ဇန်နဝါရီ-၂၁၊၂၀၂၆။အိမ်သွင်/ People’s Spring
ဝန်းသိုမြို့နယ်ကနေ ကောလင်းမြို့ဘက်ကို ဝင်လာတဲ့ စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။
ဝန်းသိုနဲ့ ကောလင်းမြို့ကြားမှာ ဒီကနေ့ (ဇန်နဝါရီလ၂၁ရက်)မနက်ပိုင်းကနေစပြီး တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကို ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက သတိပေးထားပါတယ်။
“ မနေ့ကအာမခံကျေးရွာကိုဝင်လာတယ်။ဝန်းသိုနဲ့ဆို တစ်မိုင်အကွာကပေါ့။ ကောလင်းထဲလည်း စစ်ကြောင်းရှိနေတယ်။ တိုက်ပွဲက ဒီမနက် ပြင်းထန်နေတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement
တိုက်ပွဲဖြစ်နေချိန်မှာ ကန့်ဘလူ အမြောက်တပ် ၆၀၀၆ ကနေ Mi-17 တက်လာသလို ဝန်းသိုမြို့နယ်ထဲက ခမရ(၁၀၁)နဲ့ ခမရ(၁၂၀)ကနေ ဒရုန်းတွေတက်လာနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းတွေဖော်ပြနေတဲ့Kawlin Revolution-KR က သတိပေးထားပါတယ်။
“ လေကြောင်းအန္တရာယ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ တပ်လှန့်ထားတယ်။ ဒေသခံတွေလည်း ရှောင်နေကြရတာများတယ်” လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ ခမရ(၁၀၁) နဲ့ ခမရ(၁၂၀)ကနေဇန်နဝါရီလ၁၆ ရက်နေ့က ထွက်လာစဉ် ဝန်းသိုမြို့နယ်၊ညောင်ပင်သာရွာ၊ ကောလင်းမြို့နယ်အရှေ့ခြမ်းက ချဉ်ပစ်ခုံရွာဘက်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာစစ်တပ်ဘက်ကသေဆုံးမှုတွေများပြားသလို ကာကွယ်ရေးရဲဘော်အချို့လည်းကျဆုံးခဲ့ပါတယ်။
စစ်ကြောင်းက မြေပြင်မှာရှိနေစဉ်စစ်ကောင်စီက ကောလင်းမြို့နယ်ထဲကိုလေကျောင်းကနေ ဗုံးကြဲတာတွေပြုလုပ်နေပါတယ်။ဇန်နဝါရီ ၂၁ ရက်က မွန်းလွဲပိုင်းက ကောလင်းမြို့အရှေ့ပိုင်းကို လေကြောင်းတိုက်ခိုက်မှုမှာ ဂျက်ဖိုက်တာနဲ့ဗုံးကြဲတဲ့အပြင် အသေခံဒရုန်းတွေနဲ့ပါ ဗုံးကြဲသွားခဲ့ပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။
ဝန်းသိုမြို့ရဲ့ပတ်ဝန်းကျင်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့ အင်းတော်၊ ဗန်းမောက်၊ ပင်လည်ဘူးမြို့တွေနဲ့ နယ်မြေစိုးမိုးရေးလုပ်ဆောင်ထားနိုင်တဲ့ ထီးချိုင့်မြို့လည်းရှိပါတယ်။လက်ရှိမြို့သိမ်းတိုက်ပွဲဆင်နွဲနေတဲ့ ကသာမြို့နဲ့လည်း ၄၅မိုင်ခန့်အကွာမှာရှိပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလကကောလင်းမြို့ကစစ်တပ်စခန်းတချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်စဉ် စစ်ကောင်စီက ဝန်းသိုမြို့ကနေ အင်အားအများအပြားပို့ဆောင်ခဲ့ပြီး လမ်းခုလတ်မှာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ ကောလင်းနဲ့ဝန်းသိုကြားက သစ်ဖုလစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေကသိမ်းပိုက်ထိန်းချုပ်ပြီးနယ်မြေစိုးမိုးမှုရယူခဲ့ပါတယ်။
လက်ရှိစစ်ကောင်စီ စစ်ကြောင်းဟာ သစ်ဖုလတောင်ကိုဦးတည်ပြီး စစ်ကြောင်းထိုးဖို့ ကြိုးပမ်းနေတယ်လို့သိရပါတယ်။

















































