Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နမ့်ခမ်းမြို့နယ်အတွင်း ပန်ဆေးပြည်သူ့စစ်များ ထိန်းချုပ်ခဲ့သည့် ဒေသရှိ ဘိန်းစိုက်ခင်း ဧက တစ်ထောင်ကျော်ကို TNLA ဖျက်ဆီး

TNLA သိမ်းပိုက်ထားသည့် နမ့်ခမ်းမြို့နယ်အတွင်း ယခင်က ပန်ဆေးပြည်သူ့စစ် ထိန်းချုပ်ခဲ့သည့် ဒေသမှ ဘိန်းခင်းများကို မတ်လ ၄ ရက်နေ့မှ ၁၂ရက် အတွင်း ၉ရက်ကြာ ဖျက်ဆီးခဲ့သည်ဟု အသိပေးသည်။

(ပန်ဆေးပြည်သူ့စစ်များ ထိန်းချုပ်ခဲ့​သော​ကျေးရွာများရှိဘိန်းစိုက်ခင်းများကိုTNLA တပ်ဖွဲ့ဝင်များဖျက်ဆီးစဥ်။ ဓါတ်ပုံ-TNLA)
(ပန်ဆေးပြည်သူ့စစ်များ ထိန်းချုပ်ခဲ့​သော​ကျေးရွာများရှိဘိန်းစိုက်ခင်းများကိုTNLA တပ်ဖွဲ့ဝင်များဖျက်ဆီးစဥ်။ ဓါတ်ပုံ-TNLA)

ရှမ်းမြောက် နမ့်ခမ်းမြို့နယ်၊ ဘိန်းစိုက်ခင်း ဧက တစ်ထောင်ကျော်ကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းတပ်မတော်(PSLF/TNLA) တပ်ဖွဲ့များက ဖျက်ဆီးခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

TNLA သိမ်းပိုက်ထားသည့် နမ့်ခမ်းမြို့နယ်အတွင်း ယခင်က ပန်ဆေးပြည်သူ့စစ် ထိန်းချုပ်ခဲ့သည့် ဒေသမှ ဘိန်းခင်းများကို မတ်လ ၄ ရက်နေ့မှ ၁၂ရက် အတွင်း ၉ရက်ကြာ ဖျက်ဆီးခဲ့သည်ဟု အသိပေးသည်။

ကျေးရွာပေါင်း ၁၅ရွာရှိ ဘိန်းစိုက်ခင်းပေါင်း ၁၁၂၅ ဧကကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းဒေသများသည် စစ်ကောင်စီလက်အောက်ခံ ပန်ဆေးပြည်သူ့စစ်များ ထိန်းချုပ်ခဲ့သည့် နေရာဒေသဖြစ်ကြောင်း အသိပေးသည်။

(ပန်ဆေးပြည်သူ့စစ်များ ထိန်းချုပ်ခဲ့​သော​ကျေးရွာများရှိဘိန်းစိုက်ခင်းများကိုTNLA တပ်ဖွဲ့ဝင်များဖျက်ဆီးစဥ်။ ဓါတ်ပုံ-TNLA)
(ပန်ဆေးပြည်သူ့စစ်များ ထိန်းချုပ်ခဲ့​သော​ကျေးရွာများရှိဘိန်းစိုက်ခင်းများကိုTNLA တပ်ဖွဲ့ဝင်များဖျက်ဆီးစဥ်။ ဓါတ်ပုံ-TNLA)

သွားရောက်ဖျက်ဆီးခဲ့သည့် ကျေးရွာများမှာ တာကွမ့်ကျေးရွာ ၊ ရှောက်ကုန်းကန်၊ မန်ပန်း(ထက်၊အောက်) ၊ ကန်ဖာဖို ၊ အထက်ဆတန်း၊ အောက်ဆတန်း၊ ပန်ဆေး ၊ ဆန်ချယ် ၊ မန်မောင်း ၊ မန့်မိုင် ၊ လျောက်ပန်းကုန်း ၊ ပုံစာတီ ၊ ၁၂မိုင် ၊ ပါင်ဝို နှင့် မည်ခမ်း ကျေးရွာများ ဖြစ်သည်ဟု သိရသည်။

အဆိုပါဒေသတွင် TNLA အနေဖြင့် ၂၀၁၇ က တစ်ကြိမ်၊ ၂၀၂၀ တွင် တစ်ကြိမ် ဘိန်းစိုက်ခင်းများ သွားရောက်ဖျက်ဆီးခဲ့ဖူးပြီးထိုစဉ်က ပန်ဆေးပြည်သူ့စစ်တပ်ဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် TNLA အနေဖြင့် နမ့်ခမ်းမြို့ကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ပြီးနောက် မတ်လတွင် ဘိန်းစိုက်ခင်း ဖျက်ဆီးရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသော ဘိန်းစိုက်ခင်းများကိုလည်း ဆက်လက်ဖျက်စီးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး(UNODC)၏ ၂၀၂၃ နှစ်ကုန်ပိုင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှုများလာရာ ၂၀၂၃ ခုနှစ်တွင် အာဖဂန်နစ္စတန် နိုင်ငံကို ​ကျော်ဖြတ်၍ ကမ္ဘာ့ဘိန်းအများဆုံးစိုက်ပျိုးထုတ်လုပ်​သောနိုင်ငံဖြစ်လာသည်။

၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု ဧက​ပေါင်း ၁၁၆၀၀၀ ​ကျော် ( ၄၇,၁၀၀ ဟက်တာ)ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်ကထက် ဧက​ပေါင်း ၁၇၀၀၀ ​ကျော်ပိုတိုးလာသည်ဟု UNODC က​ဖော်ပြသည်။ အလားတူ ဘိန်းပင်မှ ဘိန်းကုန်ကြမ်းထုတ်လုပ်မှုမှာ လည်း ၂၀၂၃ ခုနှစ်တွင် မက်ထရစ်တန်ချိန်​ပေါင်း ၁၀၈၀ ရှိ​ကြောင်း သိရသည်။

ပြည်တွင်း၌ ဘိန်းစိုက်ပျိုးမှု အများဆုံး​ဒေသမှာ ရှမ်းပြည်နယ် ဖြစ်ပြီး ၊ ​ရွှေတြိဂံ ဆက်စပ်​ဒေသများတွင် ဘိန်းစိုက်ပျိုးမှု​ရော ထုတ်လုပ်မှုပါအများဆုံးဖြစ်​ကြောင်းUNODC က​ဖော်ပြသည်။ ထို့အပြင် ချင်းပြည်နယ်နှင့် ကချင် ပြည်နယ်တို့မှာ ပြည်တွင်း၌ဒုတိယနှင့် တတိယအများဆုံး ဘိန်းစိုက်ပျိုး​သော​ဒေသများဖြစ်​သည်ဟု UNODC က ၂၀၂၃ ဒီဇင်ဘာလ အစီရင်ခံစာ၌ ​ဖော်ပြထားသည်။