ဇန်နဝါရီ-၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူအများအပြား သေဆုံးထိခိုက်ခဲ့ရတဲ့ ဗန်းမော်မြို့နယ် ထီးလင်းကောင်ဂျာ ကျေးရွာဘက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ တော်လှန်ရေးအင်အားစုတွေ တပ်စခန်းချတာမရှိ၊ ဖြတ်သန်းသွားလာတာမရှိဘဲ စစ်တပ်က ဗုံးကြဲခဲ့တာလို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဧရာ၀တီမြစ်ရဲ့ အနောက်ဘက်မှာ တည်ရှိနေတဲ့ ထီးလင်းကောင်ဂျာရွာကို စစ်ကောင်စီက ဇန်နဝါရီ ၂၂ရက် ညနေမှာ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၈ ဦးပွဲချင်းပြီးသေဆုံးခဲ့ပြီး လသားအရွယ် ကလေးငယ် အပါအဝင် ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲက ထပ်မံသေဆုံးတာတွေရှိလို့ ဒီကနေ့ ဇန်နဝါရီ ၂၄ရက် မနက်အထိ သေဆုံးသူ စုစုပေါင်း ၂၃ ယောက်ရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ထိခိုက်ဒဏ်ရာရတာကတော့ ၃၀ နီးပါးရှိရာ ဆေးရုံတက်ကုသပေးနေတာက အယောက် ၂၀ရှိပြီး ၈ယောက်က အပြင်လူနာပုံစံ ကုသပေးနေကြောင်း ပြောပါတယ်။
“အဲဒီနေရာမှာ KIAနဲ့ တခြားသော လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ တပ်စခန်းချထားတာလည်းမရှိဘူး သွားလာဖြတ်သန်းတာလည်းမရှိဘူး”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

Public Service Announcement
သက်ကြီးအဘိုးအိုတဦး ကွယ်လွန်သွားတာ ၇ရက်မြောက်နေ့ အဖြစ် ရက်လည် ဆုတောင်းပေးဖို့ ပြင်ဆင်ချိန် စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲလာတာလို့ ဆိုပါတယ်။
“ပြည်သူလူထုတွေ စစ်ရှောင်ပြည်သူတွေ ရှိတယ် ကျောင်းတွေရှိတယ် စျေးတန်းတွေရှိတယ် နည်းနည်း လူစုလူဝေးဖြစ်နေတာပေါ့ အဲဒီနေရာမှာ ကျတော့ အသေအပျောက် တော်တော်များတဲ့ ပုံစံ”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
အခုလို ပြည်သူတွေ အစုလိုက်၊အပြုံလိုက် သေဆုံးစေခဲ့တဲ့ စစ်တပ်ရဲ့ကျူးလွန်မှုဟာ စစ်ရေးမှာ ရှုံးနိမ့်မှု အခြေအနေကြောင့် ပြည်သူတွေကို အနိုင်ကျင့်တဲ့ နည်းလမ်းဖြစ်သလို တော်လှန်ရေးအင်အားစုတွေကို ပြည်သူတွေ မထောက်ပံ့နိုင်အောင်၊ လူထုကို ကြောက်စိတ်ဝင်သွားအော ရက်စက်စွာ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ – KHRW ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့ က သုံးသပ်ပါတယ်။
“သူတို့ရဲ့ အဓိကလက်နက်က ‘အကြောက်တရား’ ပါပဲ။ ပြည်သူကို ကြောက်ပြီး ဒူးထောက်လာအောင် လုပ်နေတာပါ။ ဒါကို ရင်ဆိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ‘သတိ’ နဲ့ ‘စိတ်ဓာတ်ခိုင်မာမှု’ ပါပဲ။ ကျနော်တို့က ကြောက်စိတ်ကို ကျော်လွန်ပြီး ဒီစစ်အာဏာရှင်ကို အမြစ်ဖြတ်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆက်လက် တောင့်ခံထားကြဖို့ လိုပါတယ်။ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးကို ဂရုစိုက်ရင်း စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ သူတို့ရဲ့ ခြိမ်းခြောက်မှုအောက် ရောက်မသွားဖို့ အရေးကြီးပါတယ်”လို့ ကိုဂျေကော့က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဆယ်စုနှစ်များစွာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ဘယ်တုန်းကမှ ထိထိရောက်ရောက် အရေးယူမခံခဲ့ရလို့ အခုလို ပြည်သူတွေကို ရက်စက်စွာ တိုက်ခိုက်မှုတွေကို ရဲရဲ တင်းတင်းလုပ်ဆောင်နေတာဖြစ်တယ်လို့လည်း ကိုဂျေကော့က ပြောပါတယ်။
“စစ်ကောင်စီက ပြည်သူတွေကို ပစ်မှတ်ထား သတ်ဖြတ်နေတာဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်နေပါပြီ။ နိုင်ငံတကာရဲ့ အရေးယူဆောင်ရွက်မှုတွေ နှောင့်နှေးနေတာဟာ စစ်ကောင်စီကို လူသတ်ခွင့်လိုင်စင် ပေးထားသလို ဖြစ်နေပါတယ်။ ဒါကြောင့် ကမ္ဘာ့ခေါင်းဆောင်တွေ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူတွေရဲ့ အသက်များကို ကာကွယ်ဖို့အတွက် လက်တွေ့ကျတဲ့ အရေးယူမှုတွေကို ချက်ချင်းလုပ်ဆောင်ပေးဖို့ လိုအပ်နေပါပြီ”လို့လည်း ကိုဂျေကော့က တိုက်တွန်းပါတယ်။
စစ်ကောင်စီဟာ ကချင်ပြည်နယ်အပါအဝင် နိုင်ငံတဝန်းမှာ အရပ်သား ပြည်သူတွေ အစုလိုက် အပြုံလိုက် သေဆုံးထိခိုက်မှု ဖြစ်စေခဲ့တဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာပါ။ ကချင်ပြည်နယ်မှာဆိုရင် စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲတာ၊ လက်နက်ကြီး ဒရုန်း တိုက်ခိုက်တာတွေကြောင့် ၂၀၂၅ အတွင်းမှာ အရပ်သား ၁၃၃ ဦးထက်မနည်း သေဆုံးကာ ၁၁၇ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ(KHRW)က အသိပေးထားပါတယ်။
















































