဆွေးနွေးမှု ရလဒ်ကို အဖွဲ့အစည်းရဲ့ အကြီးအကဲ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂျီဘရီယီးဆက်စ်က အတည်ပြု ကြေညာခဲ့ပါတယ်။ WHOဟာ ကိုဗစ် ကပ်ရောဂါကို အမြင့်ဆုံးအဆင့် ကမ္ဘာ့ ကျန်းမာရေး ပြဿနာကြီးအဖြစ် ကြေညာထားတာ ၃ နှစ်လောက် ရှိခဲ့ပါပြီ။

မူလက အခုလကုန်ပိုင်းမှာ အဲဒီ ကြေညာချက်ကို ပယ်ဖျက်နိုင်ဖို့ WHOက မျှော်လင့်ထားပေမယ့် ကမ္ဘာ့နိုင်ငံ တချို့မှာ ကိုဗစ်လှိုင်း ရိုက်ခတ်မှုတွေ အတောမသတ်နိုင်သေးဘဲ အပတ်စဉ် ကမ္ဘာအနှံ့မှာ အဲဒီ ရောဂါကြောင့် လူပေါင်း သောင်းနဲ့ချီ သေဆုံးနေဆဲ ဖြစ်တဲ့အတွက် ကျန်းမာရေး အရေးပေါ် အခြေအနေ သတ်မှတ်ချက်ကို ဆက်ထားဖို့ ဆုံးဖြတ်ခဲ့ရကြောင်း ဒေါက်တာ ဂျီဘရီယီးဆက်စ်က ဆိုပါတယ်။

ကိုဗစ်အတွက် နိုင်ငံတကာ ကျန်းမာရေး အရေးပေါ် အခြေအနေ သတ်မှတ်ထားမှုကို ရုပ်သိမ်းဖို့ သင့်မသင့် WHOရဲ့ နိုင်ငံတကာ ကျန်းမာရေး စံနှုန်းဆိုင်ရာ အရေးပေါ် ကော်မတီ အစည်းအဝေးမှာ အကျေအလည် ဆွေးနွေးခဲ့ကြတာပါ။

လောလောဆယ်မှာ ကိုဗစ်ရောဂါရဲ့ သဘောသဘာဝဟာ စပ်ကူးမတ်ကူး ကာလမျိုးကို ဖြတ်သန်း ဝင်ရောက်နေဆဲဖြစ်ပြီး အလေးထား စောင့်ကြည့်မှုတွေ ဆက်လက် လိုအပ်နေတယ်လို့ ကော်မတီက မှတ်ချက် ပေးခဲ့ပါတယ်။

ကိုဗစ်ဟာ လူ့သမိုင်းမှာ ကြောက်စရာ အကောင်းဆုံး ကူးစက်မြန် ကပ်ရောဂါဆိုး တစ်ခုအနေနဲ့ သတ်မှတ် ခံခဲ့ရပေမယ့် ၂၀၂၀ ပြည့်နှစ်ကုန်ပိုင်းမှာ အစွမ်းထက် ကာကွယ်ဆေးတွေ စတင် ထုတ်လုပ်လာနိုင်ခြင်းနဲ့အတူ အခြေအနေတွေကို ပြန်လည် ထိန်းညှိလာနိုင်ခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံ အများစုမှာ ကပ်ရောဂါ ထိန်းသိမ်းရေးဆိုင်ရာ ကန့်သတ်ချက်တွေကို ဖြေလျှော့လိုက်ပြီ ဖြစ်ပေမယ့် လွန်ခဲ့တဲ့ သီတင်း ၈ ပတ်အတွင်း ကမ္ဘာတလွှားမှာ ကိုဗစ်ကြောင့် အသက်ဆုံးရှုံးသူ ၁၇၀၀၀၀ ကျော် ရှိနေဆဲလို့ WHOက ထောက်ပြခဲ့ပါတယ်။

၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက်က တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဝူဟန်မြို့ကနေ စတင် ပျံ့နှံ့လာတဲ့ ကိုရိုနာ ဗိုင်းရပ်စ် အမျိုးအစားသစ်ကြောင့် ကမ္ဘာ့ကပ်ရောဂါကြီး အစပြုခဲ့ပြီး ၃ နှစ်လောက် ကာလအတွင်း လူပေါင်း ၆.၈ သန်းကျော် သေကြေ ပျက်စီးခဲ့ရပါတယ်။

You May Also Like

ဗီဒီယို

WHOက ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်သလို အလားတူ အခြေအနေတွေ ပေါ်ပေါက်မလာအောင် နိုင်ငံ အသီးသီးရဲ့ အစိုးရတွေက နိုးနိုးကြားကြား ပြင်ဆင်ထားဖို့လည်း ဆော်ဩခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နှစ်သစ်ကူးကို အကြောင်းပြုပြီး ဒေသတချို့မှာ ရောဂါ ဖြစ်ပွားနှုန်း တိုးလာတာမျိုး ကြုံကောင်း ကြုံရနိုင်ကြောင်း၊ ဒါပေမဲ့ နောက်တစ်ကြိမ် ကိုဗစ်ကူးစက်မှုလှိုင်း အကြီးအကျယ် ရိုက်ခတ်တာမျိုးကတော့ လာမယ့် လပိုင်းတွေအတွင်း မဖြစ်နိုင်လောက်တော့ကြောင်း ဝူက မှတ်ချက် ပေးခဲ့ပါတယ်။

နိုင်ငံတကာ

မြို့တော် လီမာနဲ့ နိုင်ငံတောင်ပိုင်း ဒေသနှစ်ခုမှာ လတ်တလော ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေဟာ တောင်အမေရိက ဒေသတွင်း နိုင်ငံရဲ့ သမိုင်းမှာ နှစ်ပေါင်း ၂၀ အတွင်း အဆိုးရွားဆုံး ဆူပူ အကြမ်းဖက်မှုတွေကို ပေါ်ပေါက်လာစေခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ် အာဏာပိုင်တွေကတော့ အခုအခါမှာ ကိုဗစ် ကူးစက်မှုနှုန်းဟာ အမြင့်ဆုံး အဆင့်ကို ကျော်လွန်ခဲ့ပြီးပြီလို့ ယုံကြည်ယူဆကြောင်း ပြောပါတယ်။ တရုတ်နိုင်ငံဟာ ကူးစက်နှုန်း အရမ်းမြန်တဲ့ Omicron ဆင့်ကဲမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် တစ်မျိုးရဲ့ ဒဏ်ကို ခံနေရတာပါ။