Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လွတ်လပ်ခွင့်မရှိတဲ့အဆိုးဆုံး ၁၆ နိုင်ငံထဲမှာမြန်မာပါဝင် နေတယ်လို့ Freedom House ထုတ်ပြန်

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလွတ်လပ်ခွင့်ဟာ လုံးဝဆိတ်သုဥ်းနေပြီး လွတ်လပ်ခွင့်မရှိတဲ့နိုင်ငံစာရင်းမှာ ပါဝင်နေတယ်လို့ Freedom House ရဲ့ ၂၀၂၃ အတွက် အစီရင်ခံစာမှာ​ဖော်ပြထားပါတယ်။

လွတ်လပ်ခွင့်မရှိတဲ့အဆိုးဆုံး ၁၆ နိုင်ငံထဲမှာမြန်မာပါဝင် နေတယ်လို့ Freedom House ထုတ်ပြန်
လွတ်လပ်ခွင့်မရှိတဲ့အဆိုးဆုံး ၁၆ နိုင်ငံထဲမှာမြန်မာပါဝင် နေတယ်လို့ Freedom House ထုတ်ပြန်

ကမ္ဘာ​ပေါ်မှာ နိုင်ငံ​ရေးလွတ်လပ်ခွင့်နဲ့ နိုင်ငံသားများဆိုင်ရာလွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံ​ပေါင်း ၅၇ နိုင်ငံထဲမှာမှ စစ်အုပ်စုအာဏာသိမ်းမှု​ကြောင့် မြန်မာနိုင်ငံဟာအဆိုးဆုံး ၁၆ နိုင်ငံစာရင်းမှာပါ​နေတယ်လို့Freedom Houseကထုတ်ပြန်လိုက်ပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလွတ်လပ်ခွင့်ဟာ လုံးဝဆိတ်သုဥ်းနေပြီး လွတ်လပ်ခွင့်မရှိတဲ့နိုင်ငံစာရင်းမှာ ပါဝင်နေတယ်လို့ Freedom House ရဲ့ ၂၀၂၃ အတွက် အစီရင်ခံစာမှာ​ဖော်ပြထားပါတယ်။

ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်ခွင့်တွေကို စောင့်ကြည့်နေတဲ့ အမေရိကန် ဝါရှင်တန်အခြေစိုက် Freedom House အဖွဲ့ရဲ့ ၂၀၂၃ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ပေးမှတ် ၁၀၀ မှာရမှတ် ၉ မှတ်သာ ရရှိတာကို တွေ့ရပါတယ်။ နိုင်ငံရေးဆိုင်ရာလွတ်လပ်ခွင့်(Political Rights) ပေးမှတ် ၄၀ မှာ သုံညမှတ် ရရှိပြီး နိုင်ငံသားလွတ်လပ်ခွင့်များ(civil liberties) ပေးမှတ် ၆၀ မှာ ၉ မှတ်ရရှိတယ်လို့ Freedom House က သတ်မှတ်ပါတယ်။

ဒါ​ကြောင့် လွတ်လပ်ခွင့် မရှိဆုံး ၁၆ နိုင်ငံစာရင်းမှာလည်း ​တောင်ဆူဒန်၊​မြောက်ကိုရီးယား ၊ဆီးရီးယား တို့လို့ စာရင်းဝင်​နေတာဖြစ်ပါတယ် ။

အရပ်သားအစိုးရလက်ထက် ၂၀၁၇ မှ ၂၀၂၁ အတွင်း ရမှတ် အနိမ့်ဆုံး ၂၈ မှတ်၊ အမြင့်ဆုံး ၃၁ မှတ် ရရှိခဲ့တာတွေ့ရပါတယ်။ဒီငါးနှစ်အတွင်း လွတ်လပ်ခွင့်​တွေတိုးတက်လာ​ပေမယ့် စစ်တပ်အာဏာသိမ်းတာ​ကြောင့် ၂၀၂၂ ​ရော ၊ ၂၀၂၃ မှာပါ ၉ မှတ်စီအထိထိုးကျသွားတာပါ ။

ဒါ​ကြောင့် ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းလွတ်လပ်ခွင့်ကျဆုံးမှုအများဆုံးနိုင်ငံ​တွေစာရင်းမှာလည်း မြန်မာပါဝင်ခဲ့ပြီးကမ္ဘ့ာအဆိုးဆုံး ၁၇ နိုင်ငံ​မြောက်​နေရာမှာရပ်တည်​နေပြန်ပါတယ်။

စစ်တပ်အာဏာပိုင်တွေဟာ သဘောကွဲလွဲတဲ့ သြဇာရှိသူအများအပြားကို သေဒဏ်ချမှတ်ခြင်း၊ ကွပ်မျက်ခြင်းများအပါအဝင် ခုခံတဲ့တက်ကြွလှုပ်ရှားသူများကို နှိိမ်နင်းဖို့ လူမဆန်တဲ့နည်းလမ်းပေါင်းစုံကို ၂၀၂၂ အတွင်း တိုးမြှင့်သုံးစွဲခဲ့တယ်လို့ Freedom House က ဖော်ပြပါတယ်။ ၂၀၂၂ နှစ်ကုန်ပိုင်းအထိိ စစ်တပ်ဟာ ပြည်သူ ၁၆,၈၀၀ ခန့်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၂,၇၀၀ ခန့်ကို သတ်ဖြတ်ခဲဲ့ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းချိန်ကစလို့ ပြည်သူ ၁,၉၀၀ ကျော်ကို ထောင်ဒဏ်ချမှတ်ထားတယ်လို့ ဆိုပါတယ်။

စစ်တပ်နဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြီိးခဲ့တဲ့ သြဂုတ်လက အရေးပေါ်ကာလကို နောက်ထပ် ၆ လသက်တမ်းတိိုးခဲ့ပြီး ၂၀၂၃ သြဂုတ်မှာ ရွေးကောက်ပွဲသစ်များကျင်းပပေးမယ်လို့ အစောပိုင်းက ကတိပြုထားခဲ့ပါတယ်။ ဒါပေမဲ့ တိုင်းပြည် တည်ငြိမ်၊ အေးချမ်းမှု မရှိမချင်းဆိိုတဲ့သတ်မှတ်ချက်နဲ့ ရွေးကောက်ပွဲတွေကို သေချာရေရာမှုမရှိိဘဲ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အချိိန်ဆွဲထားပါတယ်။

လွတ်လပ်ခွင့်မရှိတဲ့အဆိုးဆုံး ၁၆ နိုင်ငံထဲမှာမြန်မာပါဝင် နေတယ်လို့ Freedom House ထုတ်ပြန်
လွတ်လပ်ခွင့်မရှိတဲ့အဆိုးဆုံး ၁၆ နိုင်ငံထဲမှာမြန်မာပါဝင် နေတယ်လို့ Freedom House ထုတ်ပြန်

စစ်တပ်ဟာ ချင်း၊ ကချင်၊ ကရင်၊ ရခိုင်၊ ကယား(ကရင်နီ)နဲ့ ရှမ်းပြည်နယ်တွေ၊ အလားတူ အစဥ်အလာအရ ဗမာတွေရဲ့ အသည်းနှလုံး စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ ကြီးမားကျယ်ပြန့်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအအပါအဝင် တိုက်ခိုက်မှုတွေကို တိုးချဲ့လာခဲ့တယ်လို့ Freeedom House က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းချိန်မှာ ဖမ်းဆီးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တစ်နှစ်ပတ်လုံး စွဲချက် ၁၉ ခုတွေအပေါ် များပြားလှတဲ့ ထောင်ဒဏ်တွေကိို ချမှတ်ခဲ့ပြီး ဒီဇင်ဘာလက စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရပါတယ်။ အထောက်အထားတွေအရ ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်တပ်တရားရုံးရဲ့အမိန့်ချမှတ်မှုတွေက သံသယဖြစ်ဖွယ်များ ရှိခဲ့ပြီး သူမကိိုယ်တိုင်လည်း ထောင်ဒဏ်ပြစ်ဒဏ်တွေအပေါ် အယူခံဝင်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် Freedom House ရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ ရမှတ်ဟာ ဒီနှစ်အတိိုင်း ၉ မှတ်သာ ရရှိပြီး လွတ်လပ်ခွင့်မရှိဘဲ ဆိုးရွားတဲ့စာရင်းဝင်ခဲ့ပါတယ်။

You May Also Like