Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘန်ကောက်မှာ မြန်မာလုပ်ငန်းရှင်ကို သတ်ပြီး စင်ကာပူကို တိမ်းရှောင်သွားတဲ့ ကင်မရွန်းနိူင်ငံသား ၂ ဦးကို ဖမ်းမိဖို့ ထိုင်းရဲတပ်ဖွဲ့ ကြိုးစားနေတယ်လို့ဆို

သေဆုံးသူရဲ့ လုပ်ငန်း အခြေအနေနဲ့ တခြား အသေးစိတ် အချက်အလက်တွေကို သိရှိဖို့ ဘန်ကောက် ရဲတပ်ဖွဲ့ဟာ မြန်မာသံရုံးနဲ့ ချိတ်ဆက် စုံစမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

(လူသတ်မှုဖြစ်ပွားရာကွန်ဒိုတိုက်ခန်းနှင့် ထိုင်းရဲတပ်ဖွဲ့အချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-Thai PBS)
(လူသတ်မှုဖြစ်ပွားရာကွန်ဒိုတိုက်ခန်းနှင့် ထိုင်းရဲတပ်ဖွဲ့အချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-Thai PBS)

ထိုင်းနိုင်ငံမှာ မြန်မာ လုပ်ငန်းရှင် တစ်ဦးကို သတ်ဖြတ်ပြီး ပြည်ပကို တိမ်းရှောင်သွားတဲ့ နိုင်ငံခြားသား နှစ်ဦးကို ခြေရာခံ ရှာဖွေနေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ကင်မရွန်း နိုင်ငံသား နှစ်ဦးဟာ ဘန်ကောက်မြို့တော်မှာရှိတဲ့ ဇိမ်ခံ တိုက်ခန်း တစ်ခုမှာ လူသတ်မှု ကျူးလွန်ခဲ့တဲ့နောက် သေသူရဲ့ ဘတ်ငွေ ၅ သန်းကိုပါ ယူဆောင်ပြီး စင်ကာပူနိုင်ငံထဲ ထွက်ပြေးသွားတယ်လို့ ထိုင်း​ထောက်လှမ်း​ရေး အရာရှိတွေက ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ပြောပါတယ်။

အစောပိုင်းက ကျူးလွန်သူ နှစ်ဦးကို စကော့တလန်သားတွေကို ဖော်ပြခဲ့ပေမယ့် နောက်ပိုင်းမှာ ကင်မရွန်း နိုင်ငံသားတွေအဖြစ် ထိုင်းရဲတပ်ဖွဲ့က ပြန်လည် ပြင်ဆင် ထုတ်ပြန်ခဲ့ပါတယ်။

သံသယ တရားခံ နှစ်ဦးကိုတော့ ဝီလျံလို့ အတိုကောက် ခေါ်ဝေါ်တဲ့ ရော်ဘင်ဆင် ဆာဟာ (၃၂ နှစ်)နဲ့ ဂျွန်လို့ အတိုကောက် ခေါ်ဝေါ်တဲ့ ဗစ်စီယို ဒါလော့ဒ် မမ်ဂိုင်ခန် (၃၆ နှစ်)တို့ ဖြစ်တယ်လို့ ကြေညာထားပါတယ်။ သူတို့နှစ်ဦးဟာ ထိုင်းကို ကမ္ဘာလှည့် ခရီးသွားတွေအဖြစ် ရောက်ရှိလာပြီး ဆန်သွန်ခရိုင်က သွန်မဟာမက် ဧရိယာက တိုက်ခန်းတစ်ခုမှာ နေထိုင်ခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ အသက် ၅၀ ကျော်အရွယ် မြန်မာ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးနဲ့အတူ ဆူခွမ်ဗစ် ဧရိယာကနေ ထွက်ခွာသွားတာကို နောက်ဆုံး တွေ့ခဲ့ရပါတယ်။ သတင်းအရ ရဲတွေက သွားရောက် စစ်ဆေးတဲ့အခါ အဆင့်မြင့် ကွန်ဒို တစ်ခုရဲ့ ၂၃ ထပ်မှာ ဖေဖော်ဝါရီ ၁၄ ရက် မနက်အစောပိုင်းတုန်းက မြန်မာ အမျိုးသားကို သေဆုံးလျက်သား တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကင်မရွန်း အမျိုးသား နှစ်ဦးဟာ သူတို့ရဲ့ တိုက်ခန်းဆီ ပြန်သွားပြီး အဲဒီကနေတဆင့် တက္ကစီငှားပြီး ဒွန်မောင်းလေဆိပ်ဆီ သွားရောက်ပြီး စင်ကာပူကို ခရီးဆက်ခဲ့ကြောင်း ရဲတွေက ထောက်လှမ်း သိရှိထားပါတယ်။

Public Service Announcement

Public Service Announcement

အခင်းဖြစ်တဲ့ နေရာကို ရဲတွေ ရောက်သွားချိန် ​ငွေလဲလုပ်ငန်းလုပ်ကိုင်တဲ့ မြန်မာနိုင်ငံသား လုပ်ငန်းရှင်ဟာ မျက်နှာ၊ နား၊ ဦးခေါင်းမှာ ရထားတဲ့ ဒဏ်ရာတွေကြောင့် သွေးအလိမ်းလိမ်းနဲ့ လဲကျ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။

အခုအခါ ရဲတွေဟာ သံရုံးချင်း ချိတ်ဆက်ပြီး နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပိုလ်)ရဲ့ အကူအညီကိုပါ ရယူပြီး သံသယ တရားခံတွေကို ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေကြောင်း သိရပါတယ်။ လူသတ်မှုရဲ့ တစ်ဦးတည်းသော မျက်မြင်သက်သေဖြစ်ပြီး သေဆုံးသူရဲ့ မွေးစားမိခင်ဆိုတဲ့ အမျိုးသမီးကြီးက လူသတ်သမားတွေဟာ သူ့ကို မေ့မျောသွားတဲ့ထိ လည်ပင်းညှစ်ထားခဲ့တယ်လို့လည်း ရဲတွေဆီကို စကားပြန်ကနေတဆင့် ထွက်ဆိုခဲ့ပါတယ်။

သူမသားနဲ့ လူသတ်မှု ကျူးလွန်တဲ့သူ​တွေဟာ လုပ်ငန်းအတူတွဲလုပ်သူ​တွေလို့ သူမကထွက်ဆိုပါတယ်။သေဆုံးသူဟာ​ငွေလဲလုပ်ငန်းလုပ်ကိုင်သူလို့ သတင်း​တွေက​ဖော်ပြ​ပေမယ့် သူ့ရဲ့အမည် နဲ့ အချက်အလက်အ​သေးစိပ်ကိုထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်ခြင်းမရှိ​သေးပါဘူး။

လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ အခင်းဖြစ်ချိန်အတွင်း သေသူ၊ မျက်မြင်သက်သေနဲ့ သံသယ တရားခံ နှစ်ဦးတို့ဟာ တိုက်ခန်းထဲမှာ အတူရှိနေခဲ့တယ်ဆိုတာ အတည်ပြုနိုင်ကြောင်း ရဲတွေက ပြောပါတယ်။

သေဆုံးသူဟာ ဘန်ကောက်နဲ့ ရန်ကုန်၊ ဘန်ကောက်နဲ့ဟနွိုင်းကြား ၅၂ ကြိမ်လောက် ကူးလူးသွားလာမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ရာ တိုက်ခန်းကိုတော့ သူဟာ ဖေဖော်ဝါရီ ၇ ရက်နေ့ ကတည်းက ရောက်ရှိနေခဲ့တာလို့ ရဲမှတ်တမ်းတွေမှာ ပါရှိပါတယ်။

​သေဆုံးသူရဲ့ လုပ်ငန်း အခြေအနေနဲ့ တခြား အသေးစိတ် အချက်အလက်တွေကို သိရှိဖို့ ဘန်ကောက် ရဲတပ်ဖွဲ့ဟာ မြန်မာသံရုံးနဲ့ ချိတ်ဆက် စုံစမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ကိုးကာ: Bangkok Post ၊ Thai PBS