Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (စက်တင်ဘာ ၃၀ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ပြစ်မှုကျူးလွန်သူများကို တာဝန်ခံမှုရှိစေရေးဆောင်ရွက်မှသာ မြန်မာ့အကျပ်အတည်း ဖြေရှင်းနိုင်မည်

မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ စစ်အာဏာရှင်စနစ်အား အပြီးတိုင် ချုပ်ငြိမ်းခြင်းနဲ့ ပြစ်မှုကျူးလွန်သူများကို တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ခြင်းတို့ကသာလျှင် တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂသို့ ပြောပါတယ်။ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ (၇၈) ကြိမ်မြောက် အထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုများ(General Debate)ကျင်းပပြုလုပ်ခဲ့ပြီးနောက် ကုလသမဂ္ဂအထွေထွေညီလာခံ ပင်မကော်မတီများရဲ့ အစည်းအဝေးများကို စတင်ကျင်းပပြုလုပ်လျက်ရှိရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တက်ရောက်နေပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ တရားမဝင်စစ်အာဏာသိမ်းမှုကြောင့် လူအများ ဒီနေ့တိုင် ဒုက္ခရောက်နေပြီး အထူးသဖြင့် စစ်တပ်ဟာ ပြည်သူများအပေါ် စစ်မက်ပြုနေတာကြောင့် လူအများဟာ ရင်နင့်ဖွယ်အခြေအနေများကို ဒီနေ့တိုင် နေ့စဉ်ရင်ဆိုင်နေကြရတယ်လို့ သံအမတ်ကြီးက ကုလသမဂ္ဂ တတိယကော်မတီမှာ ပြောပါတယ်။

(သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂတွင်​ပြောကြား​နေစဥ် ။ ဓါတ်ပုံ- PMOMTTUN)
(သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂတွင်​ပြောကြား​နေစဥ် ။ ဓါတ်ပုံ- PMOMTTUN)

▪️မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်း KIAနဲ့ စစ်ကောင်စီ တိုက်ပွဲဆက်ဖြစ်၊ လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်

ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတပ်တို့ မနေ့က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့တယ်လို့ ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ မနေ့ ညနေပိုင်းက မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်း မဒီယန်နဲ့ အောင်ဂျာဒေသမှာ လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ရှိခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိ၊​မရှိ အခြေအနေကို မသိရသေးပါဘူး။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား စစ်မြေပြင်တနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - Kachin Land)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား စစ်မြေပြင်တနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ – Kachin Land)

▪️ကုမ္ပဏီမှတ်ပုံတင်စနစ် ကုမ္ပဏီအချက်အလက်များ အွန်လိုင်းဖော်ပြမှု စစ်ကောင်စီဖယ်ရှား

ပွင့်လင်းမြင်သာစီးပွားရေးလုပ်ငန်းများဖြစ်စေဖို့ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)နဲ့ ဂျပန်အစိုးရ အကူအညီဖြင့်ဆောင်ရွက်ခဲ့တဲ့ ကုမ္ပဏီမှတ်ပုံတင်စနစ်မှာ ကုမ္ပဏီအချက်အလက်များဖော်ပြမှုကို စစ်ကောင်စီက ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar-JFM က ထုတ်ပြန်လိုက်ပါတယ်။ အဲဒီစနစ်ကို ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးဌာနအောက်ရှိ ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွန့်ကြားမှုဦးစီးဌာန (DICA)က ထိန်းချုပ်ထားတာပါ။ အခုလိုဖုံးကွယ်လိုက်ခြင်းဟာ လူပုဂ္ဂိူလ်များနဲ့ ကုမ္ပဏီများကို ဒဏ်ခတ်ပိတ်ဆို့မှုများကို အလွယ်တကူရှောင်လွှဲပြီး စစ်အုပ်စုကို လက်နက်နှင့်ငွေကြေးပံ့ပိုးနိုင်ဖို့အတွက်ဖြစ်တယ်လို့ JFMကဆိုပါတယ်။ နိုင်ငံတကာအစိုးရများအနေဖြင့် အကြမ်းဖက်စစ်အုပ်စုကို ပစ်မှတ်ထား ဒဏ်ခတ်အရေးယူများကို ပိုမိုလုပ်ဆောင်ပြီး စစ်အုပ်စုအတွက် လက်နက်နဲ့ ငွေကြေးလမ်းကြောင်းများ ပိတ်ဆို့ဖို့ အရေးပေါ်လိုအပ်နေပြီလို့ JFM က တိုက်တွန်းပါတယ်။

အွန်လိုင်းကုမ္ပဏီမှတ်ပုံတင်စနစ်တွင် ကုမ္ပဏီအချက်အလက်များ ဖော်ပြမှု စစ်ကောင်စီဖယ်ရှား
အွန်လိုင်းကုမ္ပဏီမှတ်ပုံတင်စနစ်တွင် ကုမ္ပဏီအချက်အလက်များ ဖော်ပြမှု စစ်ကောင်စီဖယ်ရှား

▪️ဖရူဆိုတိုက်ပွဲ KNDF စစ်ကြောင်းမှူး​ ကျဆုံး

ကရင်နီပြည်နယ် ဖရူဆိုတိုက်ပွဲမှာ စစ်ကြောင်းမှူး ကာဗြေလယ် (ခ) ကြက်ဖ ကျဆုံးခဲ့တယ်လို့ ကရင်နီအမျိုးအသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း(၅)က ဒီနေ့ ထုတ်ပြန်ပါတယ်။ KNDF တပ်ရင်း(၅)နှင့် ပူးတွဲကာ ကရင်နီတပ်‌ပေါင်းစု ကွန်မန်ဒိုမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်ကြောင်းမှူး ကာဗြေလယ်(ခ)ကြက်ဖဟာ စက်တင်ဘာ ၂၇ ရက်က ဖရူဆိုမြို့နယ် ထားလဲ ကျေးရွာအနီးမှာ ကျဆုံးခဲ့ရတာလို့ ဆိုပါတယ်။ ဖရူဆိုမြို့နယ် ထားလဲနဲ့ ဘောလခဲမြို့နယ် နန်းဖဲကျေးရွာ တိုက်ပွဲများမှာ စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိခဲ့ပြီး လက်နက်များလည်း သိမ်းဆည်းရရှိထားပါတယ်။ အသေးစိတ် အခြေအနေကိုတော့ မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

(စစ်ကြောင်းမှူး ကာဗြေလယ်(ခ) ကြက်ဖ၏ စျာပနအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(စစ်ကြောင်းမှူး ကာဗြေလယ်(ခ) ကြက်ဖ၏ စျာပနအား တွေ့ရစဉ်။ ဓာတ်ပုံ – KNDF)

▪️သစ်ချဆိပ်စခန်းသိမ်းတိုက်ပွဲ အောင်ပွဲရ တော်လှန်ရေးရဲဘော်တွေကို ဒေသခံတွေ ကြိုဆိုဂုဏ်ပြု

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃)ညောင်လေးပင်ခရိုင်က စစ်ကောင်စီတပ်စခန်း ဖြစ်တဲ့ သစ်ချဆိပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့ အောင်ပွဲရ တော်လှန်ရေးရဲဘော်တွေကို ဒေသခံပြည်သူလူထုတွေက ကြိုဆိုဂုဏ်ပြုခဲ့တာကို Spring Warriors Column က ဒီနေ့ ထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ သစ်ချဆိပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A) တပ်မဟာ (၃) လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာ ၁ ရက် ညနေပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။ ဩဂုတ် ၃၁ ရက် မနက် ၅နာရီကနေ စက်တင်ဘာ ၁ရက် ညနေ ၅နာရီခွဲအထိ နာရီပေါင်း ၃၀ ကျော်ကြာ တိုက်ခိုက်ခဲ့ရတဲ့ သစ်ချဆိပ်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးခဲ့ပါတယ်။

▪️ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘောအုပ်စုက ပစ်ခတ်နေလို့ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဆင်ဖြူရှင်တံတားမှ အထက်သို့ဆန်တ​က်လာတဲ့ စစ်သင်္ဘောအုပ်စုက မြစ်ဘေးရှိ ကျေးရွာများကို ပစ်ခတ်နေလို့ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအင်အား ၁၀၀ ခန့် တင်ဆောင်လာတဲ့ စစ်သင်္ဘောတစ်စီးနဲ့ ဖလက်ခွံရေယာဥ် ၈ စီးဟာ ဆင်ဖြူရှင်တံတားမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်သို့ဆန်တက်လာခဲ့တယ်လို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ အဲဒီ ရေယာဥ်များပေါ်ပါ စစ်ကောင်စီတပ်က လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်နေလို့ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံများက ပြောပါတယ်။

(ချင်းတွင်းမြစ်အတွင်း တွေ့ရသော စစ်ကောင်စီရေယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ)
(ချင်းတွင်းမြစ်အတွင်း တွေ့ရသော စစ်ကောင်စီရေယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ)