“မြောက်ဥ(မြောက်ဥက္ကလာပ) ထ-၃ မှာ ညဆိုဝင်တယ် ၊ မနက်ဆိုပြန်ထွက်တယ်။ အ.မ.က-၁၈ လည်းအဲဒီ့အတိုင်းပဲ”-ဒေသခံပြည်သူ
ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်း၏ မြို့နယ် အချို့ရှိစာသင်ကျောင်းများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်နေထိုင်ကာတပ်စွဲမှုများရှိနေကြောင်း ဒေသခံများကပြောသည်။
စမ်းချောင်း ၊ လှိုင် ၊ မြောက်ဥက္ကလာပ ၊မြောက်ဒဂုံ စသည့် မြို့နယ်များရှိစာသင်ကျောင်း အချို့တွင် စစ်ကောင်စီဝင်များ တပ်စွဲနေထိုင်မှုရှိကြောင်း ဒေသခံများကပြောသည်။
“မြောက်ဥ(မြောက်ဥက္ကလာပ) ထ-၃ မှာ ညဆိုဝင်တယ် ၊ မနက်ဆိုပြန်ထွက်တယ်။ အ.မ.က-၁၈ လည်း အဲဒီ့အတိုင်းပဲ ။ အ.ထ.က-၁ မှာတော့ အထိုင်ချထားပြီ။ ဇ ရပ်ကွက် ဓမ္မပါလ ဘုရားဝင်းထဲလည်း တပ်စွဲထားပြီ။ ဌ ရပ်ကွက် အ.လ.က-၂ မှာလည်း ညဆိုဝင်တယ်။ မနက်ဆိုပြန်ထွက်သွားတယ်” ဟု မြောက်ဥက္ကလာပမြို့တွင် နေထိုင်သူတစ်ဦးကပြောသည်။
မြောက်ဒဂုံမြို့နယ်ရှိအထက်တန်းကျောင်း အချို့တွင် စစ်ကောင်စီတပ်သားများ တပ်စွဲလာကြောင်းဒေသခံအချို့ကပြောသည်။
ကျောင်းများ၌ တပ်စွဲခြင်းကို ယခုရက်ပိုင်းအတွင်း၌ ပြုလုပ်ဆောင်လာခြင်းဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ်၌ စစ်ကောင်စီကို တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသောကြောင့် တပ်စွဲခြင်းဖြစ်နိုင်ကြောင်း အထက်ပါဒေသခံကသုံးသပ်သည်။
ထို့အပြင် လှိုင်မြို့နယ်ရှိ ကျောင်း အချို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲနေထိုင်မှုရှိပြီး အချို့ကျောင်းများ၌ အထိုင်ချခြင်းမဟုတ်ဘဲ ယာယီနေထိုင်ခြင်းဖြစ်နိုင်ကြောင်း လှိုင်မြို့နယ်တွင်နေထိုင်သူတစ်ဦးကပြောသည်။
“ဘာတာနားက ကျောင်းမှာတော့ လွန်ခဲ့တဲ့တစ်ပါတ်လောက်ကစပြီး တပ်စွဲတယ်လို့ကြားတယ်။ သီရိမြိုင်ဘက်ကကျောင်းမှာလည်း ရှိတယ်တဲ့။အမြဲတမ်းနေတာလား ။ ယာယီလားတော့သေချာမသိဘူး” ဟု ၎င်းကပြောသည်။
စမ်းချောင်းမြို့နယ်အတွင်း၌လည်း အထက်တန်းကျောင်း တစ်ကျောင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေထိုင်နေကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ရဲဘော်ပီတာကြီးကပြောသည်။
“အကြမ်းဖက်စစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်း ၊ တက္ကသိုလ်လိုနေရာမျိုးတွေမှာ တပ်စွဲလာတဲ့ အနေအထားတွေတွေ့ရတယ်။ ကျွန်တော်တို့စမ်းချောင်းမြို့နယ်မှာဆိုရင် အထက ကျောင်းတစ်ခုမှာ တပ်စွဲထားပြီလို့သိရတယ်။ ထို့အတူပဲ ဒဂုံတက္ကသိုလ်မှာလည်း စစ်တပ်က လုံခြုံရေးချထားတာကိုတွေ့ရတယ်။ ” ဟု ရဲဘော်ပီတာကြီးကပြောသည်။
ယင်းကဲ့သို့ပြုလုပ်ဆောင်ခြင်းသည် ကျောင်းသားအရွယ်ကလေးများကို လူသားဒိုင်းအနေဖြင့်အသုံးပြုနိုင်ရန် ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်း ၎င်းကဆက်ပြောသည်။
“သူတို့ရဲ့ကြောက်စိတ်ကတော်တော်ကြီးမားနေပြီ ။ သူတို့အကာအကွယ်မဲ့နေပြီ ။ တစ်နေ့တစ်ချိန်မှာ သူတို့ပြည်သူကိုလုပ်ခဲ့တဲ့ မကောင်းမှုတွေက သူတို့ပြန်ခံစားရတော့မယ်ဆိုတဲ့ အသိစိတ်တွေရှိနေတာကြောင့် ဒီလိုမလုပ်သင့်တဲ့ အပြုအမူတွေ မိုက်ရူးရဲဆန်တာတွေလုပ်နေတယ်လို့ပဲမြင်ပါတယ်” ဟု ရဲဘော်ပီတာကြီးကပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ပြည်သူများက တခဲနက် လမ်းပေါ်ထွက် ၍ ရက်ဆက် ငြိမ်းချမ်းစွာဆန္ဒပြခဲ့ရာ စစ်တပ်က ၂၀၂၁ မတ်လတွင် အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုများမတိုင်ခင် ရပ်ကွက်ထဲရှိကျောင်းများ၌ တပ်လာစွဲခဲ့ဖူးသည်။ ယခုအကြိမ်တွင် တော်လှန်ရေးတပ်ဖွဲ့များကနိုင်ငံတစ်ဝန်း တန်ပြန်ထိုးစစ်ဖြင့် စခန်းများမြို့များဆက်တိုက်သိမ်းနေချိန်တွင် စစ်တပ်က ရန်ကုန်ကျောင်းအချို့၌ တပ်စွဲလာခြင်းဖြစ်သည်။
ရန်ကုန်ရှိကျောင်းအချို့တွင် စစ်ကောင်စီတပ် တပ်စွဲခြင်းနှင့် အတူ ရန်ကုန်၊နေပြည်တော် စသောဒေသများတွင် စစ်တပ်က အင်အားဖြည့်တင်း၍ ခံစစ်ပြင်နေသည်ဟုသတင်းထွက်နေသော်လည်း စစ်ကောင်စီတပ်က ထိုဒေသရှိ စစ်မှုထမ်းဟောင်းများကိုပင်ခေါ်၍ရှေ့တန်းသို့စေလွှတ်နေကြောင်းစုံစမ်းသိရသည်။ထိုကြောင့်စစ်ကောင်စီတပ်မှာ အင်အားနည်းလာ၍အခြေအနေမှန် မသိစေရန် ကောလဟလများထုတ်လွှင့်နေခြင်းလည်းဖြစ်နိုင်ကြောင်း ထောက်ပို့ ရဲဘော်တစ်ဦးကပြောသည်။