Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဇူလိုင် ၁၉ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ရှမ်းမြောက်ရှိ စစ်ကောင်စီစခန်းကုန်းတစ်ခု KIA သိမ်းပိုက်၊ လက်နက်များစွာရဟု ကချင်သတင်းရင်းမြစ်ပြော

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းကုန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မနေ့ ညနေပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ မူဆယ်လမ်း နမ့်ဖက်ကာ အရှေ့ဘက် ခိုမုံးဒေသ ကောင်ရာတောင်ကုန်းပေါ်ရှိ ခလရ(၁၂၃) လက်အောက်ခံတပ်စခန်းကို KIA တပ်ရင်း(၉)တပ်ဖွဲ့များက တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်အမြောက်အများကို သိမ်းဆည်းရရှိခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ ရှမ်းမြောက်ဒေသခံတစ်ဦးကလည်း နမ့်ဖက်ကာအခြေစိုက် စစ်ကောင်စီ တပ်ရင်း(၁၂၃)ကို လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့သလို နမ့်ဖက်ကာနဲ့ မနီးမဝေးမှာ လည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။

(KIAတပ်မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ-The New York Time)
(KIAတပ်မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ-The New York Time)

▪️လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေး ခရီးရှည်ကြီးကို မြန်မာပြည်သူလူထု ဆက်လက်လျှောက်လှမ်းနေ

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်များ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်မှာ ၇၆ နှစ်ရှိခဲ့ပြီဖြစ်ပေမယ့် မြန်မာပြည်သူလူထုဟာ လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေး ခရီးရှည်ကြီးကို ဆက်လက်လျှောက်လှမ်းနေရတယ်လို့ အာဇာနည်ခေါင်းဆောင်များရဲ့ မိသားစုဝင်အချို့က ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကျင်းပတဲ့ ၇၆ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြေးဖြစ်သူနဲ့ ဆရာကြီး ဦးရာဇတ်ရဲ့ မြေးဖြစ်သူတို့က အာဇာနည်နေ့အတွက် အမှတ်တရစကားပြောကြားခဲ့ပါတယ်။ ဗိုလ်ချုပ်အာင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ တိုင်းပြည်လွတ်လပ်ရေးအတွက် မျှော်မှန်း၊ ကြိုးစား၊ ပြောကြားခဲ့တာတွေကို ပြည်သူလူထုက မေ့နိုင်မှာ မဟုတ်ဘဲ ခေတ်အဆက်ဆက်က လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့၊ ဝင်နေဆဲဖြစ်တဲ့ တိုင်းရင်းသားပြည်သူလူထုအားလုံးကို အာဇာနည်အားလုံးက ဂုဏ်ယူအားပေးနေကြမှာပါလို့ အာဇာနည်ဦးရာဇတ်ရဲ့ မြေးဖြစ်သူ ဒေါက်တာမြတ်ထူးရာဇတ်က ပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြေးဖြစ်သူ ကိုထိန်လင်း(ခေါ်)ကင်မ်အဲရစ်ကလည်း ၎င်းရဲ့ အဖိုးနဲ့ ခေါင်းဆောင်ကြီးများက ၎င်းတို့ရဲ့ အသက်များအဆုံးရှုံးခံကာ တိုင်းပြည်ငြိမ်းချမ်းရေးနဲ့ လွတ်မြောက်ရေးအတွက် ကြိုးစားခဲ့ပေမယ့် မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ထဲမှာပင် ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ အာဏာသိမ်းစစ်တပ်က ရက်စက်ကြမ်းကြုတ်သတ်ဖြတ်မှုများ ကျူးလွန်နေပြီး မြန်မာပြည်သူမြောက်များစွာရဲ့ တောင်းဆိုချက်များမှာလည်း ငြင်းပယ်ခံနေရတယ်လို့ ကိုထိန်လင်းက ပြောပါတယ်။

တိုင်းပြည်ကို ပြည်တွင်းစစ်မီးထဲ ပိုမရောက်ရှိရေး ပြည်တွင်း၊ ပြည်ပ စည်းလုံးစွာ လုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ တိုက်တွန်း
တိုင်းပြည်ကို ပြည်တွင်းစစ်မီးထဲ ပိုမရောက်ရှိရေး ပြည်တွင်း၊ ပြည်ပ စည်းလုံးစွာ လုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ တိုက်တွန်း

▪️မကွေး၊ ဂန့်ဂေါနဲ့ ဖားကန့်ဒေသရှိ PDF ရဲဘော်များက (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်များ ပြုလုပ်

မကွေး၊ ဂန့်ဂေါနဲ့ ဖားကန့်ဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF)ရဲဘော်များက (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားများကို ဒီနေ့ပြုလုပ်ခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁)စစ်ဒေသရှိ မကွေးခရိုင် အမှတ် (၂)တပ်ရင်းမှ ရဲဘော်များက အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အလေးပြုခြင်းအခမ်းအနားကို တော်လှန်ရေးနယ်မြေတနေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဂန့်ဂေါခရိုင် PDF အမှတ် (၁၉)တပ်ရင်းမှ ရဲဘော်များကလည်း (၇၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ပြုလုပ်ပြီး စစ်အာဏာရှင် တော်လှန်ရေး ပြီးဆုံးတိုင်သည်အထိ တိုက်ပွဲဝင်ရဖို့ ကတိသစ္စာပြုခဲ့ကြပါတယ်။ ကချင်ပြည်နယ် ဖားကန့် KPDF အမှတ် (၆)တပ်ရင်း တပ်ဖွဲ့ဝင်များကလည်း အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် အာဇာနည် ခေါင်းဆောင်ကြီး ၉ ဦးနဲ့တကွ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့သော အာဇာနည်များကို အလေးပြုခြင်း အခမ်းအနား ပြုလုပ်ခဲ့ကြပါတယ်။

▪️တစ်နိုင်ငံလုံး စစ်ရေးသတိ မပြတ်ရှိနေရမယ့် အခြေအနေဟု ယာယီသမ္မတပြော

တစ်နိုင်ငံလုံးဟာ စစ်ရေးသတိ မပြတ်ရှိနေရမယ့် အခြေအနေဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလက မနေ့က ကျင်းပတဲ့ အစိုးရ အဖွဲ့အစည်းအဝေးမှာ ပြောကြားပါတယ်။ စစ်ကောင်စီက မြန်မာပြည်မြောက်ပိုင်းဒေသရဲ့ ဗဟိုဖြစ်သော ကချင်ပြည်နယ် ဧရိယာကိုစစ်အင်အား အလုံးအရင်းနဲ့ ဦးတည်ထိုးစစ်ဆင်နေတာနဲ့ပတ်သက်လို့ သတိပေးလိုက်တာပါ။ မဟာမိတ်အဖွဲ့တွေရဲ့ ခုခံတော်လှန်စစ်ကို ရနိုင်သမျှ အားဖြည့်ကူညီဖို့ အသင့်အနေအထားမှာ ရှိနေရမယ်လို့ ပြောချင်ပါတယ်လို့ ယာယီသမ္မတက ဆိုပါတယ်။ နွေဦးတော်လှန်ရေးအပေါ် အလုပ်သမားအင်အားစုများအပါအဝင် လူထု၊လူတန်းစားအားလုံးပါဝင်ပေါင်းစည်းနိုင်ရေးကို ရှေ့ရှုလုပ်ဆောင်ဖို့လည်း ယာယီသမ္မတက မှာကြားပါတယ်။

(အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလ ပြီးခဲ့သည့်နှစ် မေလအတွင်းက PDF ရှေ့တန်းစခန်းတစ်ခုအား သွားရောက်စစ်ဆေးနေစဉ်။ ဓာတ်ပုံ - NUG)
(အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလ ပြီးခဲ့သည့်နှစ် မေလအတွင်းက PDF ရှေ့တန်းစခန်းတစ်ခုအား သွားရောက်စစ်ဆေးနေစဉ်။ ဓာတ်ပုံ – NUG)

▪️ကန်ပက်လက်တိုက်ပွဲမှာ အထိနာတဲ့ စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော် ထပ်မံဖြည့်တင်း

ချင်းပြည်နယ်နဲ့ မကွေးတိုင်းအစပ် ကန်ပက်လက်မြို့နယ်နဲ့ ဆောမြို့နယ်အကြား တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့တယ်လို့ ဒေသခံအချို့က ပြောပါတယ်။ ဇူလိုင် ၁၆ ရက်ကစလို့ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ လောင်းရှည်ဒေသမှ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သို့ ဦးတည်ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဒေသခံ ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့တာပါ။ မနေ့က စစ်ကောင်စီတပ်ယာဉ်တန်းကို မဆွာတီရွာအနီးမှာ တော်လှန်ရေးတပ်များက ပူးပေါင်းမိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်သား ၅၀ ထက်မနည်း သေဆုံးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးက ထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်ပွဲမတိုင်ခင်ကလည်း ဆောမြို့နယ် ရင်းကဲရွာအနီး အဆိုပါစစ်ယာဉ်တန်းကိုပင် ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ အထိနာတဲ့ စစ်တပ်ဟာ ကန်ပက်လက်နယ်သို့ အင်အား ၁၂၀ ခန့် ဖြည့်တင်းလိုက်တယ်လို့ ဆောမြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။

(ချင်းဒေသကာကွယ်ရေးတပ်(CDF)မှ ရဲဘော််များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - CDF)
(ချင်းဒေသကာကွယ်ရေးတပ်(CDF)မှ ရဲဘော််များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ – CDF)

▪️ထီးချိုင့်နယ် ကျောက်မှော်ရွာကို စစ်ကောင်စီဒုတိယအကြိမ်စီးနင်း၊ ဒေသခံများကို ဖမ်းဆီးထား

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီတပ်က နေအိမ် ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျောက်မှော်ကျေးရွာကို နောက်တစ်ကြိမ်စီးနင်းဝင်ရောက်လာပြီး ဒေသခံအချို့ကို ဖမ်းဆီးထားတယ်လို့ မြို့ခံများက ပြောပါတယ်။ ကျောက်မှော်ကျေးရွာကို ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်စစ်ကြောင်းက နောက်တစ်ကြိမ်စီးနင်းဝင်ရောက်လာတာလို့ ဆိုပါတယ်။ ဒေသခံများကို ဖမ်းဆီးခဲ့ကာ အမျိုးသမီးများကို ပြန်လွှတ်ပေးပေမယ့် အမျိုးသားများကို ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ်လဆန်းက ကျောက်မှော်ရွာကို စီးနင်းတိုက်ခိုက်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

(မီးရှို့ခံခဲ့ရသည့် ကျောက်မှော်ရွာမှ နေအိမ်များကို ၂၀၂၃မတ်လ ၉ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - Tigying Revolution)
(မီးရှို့ခံခဲ့ရသည့် ကျောက်မှော်ရွာမှ နေအိမ်များကို ၂၀၂၃မတ်လ ၉ ရက်က တွေ့ရစဉ်။ဓာတ်ပုံ – Tigying Revolution)

▪️မတ္တရာမှာ စစ်ကောင်စီတပ်ကို နှစ်ရက်ဆက်တိုက်ခိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်ကောင်စီတပ်ကို နှစ်ရက်ဆက်တိုက် တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်မှုရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဇူလိုင် ၁၇ ရက် နေ့ခင်းက မတ္တရာမြို့နယ်၊ ကျပ်ပြင်ကျေးရွာမှလာတဲ့ အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်ဟာ ကင်းရွာနဲ့ အောင်ချမ်းသာကျေးရွာတို့ကို ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံများက ပြောပါတယ်။ ထွက်ပြေးတိမ်းရှောင်နေရလို့ ပျက်စီးဆုံးရှုံးမှုအခြေအနေကို မသိရသေးဘူးလို့ ဒေသခံများက ပြောပါတယ်။ အဲဒီ စစ်ကောင်စီတပ်ကို ကင်းရွာအနောက်ဘက်အထွက်မှာ တစ်ကြိမ်၊ မကြီးကုန်းကျေးရွာအရှေ့ဘက်မှာလည်း ကျောက်တံတားရွာမှ အောင်ချမ်းသာကျေးရွာဘက်သို့လာတဲ့ စစ်ကားနှစ်စီးကို တစ်ကြိမ် မတ္တရာ(ပကဖ)က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

(မတ္တရာမြို့နယ်အတွင်း ဖြတ်သန်းလာသော စစ်ကောင်စီယာဥ်များအား တွေ့ရစဥ်။ ဓာ​တ်ပုံ - CJ)
(မတ္တရာမြို့နယ်အတွင်း ဖြတ်သန်းလာသော စစ်ကောင်စီယာဥ်များအား တွေ့ရစဥ်။ ဓာ​တ်ပုံ – CJ)