Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တရုတ်ရဲ့ မြို့ပြ ဧရိယာ ထက်ဝက်နီးပါး တဖြည်းဖြည်း မြေကျွံနိမ့်ကျနေ

ဒီဖြစ်ရပ်ရဲ့ အဓိက အကြောင်းတရား နှစ်ခုက မြေအောက်ရေတွေ အလွန်အကျွံ ထုတ်ယူ အသုံးပြုမှုကြောင့် မြေသားတောင့်ခံနိုင်မှု အားနည်းလာခြင်းနဲ့ အဆောက်အအုံတွေ ဆောက်လုပ်တဲ့ ထုထည် ပိုမိုကြီးမား လေးလံလာခြင်းတွေ ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

တရုတ်ရဲ့ မြို့ပြ ဧရိယာ ထက်ဝက်နီးပါး တဖြည်းဖြည်း မြေကျွံနိမ့်ကျနေ
တရုတ်ရဲ့ မြို့ပြ ဧရိယာ ထက်ဝက်နီးပါး တဖြည်းဖြည်း မြေကျွံနိမ့်ကျနေ

တရုတ်နိုင်ငံထဲက အဓိက မြို့ကြီးတွေ အားလုံးရဲ့ ထက်ဝက်နီးပါးလောက်ဟာ တအိအိ မြေကျွံ နိမ့်ကျလာမှုဒဏ်ကို ခံစားနေရကြောင်း သိရှိရပါတယ်။

ကမ္ဘာ့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာနေတဲ့ မျက်မှောက် ကာလမျိုးမှာ အဲဒီ အခြေအနေဟာ လူသန်းပေါင်းများစွာကို ရေကြီးမှုဒဏ် ခံစားရစေနိုင်တဲ့ ခြိမ်းခြောက်မှုမျိုးဆီ ဦးတည်သွားစေတယ်လို့ သုတေသီတွေက ပြောပါတယ်။

ဧပြီ ၁၉ ရက်က ထုတ်ပြန်တဲ့ လေ့လာမှု စစ်တမ်းကို Science ဂျာနယ်နဲ့ တရုတ်က သုတေသီတွေ ပူးပေါင်း ပြုစုခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် တရုတ်ရဲ့ မြို့ကြီးပြကြီး ဧရိယာတွေရဲ့ ၄၅ ရာခိုင်နှုန်းဟာ ပျမ်းမျှ တစ်နှစ်ကို ၃ မီလီမီတာလောက် ဖြည်းဖြည်းချင်းဆီ ကျွံဝင် နစ်မြုပ်နေတယ်လို့ ဆိုပါတယ်။ အဲဒီထဲက ၁၆ ရာခိုင်နှုန်းလောက်ဟာ ပျမ်းမျှ တစ်နှစ်ကို ၁၀ မီလီမီတာလောက် မြေအောက်ထဲ နိမ့်ဆင်း နစ်ဝင်လာနေတယ်လို့လည်း တွေ့ရှိခဲ့ပါတယ်။

ဒီဖြစ်ရပ်ရဲ့ အဓိက အကြောင်းတရား နှစ်ခုက မြေအောက်ရေတွေ အလွန်အကျွံ ထုတ်ယူ အသုံးပြုမှုကြောင့် မြေသားတောင့်ခံနိုင်မှု အားနည်းလာခြင်းနဲ့ အဆောက်အအုံတွေ ဆောက်လုပ်တဲ့ ထုထည် ပိုမိုကြီးမား လေးလံလာခြင်းတွေ ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်မှာ မြို့ပြနေ လူဦးရေက သန်း ၉၀၀ ကျော်ရှိပြီး မြို့ပြ ဧရိယာ အနည်းအကျဉ်းလောက် ရေမြုပ်ခြင်းကတော့ လူပေါင်းများစွာရဲ့ နေထိုင်မှု စနစ်နဲ့ အသက်အန္တရာယ်တွေကို ခြိမ်းခြောက်တဲ့သဘော ဖြစ်လာနိုင်တယ်လို့ စစ်တမ်းအတွက် ဦးဆောင်ခဲ့တဲ့ သုတေသီ အိုကျူရူက ပြောပါတယ်။

ဒီပြဿနာဟာ တရုတ်မှာ တစ်နေရာ၊ နှစ်နေရာစာလောက် ကြုံနေတာ မဟုတ်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာထိ သက်ဆိုင်တဲ့ စိန်ခေါ်မှုကြီး ဖြစ်တယ်လို့ အရှေ့ အန်ဂလီယာ တက္ကသိုလ်ရဲ့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သုတေသန ဌာန ပါမောက္ခ ရောဘတ် နစ်ကိုလက်စ်ကလည်း သတိပေးခဲ့ပါတယ်။

တရုတ်နိုင်ငံ မြောက်ပိုင်းမှာ တည်ရှိပြီး လူပေါင်း ၁၅ သန်းကျော် နေထိုင်တဲ့ တိယန်ကျင်းဟာ မြေမျက်နှာသွင်ပြင် ပြောင်းလဲမှုဒဏ်ကို အဆိုးဆုံး ခံနေရတဲ့ ဧရိယာတစ်ခု ဖြစ်လာပြီး မနှစ်က တစ်နှစ်တည်းမှာတင် လူပေါင်း ၃၀၀၀ လောက်ဟာ ရုတ်တရက် ကျရောက်လာတဲ့ ဘူမိဗေဒဆိုင်ရာ ကပ်ဘေးတွေကြောင့် နေရပ်စွန့်ခွာခဲ့ရကြောင်း သိရပါတယ်။ ပညာရှင်တွေက မြေအောက် အပူဓာတ် စုယူတဲ့ စက်ရုံတွေ တည်ဆောက်တာ၊ မြေအောက်ရေ ခန်းခြောက်လာတာတွေက အဓိက ပြဿနာ အကြောင်းတရားတွေ ဖြစ်တယ်လို့ ပြောပါတယ်။

သုတေသန စာတမ်းက တရုတ်ကို ဗဟိုပြုထားပေမယ့် တကယ်တမ်းကျတော့ အလားတူ အခြေအနေမျိုးက တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ခြိမ်းခြောက် ခံနေရတာလို့ ဆိုပါတယ်။ ဖေဖော်ဝါရီလတုန်းက ထုတ်ပြန်တဲ့ စစ်တမ်း တစ်ခုအရဆိုရင် ကမ္ဘာအနှံ့မှာရှိတဲ့ မြေပြင် ဧရိယာ စုစုပေါင်း ၆.၃ စတုရန်း ကီလိုမီတာဟာ ဆက်တိုက် နိမ့်ဆင်းနေပြီး ရေကြီးမှု အန္တရာယ်ကို ဖိတ်ခေါ်နေကြောင်း သိရပါတယ်။ ထင်ရှားတဲ့ ဥပမာ တစ်ခုအဖြစ် အင်ဒိုနီးရှားရဲ့ မြို့တော် ဂျကာတာဟာ အခုဆိုရင် ဧရိယာ အများစုက ပင်လယ် ရေမျက်နှာပြင် အမြင့်ထက် နိမ့်ကျနေပါပြီ။

ဂျပန်ရဲ့ မြို့တော် တိုကျိုဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေတုန်းက မြေအောက်ရေ တူးဖော်မှုကို မတားမြစ်ခဲ့ချိန်ထိ စုစုပေါင်း ၅ မီတာလောက်ထိ မြေမျက်နှာပြင် နိမ့်ကျသွားမှုနဲ့ ကြုံတွေ့ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်တုန်းက စင်ကာပူ သုတေသန အဖွဲ့အစည်း တစ်ခုရဲ့ လေ့လာထုတ်ပြန်ချက်အရ ကမ္ဘာပေါ်မှာ မြေကျွံနိမ့်ကျမှု အန္တရာယ် ကြီးကြီးမားမား ရင်ဆိုင်နေရတဲ့ အထင်ကရ မြို့ကြီး ၄၄ ခု ရှိတဲ့ထဲမှာ ၃၀ ဟာ အာရှတိုက်မှာ တည်ရှိနေတယ်လို့ သိရပါတယ်။

ကိုးကား: Reuters⁩

ဆက်စပ်သတင်းများ

သတင်း

KIA က ဖက်ဆစ်​တော်လှန်​ရေး​နေ့(မတ် ၂၇) တွင် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို စတင်ထိုးစစ်ဆင်ခဲ့ပြီး မတ် ၂၇ ရက်မှာ ဘန်​ရောင်၊ ရှန်တိုင်း ၊ လော့ဒန် စစ်တပ်စခန်း​များကိုသိမ်းပိုက်ခဲ့သည်။

နိုင်ငံတကာ

ဘာလိုချီစတန်က ဆိပ်ကမ်း တိုက်ခိုက်မှုမှာတော့ ပါကစ္စတန် အခြေစိုက် BLA ခွဲထွက်ရေး ပြောက်ကျားတွေက ကျူးလွန်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း BLA တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ဇန်နဝါရီလတုန်းက နိုင်ငံအလယ်ပိုင်း ရှင်ယုမြို့မှာ စတိုးဆိုင်တစ်ခု မီးလောင်ကျွမ်းမှု ဖြစ်ပွားလို့ လူတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ဖူးပါတယ်။ အဲဒီမတိုင်ခင် ရက်ပိုင်းမှာတင် ဟီနန်မှာရှိတဲ့ ကျောင်းသား အဆောင်တစ်ခု မီးလောင်ပြီး ကလေး ၁၃ ဦး အသက်ဆုံးရှုံးခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ဇန်နဝါရီ ၃၁ ရက်နေ့၊ သေဒဏ်စီရင်မှုနဲ့ ပတ်သက်ပြီး အာရုံစိုက်ခံရတဲ့ နောက်ထပ် ရှုထောင့် တစ်ခုကတော့ သေဒဏ်စီရင်တဲ့ နည်းလမ်းပါ။ တရုတ်မှာ သေစေလောက်တဲ့ ဆေးဝါးတွေကို ထိုးသွင်းပြီး ကွပ်မျက်တဲ့ နည်းလမ်းကို ကျင့်သုံးနေပါတယ်။