Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဇူလိုင် ၂၀ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️စစ်​ကောင်စီက ကရင်နီသို့ စစ်ကူအင်အားအများအပြား ထပ်မံ​စေလွှတ်

ကရင်နီပြည်နယ်ရှိ ရှေ့တန်းစခန်းများသို့ စစ်ကောင်စီက အင်အားအများအပြားထပ်မံဖြည့်တင်းနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်များက ပြောပါတယ်။ လတ်တလော စစ်ရေး ပြင်းထန်နေတဲ့ ဘောလခဲ၊ ဖားဆောင်း၊ ရွာသစ်၊ မယ်စဲ့ဒေသဘက်သို့ ရှမ်းပြည်နယ်အခြေစိုက် စစ်ကောင်စီတပ်များကို လွိုင်ကော်မှတဆင့် ရဟတ်ယာဥ်နဲ့ နေ့စဥ် ပို့ဆောင်နေတာလို့ သိရပါတယ်။ ဘောလခဲ၊ ရွာသစ်နဲ့ ဖားဆောင်းမြို့များကို ကရင်နီပူးပေါင်းတပ်များ ထိုးစစ်ဆင်ခြင်း မလုပ်လာနိုင်ဖို့ စစ်ကောင်စီက အင်အားဆက်တိုက်ဖြည့်တင်းနေတယ်လို့ ဖားဆောင်း PDF တာဝန်ရှိသူတစ်ဦးက အတည်ပြုပါတယ်။ ဇွန်လ ဒုတိယပတ်က မယ်စဲ့မြို့နယ်ကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ထိန်းချုပ်လိုက်ပြီးနောက်ပိုင်း ကရင်နီဒေသမှာ နေ့စဥ်နီးပါးတိုက်ပွဲများ ပိုမိုပြင်းထန်နေပါတယ်။

(ခလရ ၅၄ တပ်အတွင်း စစ်ကောင်စီတပ်သားများကို ပို့ဆောင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ဓာတ်ပုံ-CJ)
(ခလရ ၅၄ တပ်အတွင်း စစ်ကောင်စီတပ်သားများကို ပို့ဆောင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ဓာတ်ပုံ-CJ)

▪️ဗြိတိန်က တိုင်းနဲ့ ပြည်နယ် ၈ ခုသို့ ခရီးသွားခွင့် ဆက်လက်တားမြစ်

ဗြိတိန်နိုင်ငံခြားရေး၊ ဓနဿဟာရနှင့် ဖွံ့ဖြိုးရေးဌာန(FCDO)က မြန်မာနိုင်ငံ​ တိုင်းနဲ့ ပြည်နယ် ၈ ခုသို့ ခရီးသွားဖို့ တားမြစ်ပိတ်ပင်ထားပါတယ်။ FCDO ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ မွန်၊ ကချင်၊ ချင်း၊ ကရင်နီ(ကယား)၊ ကရင်၊ စစ်ကိုင်း၊ မကွေးနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ လုံးဝခရီးသွားလာခြင်းမပြုဖို့ သတိပေးပါတယ်။ ရှမ်းပြည်နယ်၊ မန္တလေးနဲ့ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်အလယ်ပိုင်းတို့သို့ ခရီးသွားလာမှု တားမြစ်ပေမယ့် မဖြစ်မနေသွားလာဖို့ ရှိပါက သွားလာနိုင်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့လုံခြုံရေးအခြေအနေက ကြိုတင်ခန့်မှန်းထားလို့မရကြောင်းနဲ့ ကြိုတင်ကြေညာခြင်းမရှိဘဲ အပြောင်းအလဲတွေ ဖြစ်တတ်ပါကြောင်း ဗြိတိန်က ထုတ်ပြန်ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းချိန်ကစလို့ ပစ်ခတ်မှု၊ ဗုံးပေါက်ကွဲများအပါအဝင် အကြမ်းဖက်တိုက်ခိုက်မှုအများအပြား နိုင်ငံတဝန်း သိသာစွာဖြစ်ပွားနေတယ်လို့ ဗြိတိန်က ဆိုပါတယ်။

ဗြိတိန်က တိုင်းနှင့် ပြည်နယ် ၈ ခုသို့ ခရီးသွားခွင့် ဆက်လက်တားမြစ်
ဗြိတိန်က တိုင်းနှင့် ပြည်နယ် ၈ ခုသို့ ခရီးသွားခွင့် ဆက်လက်တားမြစ်

▪️အိမ်နီးချင်းနိုင်ငံများရဲ့ ပြည်တွင်းနိုင်ငံရေးကို နှောက်ယှက်ခြင်းမပြုဖို့ ချင်းလူမျိုးများကို CNF တိုက်တွန်း

အိမ်နီးချင်းနိုင်ငံများရဲ့ ပြည်တွင်းနိုင်ငံရေးကို အနှောင့်အယှက်ဖြစ်စေတဲ့ လှုပ်ရှားမှုများကို ရှောင်ကြဉ်ဖို့ ချင်းလူမျိုးတစ်ဦးချင်းနဲ့ အဖွဲ့အစည်းများကို ချင်းအမျိုးသားတပ်ဦး(CNF)က တိုက်တွန်းထုတ်ပြန်ပါတယ်။ ဇူလိုင် ၁၆ ရက် နေ့စွဲနဲ့ ချင်းအမျိုးသားတပ်ဦးက အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်ပါတယ်။ ပြည်ပနိုင်ငံများရဲ့ ID entity ကတ်များကို လိမ်လည်ရယူဖို့ ကြိုးစားခြင်း၊ သို့မဟုတ် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေနိုင်တဲ့ တရားမဝင် လှုပ်ရှားမှုများပြုလုပ်ခြင်းများ ရှောင်ကြဉ်ဖို့လည်း CNFက တိုက်တွန်းပါတယ်။ ချင်းလူမျိုးများအတွက် အန္တရာယ်ဖြစ်စေနိုင်သော လုပ်ဆောင်ချက် သို့မဟုတ် လုပ်ဆောင်ချက်မှန်သမျှကို လက်ခံနိုင်ဖွယ်မရှိဟု မှတ်ယူမှာဖြစ်ပြီး အဲဒီအတွက် လိုအပ်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်မယ်လို့လည်း သတိပေးထားပါတယ်။

(မြန်မာ-အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးလာကြသည့် မြန်မာစစ်ဘေးဒုက္ခသည်များအား ၂၀၂၁ နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - REUTERS/Rupak De Chowdhuri)
(မြန်မာ-အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးလာကြသည့် မြန်မာစစ်ဘေးဒုက္ခသည်များအား ၂၀၂၁ နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – REUTERS/Rupak De Chowdhuri)

▪️ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး ထိခိုက်မှုများဟုဆို

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်း စစ်‌ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီတပ် ထိခိုက်သေဆုံးသူများပြားတယ်လို့ တော်လှန်ရေးအင်အားစုများက ပြောပါတယ်။ ကျောက်မှော်နဲ့ နမ့်အင်းကျေးရွာကြား ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို မနေ့ ညနေပိုင်းက ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့တာလို့ ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထောက်ပို့ရဲဘော်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီ စစ်ကြောင်းထဲက ၂၀ လောက်အထိ ထိခိုက်မှုရှိပြီး သေဆုံးသူအရေအတွက်တော့ မသိရသေးဘူးလို့ ထောက်ပို့ရဲဘော်က ပြောပါတယ်။

(ထီးချိုင့် PDF ရဲ​ဘော်များကို ​ရှေ့တန်းတစ်​နေရာ၌ ​တွေ့ရစဥ် ။ ဓာတ်ပုံ - Fox Army)
(ထီးချိုင့် PDF ရဲ​ဘော်များကို ​ရှေ့တန်းတစ်​နေရာ၌ ​တွေ့ရစဥ် ။ ဓာတ်ပုံ – Fox Army)

▪️ခင်ဦးမှာ စစ်တပ်ပစ်ခတ်မှုကြောင့် ကလေးငယ်အပါအဝင် ဒေသခံပြည်သူ ငါးဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် နှစ်ရက်အတွင်း ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ငါးဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက ရေဦးမြို့တိုင်းရင်းဆေးရုံမှ စစ်ကောင်စီတပ်ဟာ (၁၂၀)မမ လက်နက်ကြီးဖြင့် မူးမြစ်အရှေ့ဘက်သို့ လေးလုံး ပစ်ခတ်ခဲ့ရာ မူးသာကျေးရွာအတွင်း ကျရောက်ခဲ့ပြီး ပြည်သူ ငါးဦးလက်နက်ကြီးထိမှန်ခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ မနေ့ကလည်း စစ်ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် မူးသာကျေးရွာဘေးရှိ သက်ပေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၆)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံအချို့က ပြောပါတယ်။

(ခင်ဦးနယ်တွင် ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ခင်ဦးနယ်တွင် ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

▪️ဆောမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ၁၈ ဦးသေဟု PDFစစ်ရုံးချုပ် ထုတ်ပြန်

မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့နယ်မှာ တိုက်ပွဲများဖြစ်ပွားခဲ့ရာ လေးရက်အတွင်း စစ်ကောင်စီတပ်မှ ၁၈ ဦးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ဇူလိုင် ၁၄ ရက်မှ ၁၇ ရက်အတွင်း ဆောမြို့နယ်ရှိ မြင်းကာတောင်၊ ကြိမ်ချောင်းလမ်းခွဲနဲ့ နဂါးမောက်ခြံတောင်ပေါ်များမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲသတင်းများကို ဖော်ပြခဲ့တာပါ။ အဲဒီဒေသကို စစ်ကြောင်းထိုးလာတဲ့ ရန်သူ့တပ်ရဲ့ တပ်မ(၅၅၊ ၇၇နဲ့ ၁၀၁)ပူးပေါင်းအင်အား ၁၃၀ ခန့်ကို ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။ ဒါ့အပြင် ဆောမြို့နယ်၊ အကြည်ကတင်းကျေးရွာအနီးရောက်ရှိလာတဲ့ အဲဒီစစ်ကောင်စီစစ်ကြောင်းကို ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ ဆောမြို့နယ်နဲ့ ကန်ပက်လက်နယ်အစပ် ဒေသတွေမှာလည်း စစ်ကောင်စီတပ်ကို PDFနဲ့ CDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ ဇူလိုင် ၁၆ မှ ၁၉ ရက်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့တယ်လို့ သိရပါတယ်။

(စစ်မြေပြင် ရှေ့တန်းတစ်နေရာ၌ တွေ့ရသော PDF ရဲဘော်များ)
(စစ်မြေပြင် ရှေ့တန်းတစ်နေရာ၌ တွေ့ရသော PDF ရဲဘော်များ)

▪️သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီတပ် နှစ်ရက်ဆက်တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးရှိနိုင်ဟု ပကဖပြော

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီတပ် လှည့်ကင်းများကို နှစ်ရက်ဆက် မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ်(ပကဖ)၊ ကြာညှပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မနေ့ မနက်ပိုင်းက သပိတ်ကျင်းမြို့နယ် ကိုးပင်ကျေးရွာအနီးသို့ နာရေးကားတစ်စီးနဲ့ ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ဆိုပါတယ်။ ဇူလိုင် ၁၈ ရက် ညပိုင်းကလည်း ကြာညှပ်တိုက်နယ် စစ်ကောင်စီစစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သားအချို့ကို ဒိုင်နာကားဖြင့်တင်ဆောင်ကာ ကိုးပင်ရွာအနီး ကင်းပုန်းလာချစဥ် သပိတ်ကျင်း (ပကဖ)၊ ကြာညှပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

(သပိတ်ကျင်း ပကဖ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ကြာညှပ်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)
(သပိတ်ကျင်း ပကဖ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ကြာညှပ်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – ပေးပို့)