▪︎စစ်ကောင်စီတပ်လေကြောင်းကဗုံးကျဲခဲ့တဲ့မိုးတားရွာမှဒေသခံတစ်ဦးနှင့် မေးမြန်းခန်း
စစ်ကောင်စီသည် ကသာမြို့နယ် မိုးတားရွာကို ဇန်နဝါရီ ၁၈ရက်ညနေကလေကြောင်းမှ ဗုံးကြဲခဲ့သည်။ရွာအတွင်း တိုက်ပွဲလုံးဝ မဖြစ်ဘဲ အလှူတစ်ခုလုပ်ျနချိန်တွင် ဗုံးကျဲခဲ့ခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။ ရွာအတွင်းလေကြောင်းမှ ဗုံးကျဲမှုကြောင့် ဒေသခံပြည်သူ ၇ဦးသေဆုံးပြီး ၃၀ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။သေဆုံးသူများတွင် ကနဦး စုံစမ်းသိရသည်မှာ ဒေါ်ညို ၊ ဒေါ်တင်ငြိမ်း ၊မစန်း ၊မအေးခိုင် ၊ ဒေါ်ခင်မာကြည် ၊ ဦးမောင်လွင် တို့ဖြစ်ပြီး တစ်ဦး၏ အမည်ကိုမူမသိရသေးပေ။မိုးတားကျေးရွာဗုံးကျဲခံရမှုကို ကိုယ်တိုင်ကြုံခဲ့သောဒေသခံတစ်ဦးအား People’s Spring က ဆက်သွယ်မေးမြန်းထားပါသည်။
မေး- မနေ့က ဘာတွေဖြစ်ခဲ့လဲ သိပါရစေ။
ဖြေ- မနက် ၁၁ နာရီ ၁၅ မိနစ်လောက်မှာ တိုက်ပွဲဖြစ်တဲ့အသံတွေကျွန်တော်တို့ကြားပါတယ်။ တိုက်ပွဲက လေကြောင်းကျဲချခံရတဲ့နေရာကနေ ၅ မိုင်ကျော်ကျော်လောက်ဝေးပါတယ်။ ဝေးတဲ့အခါကျတော့ ပြည်သူတွေက ခါတိုင်းနေသလိုပဲနေနေကြတာပါ။ ညနေ ၄ နာရီကျော်လောက်မှာ လေယာဉ် ၂ စီးဝဲလာတာတွေ့လို့ မော့ကြည့်နေကြတာပါ။ အဲဒီအချိန်မှာပဲ လေယဉ်နဲ့ဗုံးကျဲချတာပါ။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့မဆိုင်ဘဲ ပစ်ချသွားတာ။
မေး- ဘယ်အဖွဲ့တွေနဲ့တိုက်ပွဲဖြစ်တယ်လို့ ကြားလဲ
ဖြေ- တိုက်ပွဲက ABSDFရယ် ၊KIA ရယ် ၊PDF ရယ်ပေါင်းပြီးတိုက်တာလို့ကြားပါတယ်။ စစ်ကောင်စီဘက်က အကျအရှုံးများပြီး လာပစ်တာမှာ ရွာကိုချသွားတာ။
မေး- အဲဘက်မှာတိုက်ပွဲက ဘယ်နေ့ကစဖြစ်တာလဲ။
ဖြေ- မနေ့က မနက်ဆယ်နာရီကျော်လောက်ကစပြီး ပစ်ခတ်သံတွေကြားနေရတာ။ ရွာနဲ့က ဝေးတော့ ခပ်သဲ့သဲ့ပဲ ကြားရတာပါ။
မေး- ရွာထဲဘဗုံးကျဲခံရတဲ့အတွက်ထိခိုက်သေဆုံးမှုတွေသိပါရစေ။
ဖြေ- ဒေသခံ ၇ ဦးသေဆုံးသွားပါတယ်။ ၄ ဦးကဒဏ်ရာအပြင်းအထန်ရထားပါတယ်။ အသေးစားဒဏ်ရာရတဲ့သူက ၃၀ ကျော်ပါတယ်။ သေဆုံးတာက အမျိုးသမီး ၆ယောက်၊အမျိုးသား၁ယောက်ပါ။
မေး- လတ်တလောရွာအခြေအနေက ဘယ်လိုဖြစ်နေလဲ။
ဖြေ- နောက်ထပ် လေကြောင်း တိုက်ခိုက်မှုတွေလာမယ်ဆိုလို့ ဒေသခံတွေ မနေရဲကြဘဲ ထွက်ပြေးနေကြရပါတယ်။
မေး – မိုးတားရွာကို စစ်ကောင်စီက အရင်တုန်းက ဝင်ခဲ့ဖူးလား။
ဖြေ- အရင်တုန်းကလည်း ဝင်မွှေဖူးပါတယ်။ အိမ်တစ်ချို့ကိုလည်းမီးရှို့ဖျက်ဆီးသွားဖူးပါတယ်။
မေး- ရွာမှာဗုံးခိုကျင်းတွေ တူးထားကြလား။
ဖြေ – ရွာမှာ တိုက်ပွဲဖြစ်တာမရှိခဲ့တော့ ဗုံးခိုကျင်းလည်းမတူးထားမိကြပါဘူး။ ဗုံးခိုကျင်းမရှိပါဘူး။
မေး- မိုးတားရွာ တည်ရှိတဲ့ပုံစံကိုပြောပြပေးပါလား။
ဖြေ- ရွာက ပြည်သူတွေဒီအတိုင်းသီးသန့်နေတဲ့ရွာကြီးပါ။ ရွာမှာတင်ရပ်ကွက် ငါးခုရှိပါတယ်။ အိမ်ခြေထောင့်နှစ်ရာနဲ့ လျှပ်စစ်မီးတွေရှိတဲ့ရွာကြီးပါ။
မေး- တိုက်ပွဲဖြစ်တဲ့နေရာနဲ့ မှားနိုင်တဲ့အနေအထားမျိုးရှိလား။
ဖြေ- ဘာမှမမှားနိုင်ဘူး။ တောတောင်လည်းမထူတတ်ဘူး။ ရှေ့ဘက်မှာဆိုဧရာဝတီ မြစ်ကြီးရှိတယ်။ ဘုရားစေတီတွေလည်းရှိတယ်။ ဘုရားကုန်းတွေလည်းရှိတယ်။ မိုးတားကျေးရွာကဘုရားကြီးဆိုရင် အထက်ဗမာပြည်မှာ ဉာဏ်တော်အမြင့်ဆုံးလို့ပြောလို့ရပါတယ်။ ဒါကြောင့်ဘုရားကြီးလိုအမည်ပေးထားတာပါ။ ရှင်းရှင်းလင်းလင်းကြီးပါ။ အိမ်ခြေတွေလည်းအရမ်းစိပ်ပါတယ်။ ကျယ်ပြန့်တဲ့စိုက်ခင်းတွေလည်း အများကြီးရှိပါတယ်။ တမင်သက်သက်ကို ချသွားတာပါ။
မေး- လေယာဉ်ဘယ်နှစ်စီးနဲ့ လာပစ်တာလဲ။
ဖြေ- နှစ်စီးနဲ့လာပစ်တာ။ ဗုံးကြီးတွေ ချသွားတာ။မိုးတားရွာရဲ့နေရာလေးခုကို ဗုံးကျဲချသွားတာပါ။
မေး- လေကြောင်းကနေ လာမတိုက်ခင် ရွာထဲကအခြေအနေကို ပြောပြပေးပါလား။
ဖြေ- ရွာထဲမှာ ဒေသအလှူတစ်ခု လုပ်နေတာပါ။ လူတွေက အလှူကိုရောက်နေတာ။ အဲဒီအလှူကိုကြည့်ခြင်းအားဖြင့်လည်း ကျနော်တို့ရွာမှာတိုက်ပွဲမဖြစ်ဘူးဆိုတာလုံးဝပေါ်လွင်ပါတယ်။ လေယာဉ်တွေပျံလာတော့ ငေးကြည့်သူကြည့်၊ ကိုယ့်အိမ်ကိုယ်ပြန်သူပြန်နဲ့ အဲဒီလိုအခြေအနေမှာ ပစ်ချသွားတာပါ။
မေး- သေဆုံးတဲ့သူတွေ၊ဒဏ်ရာရတဲ့သူတွေ အနေအထားကရော။
ဖြေ – လေးယောက်ကတော့ မီးထဲမှာတင် သေဆုံးသွားတာပါ။ တချို့က ရုပ်မပီသတော့အောင်ဖြစ်ပြီး သေဆုံးတာပါ။ သုံးနှစ်သားကလေးတစ်ယောက်ဆိုရင် မီးလောင်နေတဲ့ အမေရဲ့ရင်ခွင်ထဲကနေ သွေးတွေနဲ့ ထွက်ပြေးလာခဲ့တာပါ။
မေး- အခုလို လေကြောင်းကနေပစ်တဲ့အပေါ် ဘာပြောချင်လဲ။
မေး – တိုက်ပွဲဆိုတာကတော့ဖြစ်လို့ရတယ်။ ဒါပေမယ့် ပြည်သူတွေကို အခုလို လုပ်တဲ့အပေါ် တစ်ရွာလုံးက စက်ဆုပ်ရွံရှာနေပြီ။
မေး- လေကြောင်းကနေ လာတိုက်ဦးမယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်နေတယ်ကြားတယ်။
ဖြေ-ဟုတ်ပါတယ်။ မနေ့ညကလည်း တံတားဦးကနေ တက်လာပြီတို့၊ ဒီမနက်လည်း လာအုံးမှာဆိုပြီး လူတွေက ကြောက်လန့်ပြီး ထွက်ပြေးနေကြရတယ်။ တချို့ဆို ငါတို့က မပုန်းတတ်ဘူး။ သွားစရာနေရလည်းမရှိဘူး။ လာပစ်လည်း ခံလိုက်တော့မယ်ဆိုပြီးဒီအတိုင်း ငိုယိုနေသူတချို့လည်းရှိနေပါတယ်။
မေး – ဒီဖြစ်ရပ်တခုလုံးပေါ်မှာ ခြုံပြီးတော့ဒေသခံတစ်ယောက်နေနဲ့ဘာပြောချင်လဲ။
ဖြေ- ပြည်သူတွေကို လေကြောင်းကနေ တိုက်နေတဲ့ အသံတွေလည်း ကျနော်တို့ကြားခဲ့ဖူးပါတယ်။အခုလည်း ကျွန်တော်တို့ရွာကို ပစ်ချသွားပြီ။ ထပ်လာပစ်မှာကိုလည်း စိုးရိမ်ထိန့်လန့်နေကြရတယ်။ ဒီလို ပြည်သူတွေအပေါ် လေကြောင်းကနေဗုံးကြဲချတဲ့လုပ်ရပ်တွေကို ရပ်တန့်အောင်လုပ်နိုင်တဲ့အဖွဲ့အစည်းတွေရှိရင် ရပ်တန့်အောင်လုပ်ပေးကြပါလို့တောင်းဆိုချင်ပါတယ်။
မေး- ပစ်တဲ့စစ်ကောင်စီတပ်လေယာဥ်မှူးတွေကိုရော ဘာပြောချင်လဲ။
ဖြေ- သိပ်ပြောချင်ပါတယ်။ သူတို့ပစ်လို့ ပြည်သူတွေထိခိုက်တဲ့ သတင်းတွေကို သတင်းမီဒီယာတွေ ပေါ်မှာတက်လာတဲ့ ပုံတွေကိုတဆိတ်လောက်ကြည့်ပေးပါ။ ဒါတွေဟာ ငါတို့ရဲ့ပြည်သူပြည်သားတွေပါလား။ ငါတို့တတ်မြောက်ထားတဲ့ပညာတွေက ပြည်သူတွေထောက်ပံ့ထားတဲ့ ပိုက်ဆံတွေနဲ့ သင်ယူတတ်မြောက်ထားတာ။ ဒါပေမယ့် ပြည်သူတွေကိုကာကွယ်ရမယ့်အစား ဗုံးကြဲချမိပြီဆိုပြီး နောင်တတရားရပြီး အမြန်ဆုံးအလင်းဝင်နိုင်ပါစေ။ နောက်နောင်လည်း ရွာတွေအပေါ်ကို အခုလိုမလုပ်ဖို့ ကျနော်တို့တောင်းဆိုချင်ပါတယ်။