ယနေ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ထိုင်းသတင်းထောက်ကားနှစ်စီး အနည်းငယ်ပျက်စီး
ထိုင်းနိုင်ငံ လယောင်းခရိုင်၊ လယောင်းမြို့ရှိ သံထုတ်လုပ်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ကရိန်းပြိုကျမှု မြန်မာလုပ်သား ခြောက်ဦးသေဆုံးမှုတွင် နစ်နာကြေးအဖြစ် တစ်ဦးလျှင် ဘတ် ၁၆သိန်း(ကျပ်သိန်း ၁၆၀၀ခန့်)စီ ပေးအပ်ရန် သဘောတူညီမှုရထားသည်ဟု အဆိုပါဖြစ်စဉ်လိုက်လံဖြေရှင်းပေးနေသော ကိုရဲမင်း၏ MHACအဖွဲ့က ပြောသည်။
ယမန်နေ့ ညနေက အဆိုပါစက်ရုံအတွင်း ကရိန်းပြိုကျမှုတွင် ကနဦးအဖြစ် မြန်မာလုပ်သား ငါးဦးသေဆုံးပြီး ဒဏ်ရာရရှိသူမှာ ဆေးရုံ၌ ညပိုင်းတွင် ထပ်မံသေဆုံးခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသားတစ်ဦးလည်း သေဆုံးခဲ့၍ စုစုပေါင်း မြန်မာလုပ်သား ခြောက်ဦးနှင့် တရုတ်နိုင်ငံသား တစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။
![Public Service Announcement](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2022/01/PSA_Jan22-scaled.jpg?resize=880%2C107&ssl=1)
Public Service Announcement
![(ယနေ့ နံနက်က မြန်မာလုပ်သားများ စုဝေးမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - MHAC)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2024/03/434420769_753834293482032_5021309967830010695_n.jpg?resize=450%2C600&ssl=1)
အဆိုပါစက်ရုံအလုပ်ရှင်က လုပ်သားနစ်နာကြေးအပြည့်အဝဖြေရှင်းမပေး၍ စက်ရုံလုပ်သားများက စုဝေးဆောင်းဆိုမှု ယမန်နေ့ညက ပြုလုပ်ခဲ့ကြသည်။
ထိုသို့ စုဝေးမှုများကြောင့် စက်ရုံပိုင်ရှင်က တစ်ဦးလျှင် ဘတ်ငါးသိန်းစီး ကနဦးပေးအပ်ပြီး ကျန် ဘတ် ၁၁သိန်းအား သုံးလအတွင်းပေးအပ်မည်ဟု သဘောတူညီမှုရခဲ့သည်။
ယနေ့ နံနက်တွင် အဆိုပါမြန်မာလုပ်သားများက ကျေနပ်မှုမရှိ၍ စုဝေးတောင်းဆိုရန် အဆောင်မှ စက်ရုံသို့ မြန်မာလုပ်သား ကားသမားအား မောင်းခိုင်း၍ သွားရောက်ခဲ့ကြသည်။ ထို့သို့ ကားမောင်းလိုက်ပို့ပေးသော မြန်မာလုပ်သားအား အလုပ်မှထုတ်ခဲ့သည်။
![(ယနေ့ နံနက်က မြန်မာလုပ်သားများ စုဝေးမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - MHAC)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2024/03/434576726_753834330148695_4572366916703308614_n.jpg?resize=810%2C1080&ssl=1)
ထို့ကြောင့် မြန်မာလုပ်သားများက စုဝေးစဉ် ရုန်းရင်းဆန်းခတ်ဖြစ်ပြီး ခဲဖြင့်ပစ်ပေါက်ရာ လာရောက်သတင်းယူသော ထိုင်းသတင်းထောက်၏ ကားနှစ်စီးထိမှန်၍ အနည်းငယ်ပျက်စီးခဲ့သည်ဟု ဆိုသည်။ ယမန်နေ့ညကလည်း ရုပ်အလောင်းများလာရောက် သယ်ဆောင်သော ယာဉ်အား ထွက်ခွာခွင့်မပြုဘဲ ဝိုင်းဝန်းပိတ်ဆို့မှုပြုလုပ်ခဲ့သည်။
![Public Service Announcement](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2021/12/Web_banner_PSA-scaled.jpg?resize=880%2C107&ssl=1)
Public Service Announcement
“ထိုင်းသတင်းထောက်တွေက စိတ်ဆိုးပြီးပြန်သွားကြတယ်။ အမှုဖွင့်မယ်လို့လည်း ပြောသွားတယ်။ အဲဒီအချိန်မှာ ရဲတွေက ရောက်မလာသေးဘူး”ဟု MHACမှ မဖြူသဇင်ဦးက ပြောသည်။
![(ယနေ့ နံနက်က မြန်မာလုပ်သားများ စုဝေးမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - MHAC)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2024/03/434645052_753834300148698_5848958544006300715_n.jpg?resize=810%2C1080&ssl=1)
လက်ရှိတွင် မြန်မာလုပ်သားများက နစ်နာမှုများတောင်းဆိုရာ အလုပ်ရှင်က သိမ်းဆည်းထားသော အထောက်အထားစာအုပ်အား ပြန်ပေးမည်ဟုနှင့် ကျန်ငွေနစ်နာကြေးအား နှစ်ပတ်အတွင်းပေးမည်ဟု သဘောတူညီမှုရထားသည်ဟု မဖြူသဇင်ဦးက ပြောသည်။
“ပထမ သဘောတူလက်မှတ်ထိုးထားတဲ့ စာချုပ်က မခိုင်မာဘူးပေါ့။ အခု သေချာတဲ့စာချုပ်ပြန်ချုပ်ဖို့ စောင့်နေကြတာပေါ့”ဟု ၎င်းက ပြောသည်။
အဆိုပါစက်ရုံတွင် မြန်မာ၊ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံသားများ စုစုပေါင်း သုံးထောင်ကျော်အလုပ်လုပ်ကိုင်နေပြီး အများစုမှာ မြန်မာလုပ်သားများဖြစ်သည်ဟု MHACက ပြောသည်။
![](https://i1.wp.com/ludunwayoo.com/wp-content/uploads/2021/08/banner-logo1-50px.png)