ဇန်နဝါရီ – ၂၂ ၊၂၀၂၆၊ နိုင်ပကောင်း /People’s Spring
ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ဝါးဘိုးကုန်းရွာမှာအရပ်သူအမျိုးသမီးတစ်ဦးဇန်နဝါရီလ ၂၀ ရက်မှာစစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ Phoenix – Special Warfare Force တော်လှန်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။

မနေ့ (ဇန်နဝါရီလ ၂၀ ရက်) ညနေပိုင်း ၆ နာရီ ၄၂ မိနစ်က ဝါးဘိုးကုန်းရွာ ၊အေးချမ်းသာယာရပ်ကွက်မှာနေထိုင်တဲ့ အသက် ၄၁ နှစ်အရွယ် ဟာ ရာဘာခြံထဲမှာရာဘာခြစ်နေချိန်မှာပစ်ခတ်ခံရတာလို့တောတွင်းတိုက်ခိုက်ရေးနဲ့ရန်ကုန်မြေအောက်တော်လှန်ရေးအဖွဲ့တွေ စုစည်းထားတဲ့ Phoenix – Special Warfare Force က ဆိုပါတယ်။
သေဆုံးသူအမျိုးသမီးရာဘာခြစ်တဲ့ခြံဟာကြာအင်းဆိပ်ကြီးမြို့ အခြေ စိုက်စစ်ကောင်စီတပ်ရဲ့အမှတ် (၂၈၄) ခြေလျင်တပ်ရင်းရဲ့အနီးမှာရှိတယ်လို့ Phoenix – Special Warfare Force အဖွဲ့ရဲ့တပ်မှုးကိုထိန်လင်းက ပြောပါတယ်။

Public Service Announcement
“ (စစ်တပ်)စစ်ကြောင်းနဲ့တိုးတာတော့ မဟုတ်ဘူး၊ သူ့ခြံထဲမှာပဲ ရာဘာခြစ်နေတုန်းအပစ်ခံရတာပါ၊ ခေါင်းကို ထိမှန်ပြီး နေရာမှာတင် အသက်ထွက်သွားပါတယ်၊ သူ့ခြံက ၂၈၄ တပ်နဲ့ နီးပါတယ်” လို့ ကိုထိန်လင်းက ဆိုပါတယ်။
အရပ်သားအမျိုးသမီးတစ်ဦး အကြောင်းမဲ့ ပစ်သတ်ခံရတာလို့လည်း Phoenix – Special Warfare Force က က ဆိုထားပါတယ်။
စစ်ကောင်စီက လာမယ့်ရက်ပိုင်း ဇန်နဝါရီလ ၂၅ ရက်မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း(၃)မှာ ကရင်ပြည်နယ်ထဲက ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်တွေ ပါဝင်ကြပါတယ်။
ရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပဖို့ နီးလာချိန်မှာ စစ်ကောင်စီတပ်ဟာ ကြာအင်းဆိပ်ကြီးမြို့အနီးဝန်းကျင်မှာ သွားလာလှုပ်ရှားတာတွေ၊ စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးတင်းကြပ်စစ်ဆေးတာတွေ၊ ကင်းပုန်းဝပ်တာ စတာတွေ လုပ်ဆောင်နေတယ်လို့ ကြာအင်းဆိပ်ကြီးဒေသခံအချို့ဆီက သိရပါတယ်။















































