Connect with us
close

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

မီး​လောင်ပြင်က​နေ စစ်​ကောင်စီကင်းစင်​မြေဖြစ်လာဖို့ ရည်မှန်း​နေပြီဖြစ်တဲ့ယောနယ်

ဒီဒေသမှာ ဗမာ၊ချင်း၊တောင်သားစတဲ့ တိုင်းရင်းတွေ နေထိုင်ကျပြီး စစ်ကောင်စီကို တူမီး၊ အမဲလိုက်သေနတ်တွေ၊ လက်လုပ်မိုင်းတွေနဲ့ စတင်တော်လှန်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။

မီး​လောင်ပြင်က​နေ စစ်​ကောင်စီကင်းစင်​မြေဖြစ်လာဖို့ ရည်မှန်း​နေပြီဖြစ်တဲ့ယောနယ်
မီး​လောင်ပြင်က​နေ စစ်​ကောင်စီကင်းစင်​မြေဖြစ်လာဖို့ ရည်မှန်း​နေပြီဖြစ်တဲ့ယောနယ်

“​ကောက်ညှင်းတင်းဝါးနှင့်လက်ဖက်ရည်ကြမ်းဧည်ခံပါရ​စေ

-မုန့်ပျားစွဲနှင့် လက်ဖက်ရည်ကြမ်း ဧည်ခံပါရ​​စေ

-ယောဓ​လေ့ ​ယောဟင်း​တွေ နှင့် ထမင်းကျွေးပါရ​စေ”

တောသားကြီး (​ယော​မြေ) သီဆိုတဲ့ချစ်စရာ​တေးသီချင်းဖြစ်တဲ့ “ကျွန်​တော် ​ယောသား”သီချင်းစာသား​တွေအတိုင်း ယောဒေသကို ရောက်ရင် အရင်လို ပြောင်းဖူး၊နှမ်း၊ဝါ၊ နေကြာခင်းစတဲ့ စိုက်ခင်းတွေ နဲ့ ထန်းတောတွေ​တွေ့ရမှာဖြစ်ပါတယ် ။

ဒါ​ပေမယ့် ဒီ​နေ့အချိန်လာမယ်ဆိုရင်​တော့သီချင်းထဲမှာမပါတဲ့ စစ်ကောင်စီတပ် ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှု ​​မြောက်များစွာနဲ့ မီး​လောင်ပြင်ဖြစ်​နေတဲ့ ရွာ​တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါအပြင် စစ်ဘေးရှောင်စခန်းတွေ၊ တိုက်ပွဲ အကြွင်းအကျန်​တွေ စတဲ့စစ်ရဲ့ အနိဌာန်ရုံမြင်ကွင်းတွေကိုလည်းမြင်တွေ့ ကြရမှာဖြစ်ပါတယ်။

ယောဒေသဟာ မကွေးတိုင်းထဲမှာ တော်လှန်ရေးအားကောင်းဆုံး နယ်မြေတစ်ခုဖြစ်သလို၊ လွတ်မြောက်နယ်မြေပမာဏကြီးကြီးမားမားကိုလည်း ပိုင်ဆိုင်ထားတဲ့ ဒေသတစ်ခုလည်းဖြစ်လာပါတ‌ယ်။

ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်၊ ဆောမြို့နယ်တို့ပေါင်းစပ်ထားတဲ့ ယောဒေသဟာ မကွေးတိုင်းအတွက် စံနမူနာပြုရအောင် ​တော်လှန်ရေးတပ်တွေ ထိန်းချုပ်တဲ့ လွတ်မြောက်နယ်တစ်ခုဖြစ်နေပါပြီ။

Public Service Announcement

Public Service Announcement

“မကွေးတိုင်းမှာယောနယ်မြေကလွတ်မြောက်တဲ့နေရာဖြစ်လာမယ်ဆိုရင်တော့ ဟုတ်တယ်။တော်လှန်ရေးစစချင်းကတည်းက ကျတော်တို့တွက်ထားပြီးသားနယ်မြေဖြစ်တယ်။ EAO (တိုင်းရင်းသားလက်နက်ကိုင်)မဟုတ်တဲ့ လွတ်မြောက်နယ်မြေဆိုရင် ယောမြေဖြစ်လာမယ်လို့တော်လှန်ရေးအရမ်းအားကောင်းတော့ အဲလိုမျှော်လင့်ခဲ့ကြတယ်” လို့ ဂန့်ဂေါခရိုင်၊ အမှတ် (၁၄)တပ်ရင်း၊ ယာယီတပ်ရင်းမှူး ကိုသူရိန်ကပြောပါတယ်။

ဒီဒေသမှာရှိတဲ့ မြို့နယ်တိုင်းမှာ အမျိုးသားညီညွတ်​ရေးအစိုးရ- NUGရဲ့ အုပ်ချုပ်ရေး ယန္တယားလှည့်ပတ်နိုင်တဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။အခွန်စနစ်နဲ့ တရားရေးစနစ်ကိုလည်း စတင်လည်ပတ်နေပြီလို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

ဂန့်​ဂေါမြို့နယ်အတွင်းမှာ ရပ်ကွက်/ကျေးရွာပေါင်း ၁၁၅ ရွာအနက် ၉၀ကျော်ကို ပအဖ(ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့) ဖွဲ့စည်းထားနိုင်ပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်လျက်ရှိပါတယ်လို့ ဂန့်ဂေါမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူကပြောပါတယ် ။

“အုပ်ချုပ်ရေးယန္တရားဘက်ကတော့ အားကောင်းကောင်းနှင့်လည်ပတ်နေပါတယ်ဗျ” လို့သူက​ပြောပါတယ် ။

ဒီဒေသဟာ စစ်တပ်အာဏာသိမ်းပြီးခါစကတည်းက စစ်အာဏာသိမ်းမှုအ​ပေါ် ဆန့်ကျင်မှုအား​ကောင်းသလို မကွေးတိုင်းထဲမှာလက်နက်ကိုင်တော်လှန်ရေး စတင်တဲ့​ဒေသ​တွေထဲကတစ်ခုလည်းဖြစ်ပါတယ် ။ဒါ​ကြောင့် စစ်​ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှု​တွေနဲ့ ပြင်းပြင်းထန်ထန်ဖိနှပ်ဖို့ကြိုးစားသလို ၊ရွာ​တွေကို မီး​ရှို့ ပြီး ​တော်လှန်စိတ် ကို ပြာချဖို့ ကြိုးစားတဲ့ အ​စောဆုံး​ဒေသတစ်ခုလည်းဖြစ်ပါတယ်။

ကျေးရွာတွေကိုလည်း စစ်ကောင်စီတပ်က အညှာတာမဲ့ မီးရှို့ခဲ့လို့ စစ်ဘေးရှောင် သိန်းချီရှိတဲ့ ဒေသလည်းဖြစ်ပါတယ်။

ဂန့်​ဂေါမြို့နယ်မှာဆိုရင် ​နေအိမ်​ပေါင်း ၉၀၀ ခန့် ၊​ဆောမြို့နယ်မှာဆိုရင် ​နေအိမ်​​ပေါင်း ၅၅၀ ​ကျော် ၊ထီးလင်းမြို့နယ်မှာဆိုရင် ​နေအိမ်​ပေါင်း ၄၀၀ ခန့်မီးရှို့ဖျက်ဆီးခံရတယ်လို့ စစ်​ကောင်စီကနိုင်ငံတစ်ဝန်း မီးရှို့ဖျက်ဆီးတဲ့ အချက်အလက်​တွေကို ပြုစုမှတ်တမ်းတင်​နေတဲ့ Data For Myanmar က​ဖော်ပြထားပါတယ် ။ ဒါ​ကြောင့် ​ယောနယ်တစ်ခုလုံးမှာ ​နေအိမ် ၁၈၀၀ ​ကျော်မီးရှို့ပြာချခံခဲ့ရတာပါ။

ဒီဒေသမှာ ဗမာ၊ချင်း၊တောင်သားစတဲ့ တိုင်းရင်းတွေ နေထိုင်ကျပြီး စစ်ကောင်စီကို တူမီး၊ အမဲလိုက်သေနတ်တွေ၊ လက်လုပ်မိုင်းတွေနဲ့ စတင်တော်လှန်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။

“ဒီနယ်မြေက PDFထိန်းချုပ်နယ်မြေဖြစ်လို့ ဆန်၊ဆေးဝါးနဲ့ စက်သုံးဆီတွေက စစ်ကောင်စီက အကြီးအကျယ်ကန့်သတ်ထားပါတယ်။ ဒါပေ့မယ်လည်း ဒီဒေသက လွတ်လပ်မှုကိုတော့ စစ်ကောင်စီက မကန့်သတ်နိုင်တော့ပါဘူး”လို့ CDMကျောင်းဆရာတစ်ဦးကမှတ်ချက်ပေးပါတယ်။

ချင်းတောင်တန်းနဲ့ ပုံတောင်ပုံညာတောင်တန်းကြားမှာ မြေဩဇာကောင်းတဲ့ ဒီဒေသက စစ်အာဏာရှင်တော်လှန်ရေးအတွက်လည်း ရေခံမြေခံကောင်းခဲ့ပါတယ်။

အာဏာသိမ်းသုံးနှစ်ပြည့်လုနီးအချိန်ထိ တော်လှန်ရေး အရှိန်အဟုန်ကောင်းနေဆဲဖြစ်ပါတယ်။ ဒေသခံ​ပြည်သူတွေကလည်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရေးအတွက် စိတ်အားထန်သန်နေဆဲဖြစ်ပါတယ်။

“အာဏာသိမ်းစစ်တပ်က ပေးခဲ့တဲ့ ဒုက္ခကို သုံးနှစ်ကြာခါစည်းခံခဲ့ရတော့ ဒိဒုက္ခတွေငြိမ်းအေးတော့မယ်ဆိုတော့ ဘယ်လောက်ထိ၀မ်းသာလည်းဆိုတာ ပြောမပြတတ်အောင်ပါပဲ” လို့ အသက် ၅၀ ဝန်းကျင်အရွယ် အ​ဒေါ်ကြီးတစ်ဦးကလည်း​ပြောပြပါတယ် ။

စစ်ဝတ်စစ်စားအပြည့်အစုံဝတ်စားထားတဲ့ PDFလို့ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားများကိုလည်း ယောနယ်တကြောမှာ အခြားဒေသထက် ပိုပြီးတွေ့ရမှာဖြစ်ပါတယ်။ အညာဒေသမှာ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း​တွေ ဈေးကြီးရှားပါး​ပေမယ့် ယောဒေသမှတော့ ဒီပစ္စည်းတွေကို ကာကွယ်ရေးလူငယ်တွေက အတိုင်းအတာတခုထိ အသုံးပြုနေနိုင်ပြီဖြစ်ပါတယ်။

၂၀၂၃ နှစ်ကုန်ပိုင်းမှာ စတင်ခဲတဲ့ ရှမ်းပြည်နယ်​မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးက အစပြုခဲ့တဲ့ မြို့သိမ်း၊စခန်းသိမ်းတိုက်ပွဲတွေအကြောင်း နိုင်ငံတစ်ဝန်းကပြည်သူ​တွေ ကြားမှာ စိတ်အားထက်သန်စွာ ပြောခဲ့ကြ​ပေမယ့် ယောဒေသက စခန်းသိမ်းတိုက်ပွဲတွေအ​ကြောင်းကို​တော့ ပြည်သူတွေကြား များများစားစားမသိကြပါဘူး။

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ မကွေးတိုင်းထဲမှာလည်း စခန်းသိမ်းတိုက်ပွဲတွေကို ယောဒေသခံကာကွယ်ရေးတပ်တွေက ဆင်နွှဲခဲ့ကြပါတယ်။

ယောဒေသတိုက်ပွဲ​တွေအနက် ကန်ရွာတိုက်ပွဲ၊ မင်းရွာတိုက်ပွဲ၊ ရေမျက်နီရွာ စခန်းသိမ်းတိုက်ပွဲတွေဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေး​တွေဖြစ်ပါတယ်။

နိုဝင်ဘာလဆန်းက မင်းရွာရဲစခန်းသိမ်းတိုက်ပွဲမှာ စခန်းက ရဲအရာရှိငယ်တစ်​ယောက်ကို အ​ဝေးက ရဲအရာရှိကြီးက ​ဖုန်းနဲ့ လေ​ကြောင်းပစ်ကူလွှတ်​ပေးမယ်လို့ လိမ်​ပြောပြီးဆက်တိုက်ခိုင်းခဲ့​ပါတယ်။ဒါ​ပေမယ့် ဘယ်​လေ​ကြောင်းပစ်ကူမှမလာပဲ ရဲအရာရှိလည်း​သေ ၊စခန်းလည်းအသိမ်းခံလိုက်ရသလို အဲဒီအသံဖိုင် PDF ​တွေကရပြီး​ဖေစ်ဘွခ်မှာပျံ့သွားပြီးပြည်သူ​တွေကြား အ​ပြောများခဲ့ပါ​သေးတယ် ။

ဒီတိုက်ပွဲ​တွေမှာ ပေးဆပ်ရခဲ့ရတဲ့ ယောလူငယ်တွေလည်းရှိပါတယ်။ ထီးလင်းမြို့နယ်ထဲက ရေမျက်နီရွာစခန်းသိမ်းတိုက်ပွဲမှာဆိုရင် ​ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်းကျဆုံးခဲ့ရပါတယ်။ ဒါ​ကြောင့် ဒီစခန်းသိမ်းတိုက်ပွဲ​တွေဟာ ယောသားတွေရဲ့ အသက်သွေး၊​ချွေးများစွာပေးဆပ်ပြီး အရယူခဲ့ရတာဖြစ်ပါတယ်။

“ကိုယ်ဒေသကို ကိုယ်အားကိုးရတဲ့အဖွဲ့တွေ ထိန်းချုပ်ထားနိုင်တာ ဝမ်းသာပါတယ်။ဒီလိုဖြစ်အောင်လည်း ကလေးတွေ(PDF)အသက်တွေရင်းပြီးယူခဲ့ရတာ”လို့ ​ယော​နယ်ကပြည်သူတစ်ဦးက​ပြောတာပါ။

“ယောဒေသက ရှမ်းမြောက်ဒေသလို့ စစ်ကောင်စီကင်းမဲ့နယ်မြေဖြစ်ဖို့ မျှော်လင့်ထားတယ်။ ထီးလင်းဆိုရင် မြို့ပေါ်ပဲကျန်တော့။ မြို့ပေါ်ဆိုရင် တောက်လျောက်ထွက်ပြေးတဲ့ သူတွေရှိတယ်။ ထီးလင်းမြို့ပေါ်မှာ ပျူတွေ အရမ်းကို ခက်ခဲနေပြီ။ ဒါလေးတခုပဲကျန်တော့တယ်။ မတိုက်သေးတာပဲရှိတယ်။ ပံ့ပိုးအားကောင်းကောင်းနဲ့ နောက်က အုပ်ချုပ်ထောက်ပံ့မှုကောင်းကောင်းနဲ့ ။ရှေ့တန်းရဲဘော်တွေက အဆင့်သင့်ဖြစ်နေရင် ၂၀၂၄အတွင်းမှာ ယောနယ်က လုံးဝလွတ်လပ်တဲ့နယ်မြေ ဖြစ်လာနိုင်ပါတယ်”လို့ ကိုသူရိန်က လည်းသုံးသပ်ပါတယ် ။

ယောဒေသဟာ အိန္ဒိယကိုဆက်သွယ်ဖို့ ချင်းတောင်အတွက်ဝင်ပေါက်တခုဖြစ်သလို ယောဒေသတော်လှန်ရေးအရှိန်ကလည်း စစ်ကောင်စီအတွက် ရင်ဝကို စူးခဲ့တဲ့ ဆူးတစ်ချောင်းဖြစ်ပါတယ်။

ယောဒေသမှာဆိုရင် စစ်ကောင်စီရဲ့ ကျောအခြေစိုက် အမှတ် (၂၃) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကျောကပစ)၊ လောင်းရှည်ဒေသအခြေစိုက် အမှတ်(၂၅) ကာကွယ်ရေးပစ္စည်း စက်ရုံး​တွေရှိသလို၊ ထီးလင်းမြို့လို ပျူစောထီး​တွေ အား​ကောင်းတဲ့မြို့တွေလည်းရှိပါတယ်။

ယောဒေသမှာဆိုရင် ဂန့်ဂေါခရိုင် အခြေစိုက် ခရိုင်တပ်ရင်း ၂၀ခန့်၊ YDF, CDF , ABSDFစတဲ့ အမျိုးအမည်စုံတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရှိပါတယ်။လူမျိုးစုံသလောက် ကာကွယ်ရေးတပ်တွေလည်း အဖွဲ့မျိုးစုံရှိပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့မျိုးစုံရှိ​ပေမယ့် တိုက်ပွဲအများစုကို အမျိုးသား ညီညွတ်​ရေးအစိုးရ ၊ကာကွယ်​ရေးဝန်ကြီးဌာန ၊ အမှတ် (၁) စစ်ဒေသကွပ်ကဲမှုအောက်က အကောင်အထည်ဖော်နေကြတာဖြစ်ပါတယ်။

“စစ်ဒေသကွပ်ကဲမှုပေါ့၊ အလွယ်ပြောရရင်တော့ ခရိုင်ကွပ်ကဲရေးက တိုက်ပွဲဝင်ရင် လက်နက်၊ကျည် ပူစရာမလိုဘဲ။ အစုအဖွဲ့အလိုက် စနစ်တကျလေ့ကျင့်တိုက်ပွဲဝင်နိုင်တယ်လေ” လို့ စခန်းသိမ်းတိုက်ပွဲ​တွေမှာ ပါဝင်ခဲ့တဲ့ PDFတစ်ဦးကပြောပါတယ်။

ယောဒေသကို တောင်ယောနဲ့ မြောက်ယော ဆိုပြီး နှစ်ပိုင်းခွဲခြားသတ်မှတ်ထားပါတယ် ။မြောက်ယောနယ်မှာ ဂန့်ဂေါမြို့နယ်အဓိက ဖြစ်ပါတယ် ။​မြောက်​ယောနယ်အပိုင်းမှာ အဓိက သိမ်းပိုက်စရာ ၇ နေရာ​လောက်ပဲရှိတော့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

အဲဒီ ၇ ​နေရာထဲမှာ ဂန့်ဂေါမြို့နဲ့ ကျော ကပစ တို့ အဓိကဖြစ်တယ်လို့ဆိုပါတယ်။ ဒါအပြင် ပျူစောထီးကျေးရွာတွေကလည်း ခရိုင်မြို့ဖြစ်တဲ့ ဂန့်ဂေါနားမှာ အမြောက်အမြားရှိနေပါတယ်။

တောင်ယောနယ်မှာတော့ ထီးလင်းမြို့၊ ဆောမြို့၊လောင်းရှည်နဲ့ကျောက်ထုမြို့တွေရှိပါတယ်။ ဒီထဲမှာ လောင်းရှည်က စစ်ကောင်စီကပစ စက်ရုံရှိပါတယ်။ ကျောက်ထုမှာ အမြောက်တပ်တစ်ခုရှိပါတယ်။ ​​တောင်​ယောမှာ ကျောက်ထု၊ထီးလင်းနဲ့ လောင်းရှည်မြို့တွေက ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် အဓိက တိုက်ခိုက်ရမယ့်နေရာတွေဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကဆိုပါတယ်။

ယောလုံချည်နဲ့ လူသိများခဲ့တဲ့ ယောဒေသက ကာကွယ်ရေးသမားတွေဟာ ဒီစခန်းတွေကို ၂၀၂၄အတွင်းမှာ အပြီးသတ်ပသိမ်းပိုက်နိုင်ဖို့ ရည်မှန်းနေကြပြီဖြစ်ပါတယ်။

ဒါကြောင့် မကြာခင်မှာ ယောဒေသဟာ မကွေးတိုင်းအတွက် ပထမဦးဆုံးလွတ်မြောက်နယ်မြေတစ်ခုဖြစ်လာ​တော့မယ်လို့ယာယီတပ်ရင်းမှူးကိုသူရိန်ကပြောပါတယ်။ ဒီလိုအ​ခြေအ​နေ​ရောက်လာဖို့ ယောဒေသမှာရှိတဲ့ ချင်း၊ဗမာစတဲ့ ယောသားတွေရဲ့ အသက်သွေး​​ချွေး များစွာနဲ့ရင်းနှီး စိုက်ပျိုးထားရတာဖြစ်ပါတယ် ။

“တော်လှန်ရေးစကတည်းက စစ်သားတွေကို ကြောက်လို့ဘယ်မှ မသွားရဲခဲ့ဘူး။ အခုတော့ ကိုယ်ဒေသမှာ လွတ်လွတ်လပ်လပ်သွားလာရတော့မှာ ကိုယ်တွေမျှော်လင့်ထားသလို့ဖြစ်ပါပြီ။ တနယ်လုံးလွတ်မြောက်ရေးက မကြာခင်ဖြစ်လာဖို့ စောင့်နေပါတယ်”လို့ အသက် ၅၀ ဝန်းကျင်အရွယ် ​ယောနယ်သူ အ​ဒေါ် ကသူဆန္ဒကို ဖွင့်ဟပါတယ် ။