Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

သူပုန်ထမှုကို အချိန်တိုတိုနဲ့ အဆုံးသတ်ပြီး ရော့စ်တော့ဗ်မြို့ထဲက ရုရှားကြေးစားတပ်တွေ ပြန်လည်ထွက်ခွာ

ရုရှားဟာ ရှုပ်ထွေးပြီး အထိတ်တလန့် ဖြစ်ရတဲ့ တစ်နေ့တာ သူပုန်ထမှုကို ကြုံတွေ့ခဲ့တဲ့နောက် လျင်လျင်မြန်မြန် ညှိနှိုင်း ဖြေရှင်းနိုင်ခဲ့ဟန်ရှိကြောင်း အခု အပြောင်းအလဲတွေက ညွှန်ပြနေပါတယ်။

သူပုန်ထမှုကို အချိန်တိုတိုနဲ့ အဆုံးသတ်ပြီး ရော့စ်တော့ဗ်မြို့ထဲက ရုရှားကြေးစားတပ်တွေ ပြန်လည်ထွက်ခွာ
သူပုန်ထမှုကို အချိန်တိုတိုနဲ့ အဆုံးသတ်ပြီး ရော့စ်တော့ဗ်မြို့ထဲက ရုရှားကြေးစားတပ်တွေ ပြန်လည်ထွက်ခွာ

မြို့တော် မော်စကိုဆီ ဦးတည် ချီတက်နေတဲ့ ရုရှား ကြေးစားတပ် Wagnerဟာ အစိုးရနဲ့ ညှိနှိုင်းပြီးတဲ့နောက် သူတို့ရဲ့ ပုန်ကန်မှုကို ရပ်ဆိုင်းလိုက်ပြီလို့ ယုံကြည်ရကြောင်း သတင်းတွေက ဖော်ပြပါတယ်။

Wagnerတွေဟာ အခုအခါမှာ ရုရှားတောင်ပိုင်းက သူတို့ထိန်းချုပ်ထားတဲ့ ရော့စ်တော့ဗ်မြို့ကို စွန့်ခွာပြီး ယူကရိန်း စစ်မြေပြင်ဖက် တဖွဲဖွဲ ပြန်လည် ထွက်ခွာနေပြီ ဖြစ်ပါတယ်။ အစောပိုင်းမှာ Wagner အကြီးအကဲ ယီဗ်ဂျီနီ ပရစ်ဂေါ့ဇင်က သူ့တပ်တွေဟာ သွေးထွက်သံယို ဖြစ်ရပ်တွေကို ရှောင်လွှဲဖို့အတွက် ယူကရိန်းဆီ ပြန်တော့မယ်လို့ ကြေညာခဲ့ပါတယ်။

ရုရှားမီဒီယာတွေကလည်း ပရစ်ဂေါ့ဇင်နဲ့ သူ့တပ်ဖွဲ့ဝင်တွေကို အစိုးရက စွဲချက်တင်မယ့် ကိစ္စတွေ အကုန်ပယ်ဖျက်လိုက်ပြီဖြစ်ပြီး Wagner ခေါင်းဆောင်ဟာ ဘီလားရုစ် နိုင်ငံဆီ ဦးတည် သွားရောက်မယ်လို့ ဖော်ပြသွားပါတယ်။

ရုရှားဟာ ရှုပ်ထွေးပြီး အထိတ်တလန့် ဖြစ်ရတဲ့ တစ်နေ့တာ သူပုန်ထမှုကို ကြုံတွေ့ခဲ့တဲ့နောက် လျင်လျင်မြန်မြန် ညှိနှိုင်း ဖြေရှင်းနိုင်ခဲ့ဟန်ရှိကြောင်း အခု အပြောင်းအလဲတွေက ညွှန်ပြနေပါတယ်။

Wagnerဟာ ရုရှားသမ္မတ ဗလာဒီမာပူတင် အားထားတဲ့ ကြေးစားတပ် တစ်ခုဖြစ်ပြီး ယူကရိန်း စစ်ပွဲမှာလည်း ကူညီ တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ရုရှား စစ်တပ် အကြီးပိုင်း ခေါင်းဆောင်တွေနဲ့ ပရစ်ဂေါ့ဇင်တို့ကြား ဆက်ဆံရေး ဆိုးရွားလာတဲ့နောက်မှာ အခုလို ရုရှား အစိုးရကို လှုပ်လှုပ်ခတ်ခတ် ဖြစ်စေတဲ့ ပုန်ကန်မှုမျိုး ဖြစ်ပေါ်လာခဲ့တာပါ။

ပရစ်ဂေါ့ဇင်က ရုရှားစစ်တပ်ဟာ သူ့တပ်ဖွဲ့တွေ ရှိနေတဲ့ စခန်းကို ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲပြီး အဲဒီအတွက် တရားမျှတမှုကို တောင်းဆိုဖို့ မော်စကိုထိ ချီတက်မယ်လို့ ကနဦးမှာ ကြွေးကြော်ထားပါတယ်။ ရုရှားစစ်တပ်ကတော့ ဒီကိစ္စကို ငြင်းဆိုပြီး ပရစ်ဂေါ့ဇင်က အာဏာသိမ်းဖို့ ကြံစည်နေတာသာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

Wagner တပ်ဖွဲ့တွေဟာ မော်စကို မြို့တော်နဲ့ ကီလိုမီတာ ၂၀၀ နီးပါး အကွာထိ ရှေ့တိုး ချီတက်လာပြီးမှ သူတို့ရဲ့ အစီအစဉ်ကို ရပ်တန့်လိုက်တာ ဖြစ်ပါတယ်။ မော်စကိုမှာတော့ Wagnerတွေ ဆိုက်ရောက်လာမယ့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်ပြီး မြို့တော်တောင်ပိုင်းမှာ သံချပ်ကာယာဉ်တွေ၊ တင့်ကားတွေ ဖြန့်ကျက် နေရာယူပြီး ခံစစ်ပြင်ထားတာကို တွေ့ခဲ့ရပါတယ်။ နောက်ပြီး ချေချင်းညာ အခြေစိုက် စစ်သည် သောင်းဂဏန်းလောက်ကိုလည်း လိုအပ်လာရင် မော်စကိုမှာ လာရောက် အားဖြည့်ဖို့ အရေးပေါ် တပ်လှန့်ထားပါတယ်။

Wagnerနဲ့ ရုရှား အာဏာပိုင်တွေကြားမှာ ဘီလားရုစ် အစိုးရရဲ့ ကြားဝင် ညှိနှိုင်းမှုကြောင့် ပြေလည်သွားဟန် ရှိပေမယ့် သဘောတူညီမှု အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ Wagner အဖွဲ့သားတွေ ရော့စ်တော့ဗ်ကနေ ပြန်လည် ထွက်ခွာသွားချိန်မှာ မြို့ခံ အများအပြားက ပရစ်ဂေါ့ဇင်နဲ့ သူ့လူတွေကို အော်ဟစ်နှုတ်ဆက်ပြီး ဂုဏ်ပြု အော်ဟစ်နေတာကို တွေ့ရပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ရုရှားမှာ ဖြစ်ပျက်သွားတဲ့ တစ်ရက်တာဟာ အကြီးအကျယ် ရှုပ်ထွေးပွေလီပြီး ပူတင်အတွက် ဗျာများစေခဲ့ကြောင်း မှတ်ချက်ပေးပါတယ်။ ကရင်မလင် နန်းတော်မှာရှိတဲ့ ပုဂ္ဂိုလ်ဟာ အင်မတန် ကြောက်သွားမှန်း သိသာပြီး လူရှေ့တောင် ထွက်မလာရဲကြောင်း၊ တစ်နေရာရာမှာ ပုန်းနေဟန်ရှိကြောင်း၊ သေချာတာက လောလောဆယ် သူဟာ မော်စကိုမှာတောင် ရှိမနေတော့ကြောင်း ပြောကြားခဲ့ပါတယ်။

သူကဆက်ပြီး ပူတင်ဟာ ကိုယ့်ရှူးကိုယ်ပတ်မှာကို ကြောက်နေရပြီး ဒီလို ခြိမ်းခြောက်မှုမျိုး ဖြစ်လာအောင် သူကိုယ်တိုင် ဖန်တီးယူခဲ့ကြောင်း၊ ရုရှားရဲ့ ဆိုးယုတ်မှုတွေ၊ ဆုံးရှုံးမှုတွေ၊ အမုန်းတရားတွေ အားလုံးကို သူကိုယ်တိုင် ဖန်တီးပြီး ဖြန့်ဝေခဲ့ကြောင်းလည်း ဇီလန်စကီးက ဆိုပါတယ်။

Wagnerတွေက ရော့စ်တော့ဗ် မြို့ထဲ ဝင်လာပြီး မကြာခင်မှာပဲ ပူတင် စီးနင်းနေကျ အထူးလေယာဉ် နှစ်စီးဟာ မော်စကိုကနေ ရှေ့ဆင့်နောက်ဆင့် ထွက်ခွာသွားတာကို ပျံသန်းမှု ခြေရာခံ မှတ်တမ်းတွေအရ အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်ကတော့ ပူတင်ဟာ မော်စကိုကနေ တစ်ဖဝါးမှ မခွာပါဘူးလို့ ဆိုပါတယ်။

ပက်စ်ကော့ဗ်က ပရစ်ဂေါ့ဇင်နဲ့ သူ့တပ်ဖွဲ့တွေကို ဖမ်းဝရမ်း ထုတ်ထားတာ၊ ရာဇဝတ်ကြောင်းအရ စွဲချက်တင်ထားတာတွေ အားလုံးကို ပယ်ဖျက်ပေးကြောင်း အတည်ပြုခဲ့ပြီး Wagnerဟာ ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ဆွေးနွေးပြီး သဘောတူ စာချုပ်တွေ ချုပ်ဆိုဖို့ အလားအလာတွေ ရှိနေတယ်လို့လည်း သူက မှတ်ချက်ပေးသွားခဲ့ပါတယ်။