သူ့ကို နိုဘယ်လ် ငြိမ်းချမ်းရေးဆု မပေးခဲ့ခြင်းက ငြိမ်းချမ်းရေးအတွက်ပဲ အာရုံစိုက်ထားချင်တဲ့ သူ့ရဲ့ သဘောထားကို ပြောင်းလဲသွားစေခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက ထရမ့်ဟာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ရလိုကြောင်း လူသိရှင်ကြား ထုတ်ပြောခဲ့ပေမယ့်လည်း နော်ဝေးနိုင်ငံမှာရှိတဲ့ ဆုရွေးချယ်ရေး ကော်မတီဟာ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကော်ရီနာ မာချာဒိုကိုသာ ဆုပေးအပ်ခဲ့ပါတယ်။
သူ့ကို နိုဘယ်လ် ငြိမ်းချမ်းရေးဆု မပေးခဲ့တဲ့ နော်ဝေးရဲ့ လုပ်ရပ်ဟာ သူ့ရဲ့ ငြိမ်းချမ်းရေးအတွက်ပဲ ဦးစားပေး တွေးတောချင်စိတ်ကို အဆုံးသတ်သွားစေခဲ့တယ်လို့ ထရမ့်က နော်ဝေး ဝန်ကြီးချုပ် ဂျိုနက် ဂါးဟ် စတိုဆီ ပြန်ကြားတဲ့ စာထဲမှာ အပြစ်ဖို့ထားခဲ့ပါတယ်။
စတိုဟာ သူနဲ့ ဖင်လန် သမ္မတ အလက်ဇန္ဒား စတက်ဘ်တို့ကိုယ်စား ထရမ့်ဆီ လိပ်မူတဲ့ စာတစ်စောင် ပေးပို့ခဲ့ပြီး ထရမ့်က အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ စတိုရဲ့ စာထဲမှာတော့ ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းကို သိမ်းယူဖို့ လွန်လွန်ကဲကဲ ဆန္ဒရှိနေတဲ့ ထရမ့်ကို ပြန်စဉ်းစား သုံးသပ်ပေးဖို့ တိုက်တွန်းထားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
ထရမ့်ရဲ့ အပြစ်တင်မှုနဲ့ ပတ်သက်ပြီး စတိုက မတူညီတဲ့ နယ်ပယ်တွေအလိုက် ပေးအပ်ချီးမြှင့်တဲ့ နိုဘယ်လ်ဆုတွေကို လွတ်လပ်တဲ့ ကော်မတီ တစ်ခုကပဲ ဆုံးဖြတ် ရွေးချယ်ပြီး နော်ဝေးအစိုးရက ပါဝင်စွက်ဖက်မှု လုံးဝမရှိကြောင်း ပြေပြေလည်လည် ရှင်းပြထားခဲ့ပါတယ်။
စတိုဆီ ပို့ခဲ့တဲ့ စာထဲမှာ ထရမ့်က အမေရိကန်ဟာ ဂရင်းလန်ကျွန်းကို အပြည့်အဝ၊ ခြွင်းချက်မရှိ ထိန်းချုပ်ဖို့ လိုအပ်တယ်လို့လည်း ထည့်ရေးထားခဲ့ပါတယ်။ ဒိန်းမတ်ဟာ အမေရိကန်ရဲ့ မဟာမိတ် NATO အဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်ပေမယ့်လည်း ဒိန်းမတ်ပိုင်နက်ကို ရတဲ့နည်းနဲ့ သိမ်းသွင်းမယ့် သဘောမျိုး ထရမ့်က မကြာခဏ ပြောကြားထားပါတယ်။
တကယ်လို့ ဒိန်းမတ်က ဂရင်းလန်ကျွန်းကို ရောင်းချပေးဖို့ ဆက်ပြီး ငြင်းနေရင် အင်အားသုံး သိမ်းယူတာမျိုး ဖြစ်နိုင်သလားလို့ NBC သတင်းဌာနက မေးမြန်းခဲ့တဲ့အခါ ထရမ့်က မှတ်ချက်ပေးစရာ မရှိဘူးလို့ပဲ မတင်မကျ ပြန်ဖြေသွားပါတယ်။ နောက်ပြီး သဘောတူညီမှု တစ်ခုခု ထွက်ပေါ်မလာဘူးဆိုရင် ဒိန်းမတ်ရော၊ ဒိန်းမတ်ကို ထောက်ခံနေတဲ့ ဥရောပ နိုင်ငံတချို့ကိုပါ သွင်းကုန်အခွန် တိုးမြှင့် စည်းကြပ်မှုတွေနဲ့ အရေးယူဖို့ တကယ် စိတ်ပိုင်းဖြတ်ထားကြောင်း ထရမ့်က ထပ်လောင်း ပြောဆိုသွားပါတယ်။
ထရမ့်နဲ့ စတက်ဘ်တို့ရဲ့ စာထဲမှာ ဂရင်းလန်အရေးနဲ့ ပတ်သက်တဲ့ တင်းမာမှုတွေ လျော့ကျသွားစေဖို့ အတူညီနှိုင်း အလုပ်လုပ်သင့်ကြောင်း၊ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေမှာ ပိုပြီး စည်းစည်းလုံးလုံး ရပ်တည်သင့်ကြောင်း ထရမ့်ကို တိုက်တွန်းထားခဲ့တာပါ။ ထရမ့်ရဲ့ ပြန်စာမှာတော့ စတိုရဲ့ နိုင်ငံက သူ့လိုမျိုး နိုင်ငံတကာ စစ်ရေးပဋိပက္ခ ၈ ခုထက်မနည်းကို ကြားဝင်ညှိနှိုင်း ရပ်တန့်ပေးထားသူ တစ်ယောက်ကို နိုဘယ်လ် ငြိမ်းချမ်းရေးဆု မပေးခဲ့ဘူး ဆိုကတည်းက သူကလည်း ငြိမ်းချမ်းရေးကိုပဲ သီးသန့်စဉ်းစားချင်စိတ် ကုန်ခမ်းသွားတယ်လို့ ပါရှိခဲ့ပါတယ်။ ငြိမ်းချမ်းရေး ဆိုတာဟာ သူအလေးထားတဲ့ ရည်မှန်းချက်တစ်ခုအဖြစ် အမြဲတမ်း ဆက်ရှိနေမှာ ဖြစ်ပေမယ့် လောလောဆယ်မှာတော့ အမေရိကန်ရဲ့ ကောင်းကျိုးနဲ့ အကျိုးစီးပွားအတွက်လည်း ထည့်စဉ်းစားတော့မယ်လို့ ထရမ့်က ဆိုပါတယ်။
နောက်ပြီး တရုတ်နဲ့ ရုရှားတို့လို နိုင်ငံတွေက ကျူးကျော်လာရင် ဒိန်းမတ်ဟာ ဂရင်းလန်ကို ကာကွယ်နိုင်မှာ မဟုတ်ဘူးလို့လည်း ထရမ့်က ဆိုထားခဲ့ပါတယ်။ နောက်ပြီး ဂရင်းလန်ကို ဒိန်းမတ်က ပိုင်ဆိုင်ပါတယ် ဆိုတာကို ဘယ်လိုနည်းနဲ့ ခိုင်ခိုင်မာမာ သက်သေပြမလဲလို့လည်း မေးခွန်းထုတ်ထားပါတယ်။ အဲဒီအကြောင်း တရားဝင် စာရွက်စာတမ်းတွေ မရှိကြောင်း၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာနဲ့ချီ ကြာညောင်းခဲ့တဲ့ ကာလတွေက ဒိန်းမတ်ရဲ့ လှေတစ်စီးလောက် ဂရင်းလန်ကျွန်းကို ရောက်ဖူးရုံနဲ့ ကျွန်းတစ်ခုလုံးကို ပိုင်ဆိုင်သွားတယ် ဆိုတာမျိုး သတ်မှတ်လိုက်ကြောင်း၊ အမေရိကန် သင်္ဘောတွေလည်း ဂရင်းလန်ကို ရောက်ခဲ့တာပဲဖြစ်ကြောင်း ထရမ့်က ရေးသားထားပါတယ်။
NATO မဟာမိတ်အဖွဲ့ စတင်ထူထောင်တဲ့ သမိုင်းတလျှောက်မှာ သူ့လောက် ကောင်းကျိုးပြုပေးခဲ့တဲ့သူ တစ်ယောက်မှ မရှိခဲ့ဖူးကြောင်း၊ အခုတော့ NATOက အမေရိကန်ကို ကျေးဇူးပြုဖို့ ပြန်စဉ်းစားရမယ့်အလှည့် ရောက်လာကြောင်းလည်း ထရမ့်က ဆိုပါတယ်။ ဂရင်းလန်ကို အမေရိကန်က အပြည့်အဝနဲ့ ခြွင်းချက်မရှိ ထိန်းချုပ်နိုင်မှု မရှိသ၍ ကမ္ဘာကြီးက လုံခြုံနေမှာ မဟုတ်ဘူးလို့လည်း သူက မှတ်ချက်ပေးထားပါတယ်။
ဂရင်းလန်ဟာ ကမ္ဘာ့မြောက်ပိုင်း အာတိတ်ဒေသမှာ တည်ရှိပြီး ရေခဲတွေ ဖုံးလွှမ်းနေတဲ့ ကျွန်းကြီးပါ။ ဒါပေမဲ့ သဘာဝ သယံဇာတတွေ ကြွယ်ဝသလို တည်နေရာ အရလည်း ဒုံးကျည်တိုက်ခိုက်မှုတွေ ရှိလာတဲ့ အချိန်ကျရင် ကြိုတင် ထောက်လှမ်း အချက်ပေးနိုင်တဲ့ စနစ်တွေ ဖြန့်ကျက်ထားဖို့ အသင့်တော်ဆုံး မဟာဗျူဟာ ဇုန်နယ်မြေမှာ ရှိနေကြောင်း သိရပါတယ်။
ကိုးကား: BBC
ဓာတ်ပုံ – Reuters















































