Connect with us
close

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“စစ်ထဲဝင်တာက နိုင်ငံကို ကာကွယ်ဖို့ဆိုရင် ဒီအချိန်မှာ မင်းအောင်လှိုင်ဦးစီးတဲ့အဖွဲ့ကို ဆန့်ကျင်ပြီးတော့ ဖောက်ထွက်ဖို့ ပြီးတော့ ဒီအချက် ၆ ချက်ကို လက်ခံရင်းနဲ့ ကျနော်တို့နဲ့ အတူပူးပေါင်းပြီးတော့ အခင်းအကျင်း အသစ်တစ်ခုတည်း ဝင်ရောက်ဖို့ အချိန်တန်ပြီ”

စစ်တပ်အာဏားသိမ်းမှု ၃နှစ်ပြည့်ဖို့ တစ်ရက်အလို မှာ ထုတ်ပြန်အသိပေးခဲ့တဲ့ ကြေညာချက်မှာ တော်လှန်ရေးအဖွဲ့တွေရဲ့ မျှော်မှန်းချက်၊ ဦးတည်ချက်၊ ရပ်တည်ချက်နဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကို အသိပေးထားပါတယ်။

▪︎KNUအထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးနဲ့​မေးမြန်းခန်း
▪︎KNUအထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးနဲ့​မေးမြန်းခန်း

▪︎KNUအထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးနဲ့​မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) အပါအဝင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်တွဲတော်လှန်တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့​တွေရဲ့ ဘုံသဘောထားရပ်တည်ချက်ကို ဒီကနေ့( ဇန်နဝါရီ ၃၁ရက်)မှာ ထုတ်ပြန်ခဲ့ပါတယ်။ စစ်တပ်အာဏားသိမ်းမှု ၃နှစ်ပြည့်ဖို့ တစ်ရက်အလို မှာ ထုတ်ပြန်အသိပေးခဲ့တဲ့ ကြေညာချက်မှာ တော်လှန်ရေးအဖွဲ့တွေရဲ့ မျှော်မှန်းချက်၊ ဦးတည်ချက်၊ ရပ်တည်ချက်နဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကို အသိပေးထားပါတယ်။

ဦးတည်ချက် ၆ရပ်မှာ (၁) စစ်အာဏာသိမ်းမှုကိုဖယ်ရှားပြီးမြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန် ၊(၂)လက်နက်ကိုင်တပ်ဖွဲ့များအားလလုံးကို ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သား အစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အ၀ ထားရှိရန်၊(၃) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှု မှန်သမျှ တိုက်ဖျက်ရန်၊ (၄)သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ် နှင့် ဒီမိုကရေစီ စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဌာန်းရန် ၊ (၅) ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန် နဲ့(၆)ပဋိပက္ခ အတွင်း မတရား ကျူးလွန်ခံရသူများအတွက် တရားမျှတမှု ရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိရေးလုပ်ငန်းစဉ် ဖော်ဆောင်ရန် တို့ဖြစ်ပါတယ် ။

ဒီကြေညာချက် ပြောရေးဆိုခွင့်ရှိသူဖြစ်သလို KNU ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ်တဲ့ ပဒိုစောတာဒိုမူးကို People’s Spring ကဆက်သွယ် မေးမြန်းထားပါတယ်။

-ဟန်နွေ/People’s Spring

Public Service Announcement

Public Service Announcement

မေး။ ​ဘုံသ​ဘောထားရပ်တည်ချက် ရဲ့ ဦးတည်ချက် ၆ရပ်ကို စစ်ကောင်စီက လက်ခံရင် ငြိမ်းချမ်းစွာ နဲ့ ဆွေးနွေးဖြေရှင်းမှုတွေ ရှိနိုင်သလို လက်မခံရင်ရော ဘယ်လို အခြေအနေမျိုး ဖြစ်နိုင်ပါသလဲ။

ဖြေ။လက်ခံရင်တော့ ​​​​​ရှော​ရှောရှူရှူ နဲ့ ဒီ အသွင်ကူးပြောင်းရေးကာလထဲကို ဝင်သွားမှာပေါ့နော်။ ပြီးရင် ဒီပြုပြင်ပြောင်းလဲမှုတွေက အသွင်ကူးပြောင်းရေး ကာလကနေ တဆင့်ခြင်းသွားရင်းနဲ့ နောက်ဆုံး ကျနော်တို့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေကြီးတစ်ခု ပေါ်လာတဲ့အထိ အဲဒီကနေ တဆင့် ရွေးကောက်ပွဲတွေကနေ အစိုးရသစ်ဖွဲ့နိုင်တဲ့အထိ တဆင့်ပြီး တဆင့် သွားရမှာပေါ့။ တကယ်လို့ လက်မခံဘူးဆိုရင်တော့ လက်ခံတဲ့အထိတော့ ကျနော်တို့ ကြိုးစားရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ စစ်တပ်ရဲ့ သဘောသဘာ၀ကိုက အရှုံးပေးတဲ့ အလေ့အထတော့မရှိဘူး။ ဒါပေမဲ့ ဒီစစ်တပ်က လက်ရှိ စစ်တပ်ထဲမှာရှိတဲ့ တပ်ဗိုလ် ၊တပ်မှူး က အစ အောက်ခြေရဲဘော်အထိ သူတို့တွေ အကုန်လုံးက လက်ရှိ အဖြစ်မှန်ကို သူတို့ တွေ့ကြုံနေရပြီ။ တွေ့ကြုံနေရတဲ့အခါကျတော့ သူတို့က လူထုနဲ့ အမှန်တကယ် ရပ်တည်လိုတဲ့ တပ်ဗိုလ် တပ်မှူးတွေ ရဲဘော်ရဲဘက်တွေရှိတယ်ဆိုရင် ဒီလူတွေက အပြောင်းအလဲထဲမှာ သူတို့ ပါဝင်လာနိုင်ဖို့ကို သူတို့ကိုယ်တိုင် ပါဝင်လာနိုင်ဖို့ ကျနော်တို့ ကြိုးစားဆောင်ရွက်ရမှာပေါ့။ ပြောချင်တာက စစ်တပ်က တကယ်လို့ ဒီကိစ္စကို လက်မခံဘူးဆိုရင် ထိပ်သီးကသူတွေသာလျင် လက်မခံတာ ဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် သူတို့အတွက် လမ်းဖွင့်ပေးထားတယ်လို့ ပြောလို့ရနိုင်တဲ့ ဒီစစ်တပ်ကို ပြန်လည်ပြုပြင်ပြောင်းလဲပြီးတော့ နိုင်ငံရေးနဲ့ မပတ်သက်တဲ့ တပ်မတော်တစ်ရပ်ကို ပြန်လည်ထူထောင်ဖို့ဆိုတာ ပရော်ဖက်ရှင်နယ်အာမီ လို့ခေါ်တဲ့ တကယ့် ပေမီ တန်းမီ တပ်မတော်တစ်ရပ်ကို ပြန်ထူထောင်ဖို့ပဲ ဖြစ်တယ်။

အဲဒီတော့ အခု စစ်တပ်ထဲက ပေမီ ဒေါက်မီဖြစ်တဲ့ တကယ့်ကို နိုင်ငံတကာ စံချိန် စံညွှန်းနဲ့ အလုပ်လုပ်တဲ့ တပ်မတော်တစ်ခု ပေါ်ထွက်ဖို့ လိုလားတဲ့ ဆန္ဒရှိတဲ့ တပ်ဗိုလ်တပ်မှူးတွေ ရဲဘော် ရဲဘက်တွေရှိတယ်ဆိုတာကိုလည်း ကျနော်တို့ ယုံကြည်တယ်။ အဲဒီအတွက်ကြောင့် ဒီနေ့ ဒီစစ်တပ်ထဲက အောက်ခြေ ရဲဘော်တွေ သော်လည်းကောင်း၊ အမှန်တရားကို သိရှိနားလည်ပြီးတော့ ဖောက်ထွက်လို့ မရသေးတဲ့ တကယ့်ကို နိုင်ငံကို ကယ်တင်ချင်တဲ့ နိုင်ငံကို ကာကွယ်ချင်တဲ့ စစ်တပ်ဖြစ်ချင်တဲ့သူတွေကနေပြီးတော့ သူတို့ရဲ့ အခန်းကဏ္ဍက အရေးကြီးလာပါတယ်။ ဒါကြောင့် ကျနော်တို့ဘက်ကတော့ စစ်တပ်က ဒါကို လက်ခံတဲ့အထိ နည်းပေါင်းစုံနဲ့ ကျနော်တို့ ဆက်လက်ပြီးတော့ ဖိအားပေးသွားဖို့လိုတယ်။ နိုင်ငံတကာ ရေးရာ အရ ကျနော်တို့ ထိုးဖောက်ပြီးတော့ သံတမန်ရေးရာနည်းအရ နိုင်ငံတကာ ဝိုင်းပြီးတော့ ပိတ်ဆို့နိုင်အောင်၊ ပြည်သူ့ရေးရာဘက်ကလည်း ပြည်သူလူထုက တက်နိုင်တဲ့ဘက်က ဆက်ပြီးတော့ ဖိအားဆက်ပေးဖို့လိုပါတယ်။ အကြမ်းမဖက် ဆန္ဒပြမှုထဲမှာ ပါဝင်တာပဲ ဖြစ်ဖြစ် ကျနော်တို့ မနက်ဖြန်လုပ်မယ့် အသံတိတ်သပိတ်မှာ ပါဝင်တာက အစ ပေါ့နော် နည်းလမ်းပေါင်းများစွာနဲ့ ပြည်သူလူထုကလည်း စစ်တပ်ကို ဒီခြောက်ချက်ကို လက်ခံဖို့ ဝိုင်းပြီး ဖိအားပေးရမယ့် တာဝန်လည်းရှိပါတယ်။ ကျနော်တို့ဘက်ကတော့ ERO တွေဘက်ကတော့ ဆက်ပြီးတော့ စစ်ရေးအရ နိုင်ငံရေးအရ ဆက်လက်တိုက်ပွဲဝင်သွားမယ်။

တစ်ဖက်မှာလည်း လူထုတွေ ကြုံတွေ့နေရတဲ့ ဒုက္ခပေါင်းများစွာကို ကျနော်တို့ နည်းလမ်းရှာရင်းနဲ့ ပြည်သူလူထုကို ဆက်ပြီးတော့ အတူတကွ ကျောခြင်းကပ် ရင်ခြင်းအပ်ပြီးတော့ ဆက်ပြီး လုပ်သွားကြဖို့ လိုတယ်ဆိုတာကိုတော့ ပြောလိုတာပေါ့။ အချု့ပ်အနေနဲ့ ပြောရမယ်ဆိုရင် သူလက်ခံတဲ့အထိတော့ ကျနော်တို့ ဆက်ပြီး ဖိအားပေးသွားဖို့လိုတယ်။ ဘာကြောင့်လဲဆို ဒီနိုင်ငံမှာ တရားဝင်စစ်အာဏာသိမ်းတယ်လို့ ပြောလို့ရတာ သုံးကြိမ်ရှိပါပြီ။ စစ်အာဏာသိမ်းမှု ဘယ်ဟာမဆိုကတော့တရားဝင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ကိုယ် သူတို့ နိုင်ငံကို ပြုပြင်ပြောင်းလဲပါတယ်ဆိုပြီးတော့ ကြေညာပြီးတော့လုပ်တဲ့ဟာက ၃ကြိမ်ရှိတယ်။ ၁၉၆၂အာဏာသိမ်းလိုက်တာ ဗမာပြည်ဟာ ကမ္ဘာ့အဆင့်းရဲဆုံးနိုင်ငံ LDCကို ရောက်သွားတယ်။ ဒုတိယ တကြိမ် စစ်အာဏာထပ်သိမ်းတယ်။ ၈၈မှာ။ သိမ်းလိုက်တော့ ဗမာပြည်ဟာ ဒေသတွင်းမှာ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ အကြီးဆုံးနိုင်ငံတစ်ခု ဖြစ်သွားပြီးတော့ ဒုက္ခသည်ပေါင်းများစွာနဲ့ ကျနော်တို့ သိန်းပေါင်းများစွာပေါ့။ ကရင်ဒုက္ခသည်ဆိုရင် နယ်စပ်တလျှောက်မှာ ဒုက္ခသည်စခန်းတွေပေါ်လာတယ်။ မူးယစ်ဆေးဝါးကိစ္စတွေလို ကိစ္စတွေ ပြဿနာပေါင်း သောင်းခြောက်ထောင်က ဒီနိုင်ငံကို ဒုက္ခဆင်းရဲထဲကို ဆွဲချတယ်။ အခု တတိယ အကြိမ် ၂၀၂၁ မှာ အာဏာသိမ်းလိုက်တော့ တခါတည်း ပြည်တွင်း ဒုက္ခသည် ၂သန်းကျော်နဲ့ အိမ်မပြန်နိုင်သေးတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁သန်းကျော်နဲ့ အခြား ဒုက္ခပေါင်းများစွာနဲ့ ကျနော်တို့ နိုင်ငံသားတွေသာမကဘဲ အိမ်နီးနားချင်းနိုင်ငံလည်း ဒုက္ခ ကြုံနေရတာပေါ့နော်။ ဒါကြောင့် ဒီစစ်တပ်က ဘယ်လိုမှ နိုင်ငံရေးမှာ ပါစရာ အကြောင်းမရှိတော့ဘူး။ ဘယ်လိုမှ လက်ခံစရာ အကြောင်းမရှိတော့ဘူးဆိုတာကို စစ်တပ်ထဲက ရဲဘော်ရဲဘက်တွေကအစ အောက်ခြေရဲဘော်က အစ အရာရှိတွေက အစ အကြပ်တပ်သား တပ်မှူးတွေက အစ အကုန်လုံးသိဖို့လိုတယ်။ စစ်ထဲဝင်ရခြင်းရဲ့ရည်ရွယ်ချက်ကိုသူတို့ ပြန်သုံးသပ်ဖို့လိုတယ်။ စစ်ထဲဝင်တာက နိုင်ငံကို ကာကွယ်ဖို့ဆိုရင် ဒီအချိန်မှာ မင်းအောင်လှိုင်ဦးစီးတဲ့အဖွဲ့ကို ဆန့်ကျင်ပြီးတော့ ဖောက်ထွက်ဖို့ ပြီးတော့ ဒီအချက် ၆ချက်ကို လက်ခံရင်းနဲ့ ကျနော်တို့နဲ့ အတူပူးပေါင်းပြီးတော့ အခင်းအကျင်း အသစ်တစ်ခုတည်း ဝင်ရောက်ဖို့ အချိန်တန်ပြီဆိုတာကို ပြောချင်တာပေါ့နော်။

မေး။KNU အနေနဲ့ ဒီလိုပြဿနာတွေဖြေရှင်းတဲ့အခါ နိုင်ငံတကာ ပါဝင်မှု အခန်းကဏ္ဍနဲ့ပတ်သက်ပြီး အလေးထား ပြောဆိုခဲ့တာရှိတော့ အခုရော နိုင်ငံတကာ ပါဝင်မှုကဏ္ဍ ဘယ်လိုရှိပါသလဲ။

ဖြေ။နိုင်ငံတကာ ပါဝင်မှု အခန်းကဏ္ဍက အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် ကျနော်တို့ အမြဲတမ်းပြောနေတာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ်က ဒီ ၆ချက်ကို လက်ခံလာနိုင်ဖို့နဲ့ ဒေသတစ်ခုလုံး တည်ငြိမ်အေးချမ်းဖို့ဆိုတာ နိုင်ငံတကာရဲ့ အခန်းကဏ္ဍက အရမ်းအရေးကြီးပါတယ်။ နိုင်ငံတကာက အဖြစ်မှန်ကို မသိဘဲနဲ့ အရင်လိုပဲ စစ်တပ်ကို ဗဟိုပြုပြီး ဆက်ဆံနေသမျှကတော့ ဒေသတွင်းမှာ မတည်ငြိမ်မှုက ပိုပြီး ကြီးထွားလာဖို့ပဲရှိတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့က နိုင်ငံတကာနဲ့ထိတွေ့ဆက်ဆံပြီးတော့ နိုင်ငံတကာ က တချို့နိုင်ငံတွေပေါ့နော် တချို့ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ အမြင်တွေက စစ်တပ်ကို ဗဟိုပြုပြီး ဆက်ဆံလိုတဲ့ သဘောထားမျိုးကို ဆက်ပြီးတွေ့နေရတဲ့ အတွက်ကြောင့် ကျနော်တို့ ဒီလိုမျိုး ရှင်းရှင်းလင်းလင်းနဲ့ ပြည်တွင်းရော နိုင်ငံတကာရော သိအောင် ဒီလိုစတိတ်မန့်ကို ထုတ်တာလည်းဖြစ်တယ်ပေါ့နော်။ နိုင်ငံတကာရဲ့ ကဏ္ဍက ဒီအာဏာသိမ်းမှုကို ဖယ်ရှားခြင်းကနေ စပြီးတော့ ကျနော်တို့ အသွင်ကူးပြောင်းရေးကာလနဲ့ ပြန်လည်ထူထောင်ရေးကာလအဆုံး ဟိုးဘက်က ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ထွက်လာတာတောင်မှ ကျနော်တို့ နိုင်ငံက ကုန်းရုန်းပြီး ပြန်ထရအုံးမှာ ဖြစ်ပါတယ်။လေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ ရွာမီးရှို့တာတွေနဲ့ အဲဒါတွေနဲ့ ကြေမွှနေတဲ့ ကျနော်တို့ နိုင်ငံကို ပြန်လည်ထူထောင်တဲ့နေရာမှာ နိုင်ငံတကာရဲ့နည်းပညာ အထောက်အကူ ပြီးတော့ ဘဏ္ဍာရေးအထောက်အကူက အစ အကုန်လုံးလိုအပ်ပါတယ်။ ဆိုတော့ နိုင်ငံတကာကိုကတော့ စစ်တပ်အာဏာသိမ်းမှုကို ဖယ်ရှားနိုင်ဖို့အတွက် သူတို့ရဲ့ အထောက်အကူတွေကို လက်ခံရယူနိုင်အောင် ကြိုးစားနေရင်း နောက်ဆုံး ပြန်လည်ထူထောင်ရေးကာလနဲ့ ကျနော်တို့ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံအဖြစ်ရောက်အောင် သွားတဲ့ အချိန်ထိ တောက်လျှောက်ကတော့သူတို့ ဆက်ပါဖို့လိုပါတယ်။ အဲဒါကြောင့် နိုင်ငံတကာကတော့ အင်မတန်အရေးကြီးတယ်ဆိုတဲ့ အပိုင်းကို ပြောလိုတာဖြစ်ပါတယ်။

မေး။အခုကြေညာချက်မှာ ပါဝင်တဲ့အဖွဲ့အစည်း အရေအတွက်နဲ့ အမည်တွေ ရေးထားတာမျိုး မတွေ့ရ​တော့ ဒီထုတ်ပြန်ချက်မှာ ပူးပေါင်းပါဝင်မှု အပိုင်းကို ရှင်းပြပေးပါလား။

ဖြေ။ဒီဟာက ကျနော်တို့ လေးဦး(ကြေညာချက် ပြောရေးဆိုခွင့်ရှိသူ KNU၊ CNF၊ KNPP၊ NUG ကိုယ်စားလှယ် လေးဦး) ရေးထားတယ်ပေါ့။ အမှန်တကယ်က ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်း တော်တော်များများထဲမှာ ဒီလိုအခြေခံ သဘောထားမျိုး ရှိကြပါတယ်။ ဒါပေမဲ့ အချိန်အတိုင်းအတာအပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့ လိုက်ပြီး တွေ့ဆုံနိုင်တဲ့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပါဝင်နိုင်ဖို့အတွက်ကတော့ အချိန်အကန့်အသတ်ရှိတဲ့အတွက် လောလောဆယ် ဒီလိုပဲ ထုတ်ထားရတာဖြစ်ပါတယ်။ နောက်ပိုင်း ကျနော်တို့ ဒါကို လမ်းဖွင့်ထားပြီးတော့ လိုက်ပြီးတော့ ကျန်တဲ့အဖွဲ့အစည်းတွေ ဆက်လက်ပြီး ပါဝင်လာနိုင်အောင် ကျနော်တို့ ညှိနှိုင်းလုပ်ဆောင်ရင်းနဲ့ ထပ်ပြီးတော့ ဒီအခြေခံမူနဲ့ ရပ်တည်မှုတွေပေါ့နော် ဒီနိုင်ငံရေး ဘုံရည်မှန်းချက်တွေနဲ့ ဘုံနိုင်ငံရေးရပ်တည်မှုတွေအပေါ်မှာ အတူတကွ ပူးပေါင်းပြီး ပိုမိုပြီး ပါဝင်လာနိုင်အောင် ကျနော်တို့ ဆက်လက်ပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

မေး။ ပြည်သူတွေ ဘယ်လိုသတင်းစကားပါးချင်ပါလဲ။

ဖြေ။ပြည်သူကို ပါးလိုတဲ့ သတင်းစကားကတော့ ကျနော်တို့ ခရီးကြမ်းကြီးက ပန်းတိုင်ကို အများကြီး နီးစပ်လာပါပြီလို့။ အဲဒီအတွက်ကြောင့် ဆက်လက်ပြီးတော့ တွန်းတွန်းတိုက်တိုက်နဲ့ ဆက်လက်ပြီး ပါဝင်ပေးကြပါလို့။ ကျနော်တို့ရဲ့ ဒီ အထူးသဖြင့် ဘက်ပေါင်းစုံကနေ ဒီ ခြောက်ချက်ကို အခြေခံပြီး သူတို့လိုက်နာအောင် ကျနော်တို့ ဝိုင်းပြီးတော့ ဖိအားပေးကြရမှာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ပြည်သူလူထုကလည်း ပြည်သူလူထုရဲ့ထောင့် ၊ ပြည်သူလူထုရဲ့ နေရာကနေ ဆက်လက်ပါဝင် ပေးကြဖို့ပေါ့နော်။ အရင်ကလည်း ပါဝင်ပေးကြသလို ဆက်လက်ပြီးတော့လည်း တက်တက်ကြွကြွနဲ့ ပါဝင်ပေးကြဖို့။ စိန်ခေါ်မှုကတော့ ကြီးပါတယ် တော်လှန်ရေးဆိုတဲ့အားလျော်စွာ။ ဒါပေမဲ့ ဒါက ကျနော်တို့ရဲ့ နောင်လာမယ့် မျိုးဆက်တွေအတွက် အေးချမ်းပြီးတော့ တန်းတူညီမျှမှုနဲ့အတူ ကျနော်တို့အားလုံး ခွဲခြားဆက်ဆံမှုမရှိတဲ့ ကျနော်တို့ရဲ့ အရေးအရာ ကျနော်တို့ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အနာဂတ်ကို ကျနော်တို့ ထူထောင်ကြတာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ပြည်သူတွေအနေနဲ့ ဆက်လက်ပြီး စစ်တပ် အင်စတီကျူးရှင်းကို တွန်းအားပေးကြပါ ဖိအားပေးကြပါ။ ကျနော်တို့ ဘက်စုံကနေ ပါဝင်နေတဲ့ တော်လှန်ရေးမှာ ဘက်အသီးသီးက ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုအရ ဆက်လက်ပြီး ပါဝင်ကြပါ။ အထူးသဖြင့်မနက်ဖြန်လုပ်မယ့် Silent Strike အတွက်လည်း ပါဝင်ပေးကြပါလို့ ကျနော်တိုက်တွန်းလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

ကျေးဇူးတင်ပါတယ်။ ။