Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာ့အရေးကို အလေးအနက်ထား၍ ထိရောက်စွာဖြေရှင်းဆောင်ရွက်ရန် ကုလလုံခြုံရေးကောင်စီအား မြန်မာသံအမတ်ကြီး တိုက်တွန်း

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာစစ်တပ်ကို စစ်လက်နက်ပိတ်ဆို့မှုများလုပ်ဆောင်ရန် သံအမတ်ကြီးက ထပ်လောင်းတောင်းဆိုသည်။

မြန်မာ့အရေးကို အလေးအနက်ထား၍ ထိရောက်စွာဖြေရှင်းဆောင်ရွက်ရန် ကုလလုံခြုံရေးကောင်စီအား မြန်မာသံအမတ်ကြီး တိုက်တွန်း
Kyaw Moe Tun, Permanent Representative of Myanmar to the United Nations, delivers informal remarks to the media following the Security Council meeting on the situation in Myanmar.

ဗြိတိန်ဦးဆောင်၍ ကောင်စီအဖွဲ့ဝင် ၉ နိုင်ငံက စစ်တပ်၏ အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ရန် ပူးတွဲထုတ်ပြန်

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေးကို အလေးအနက်ထားကာ ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ရန် အချိန်တန်နေပြီဟု မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုသုံးနှစ်ပြည့်ပြီးနောက် ယမန်နေ့(ဖေဖော်ဝါရီ ၅ ရက်)တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေးနှင့်ပတ်သက်၍သီးသန့်ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်ရာ ယင်းဆွေးနွေးပွဲမတိုင်မီ သံအမတ်ကြီးဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားခြင်းဖြစ်သည်။

“ထပ်ခါထပ်ခါ ပြောခဲ့သလို ကျွန်တော့်မေးခွန်းက မြန်မာပြည်သူတွေရဲ့ အသက်၊ဘဝတွေကို ကယ်တင်ဖို့ သူတို့ ဘာကို စောင့်နေသလဲဆိုတာပါ” ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီ ၁၅ နိုင်ငံအဖွဲ့ဝင်များကို ရည်ညွှန်းပြောဆိုသည်။

အာဏာသိမ်းစစ်ကောင်စီသည် တိုက်လေယာဥ်များနှင့် ရဟတ်ယာဥ်များဖြင့် စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အဦးများအပါအဝင် အရပ်သားနေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သံအမတ်ကြီးက သတင်းထောက်များကို ပြောသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့မှာတင် စစ်တပ်ဟာ စာသင်ကျောင်းတစ်ကျောင်းကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ကလေးငယ်အများအပြား သတ်ဖြတ်ခံနေရတာဟာ အလွန်ပဲ ဝမ်းနည်းဖို့ ကောင်းပါတယ်”ဟု ဦးကျော်မိုးထွန်းက ဆက်ပြောသည်။

ဖေဖော်ဝါရီ ၅ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်မှ ၁၁ နာရီ ၂၀ မိနစ်အတွင်း ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်း ‌ဒေါဆီအီရွာ နှင့် လွိုင်နန်းဖရွာရှိစစ်​ဘေး​ရှောင်က​လေးငယ်များ စာသင်ကြား​နေ​သော​ကျောင်းကို စစ်ကောင်စီတပ်က ​လေ​ကြောင်းမှ ၁၀ ကြိမ် ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စာသင်ကြားနေသော အသက် (၁၃) နှစ်ခန့် အလယ်တန်းကျောင်းသား (၄) ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး မူကြိုအရွယ် ကလေးငယ် (၁) ဦး အပါအဝင် ကလေးငယ် စုစုပေါင်း(၁၄) ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာစစ်တပ်ကို စစ်လက်နက်ပိတ်ဆို့မှုများလုပ်ဆောင်ရန် သံအမတ်ကြီးက ထပ်လောင်းတောင်းဆိုသည်။

မြန်မာ့အရေးကို အလေးအနက်ထား၍ ထိရောက်စွာဖြေရှင်းဆောင်ရွက်ရန် ကုလလုံခြုံရေးကောင်စီအား မြန်မာသံအမတ်ကြီး တိုက်တွန်း
Barbara Woodward (at podium), Permanent Representative of the United Kingdom to the United Nations, delivers informal remarks to the media following the Security Council meeting on the situation in Myanmar.

သို့သော် ယမန်နှစ်က ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ၏အစီရင်ခံစာတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ မြန်မာစစ်တပ်ကို ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိ စစ်လက်နက်ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြောင်း ဖော်ပြခဲ့သည်။ အဆိုပါနှစ်နိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗီတိုအာဏာပိုင်ဆိုင်ထားသော အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများလည်းဖြစ်သည်။

တချိန်တည်းတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ ကုသလမဂ္ဂလုံခြုံရေးကောင်စီ၏ ဘုံဆုံးဖြတ်ချက် မချမှတ်နိုင်ခဲ့သော်လည်း ဗြိတိန်ဦးဆောင်၍ ကောင်စီအဖွဲ့ဝင် ၉ နိုင်ငံက သဘောထားထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

အီကွေဒေါ၊ ပြင်သစ်၊ ဂျပန်၊ မော်လ်တာ၊ တောင်ကိုရီးယား၊ ဆလိုဗေးနီးယား၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန် စသည့် လုံခြုံရေးကောင်စီ ၉ နိုင်ငံက မြန်မာစစ်တပ်အနေဖြင့် အရပ်သားများနှင့် အရပ်သားအဆောက်အဦးများအပေါ် တိုက်ခိုက်နေမှုများကို ရပ်တန့်ရန်နှင့် လုံခြုံရေးကောင်စီက ချမှတ်ခဲ့သော ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို အကောင်အထည်ဖော်ရန် တိုက်တွန်းထားသည်။

“စစ်တပ်ရဲ့ အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်နေခြင်းအပါအဝင် အရပ်သားများကို ဘေးဒုက္ခရောက်စေတဲ့ ဆက်လက်လုပ်ဆောင်နေဆဲ အကြမ်းဖက်မှုကို ကျွန်ုပ်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” ဟု အဖွဲ့ဝင် ၉ နိုင်ငံ ပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထို့အပြင် ကောင်စီ၏ မြန်မာ့အရေးသီးသန့်ဆွေးနွေးပွဲတွင် အာဏာသိမ်းစစ်ကောင်စီနှင့် နီးကပ်စွာထိတွေ့ဆက်ဆံနေသော တရုတ်နိုင်ငံက အာဆီယံ၏ ကြိုးပမ်းမှုများကို အချိန်နှင့်လုပ်ပိုင်ခွင့် ပိုပေးရန် လိုအပ်ကြောင်းကို အလေးထားတိုက်တွန်းသည်။ စစ်ကောင်စီနှင့် ပူးပေါင်းမှုရှိသည့် ရုရှားနိုင်ငံကလည်း ကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်သင့်ကြောင်း ထပ်မံပြောသည်။

ကိုးကား – RTE၊ AP