close

စစ်တပ် ဝင်ရောက်စီးနင်းခဲ့သည့် မြိုင်မြို့နယ်မှ ဆေးရုံ ပျက်စီးသွား

ယခုလ ၁၈ ရက်တွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် အင်အားသုံး ဝင်ရောက်စီးနင်းခဲ့သော မကွေးတိုင်း မြိုင်မြို့နယ်မြောက်ပိုင်းမှ တိုက်နယ်ဆေးရုံရှိ ကျပ်သိန်း ၅၀၀ တန် ဓာတ်မှန်စက် ပျက်စီးသွားသည့်နည်းတူ ပင်မဆောင်သည်လည်း ပြိုကျလုနီးဖြစ်သွားသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် မန်ကျည်းကန်ရွာ တိုက်နယ်ဆေးရုံကို တွေ့ရစဉ်။ (ဓာတ်ပုံ ပေးပို့)

ရပ်ရွာလူထု စီမံခန့်ခွဲမှုနှင့် လည်ပတ်နေသော စစ်ကိုင်းတိုင်းအစပ် မကွေးတိုင်း မြိုင်မြို့နယ်မြောက်ပိုင်းရှိ ဂျပန်နိုင်ငံက ဆောက်ပေးထားသော ဆေးရုံတစ်ရုံမှာ စစ်တပ်က ဝင်ရောက်စီးနင်းပြီးနောက် ပျက်စီးသွားကြောင်း ဒေသကာကွယ်ရေးအဖွဲ့နှင့် ဆေးရုံဖြစ်မြောက်ရေး တာဝန်ရှိသူတို့က ပြောသည်။

မြိုင်မြို့ မြောက်ဘက် ၁၇ မိုင်ခန့်ရှိ မန်ကျည်းကန်ရွာကို ယခုလ ၁၈ ရက်က စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် ရောက်လာကာ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ ထိုသို့ စီးနင်းခံရစဉ် ရွာလယ်ရှိ ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးကုသနေသူများ အပါအဝင် ဒေသခံ ၂၁ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့သည်ဟု သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကျေးလက်ဆေးပေးခန်းကို ရပ်ရွာလူထုအစီအစဉ်ဖြင့် မွေးလူနာများအတွက် ခွဲခန်းအပါအဝင် လူ ၅၀ ခန့်အထိ လက်ခံကုသနိုင်ရန် တိုးချဲ့ပြီး ၂၀၂၁ နိုဝင်ဘာလကတည်းက ဒေသခံလူထုက ကိုယ်ထူကိုယ်ထ လည်ပတ်နေခြင်းဖြစ်သည်ဟု ထိုဆေးရုံဖြစ်မြောက်ရေး ဦးဆောင်နေသူတစ်ဦးက ဆိုသည်။

ပစ်ခတ်စီးနင်းခံရပြီးနောက် ဆေးရုံရှိ ကျပ်သိန်း ၅၀၀ တန်ဖိုးရှိ ဓာတ်မှန်စက် ပျက်စီးသွားခဲ့ပြီး ပင်မဆောင်သည်လည်း ကျည်ဆန်ရာဗရပွနှင့် ပြိုကျလုနီးနီးဖြစ်သွားသည်ဟုလည်း ၎င်းက ယနေ့ ပြောသည်။

“ဂျပန်တွေကနေ လာလှူသွားတဲ့အဆောင်ဗျာ။ ရပ်ရွာအနေအထားနဲ့ ထပ်တိုးထားတဲ့ဟာတွေကတော့ ပြဿနာမရှိဘူးဗျာ။ သူများနိုင်ငံကနေ တကူးတက ကိုယ့်နိုင်ငံကို ထောက်ပံ့ပေးထားတဲ့ဟာကို ဖျက်ဆီးသွားတာ စိတ်ထဲ တော်တော်မကောင်းဖြစ်မိတယ်”

ဆေးရုံရှိ ကမ္ပည်းမော်ကွန်းအရ ပင်မဆောင်ကို ၂၀၁၇ ခုနှစ်တွင် ဂျပန်နိုင်ငံက ဆောက်လုပ်လှူဒါန်းခဲ့ခြင်း ဖြစ်ကာ မြိုင်မြို့နယ်အတွင်း အချို့ကျေးရွာများတွင်လည်း ဂျပန်မှ လှူဒါန်းသည့် အလားတူ ကျေးလက်ဆေးပေးခန်းများရှိသည်ဟု သိရသည်။

ချင်းပြည်နယ်အစပ်ရှိ ယောဒေသအပြင် စစ်ကိုင်းတိုင်းမှ ပုလဲမြို့နယ်နှင့်ပါ နယ်မြေချင်း ထိစပ်နေသော မြိုင်မြို့နယ် မန်ကျည်းကန်ရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ခိုအောင်းနေသည်ဟု ဆိုကာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် အင်အားအလုံးအရင်း အသုံးပြုကာ ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။

တိုးချဲ့တည်ဆောက်ထားသည့် မန်ကျည်းကန်ရွာမှ ဆေးရုံသို့ အနီးဝန်းကျင်ရှိ ရွာများအပြင် အခြားဒေသများမှ လာရောက်ဆေးကုသနေသူများ ရှိသည်ဟုလည်း ဆေးရုံဖြစ်မြောက်ရေး ဦးဆောင်နေသူ အထက်ပါ ဒေသခံ အမျိုးသားက ဆိုသည်။

“မွေးလူနာ ၁၃ ယောက်လောက် ရှိတယ်။ တချို့လည်း ပြန်သွားကြတော့ အရေအတွက်တော့ အတိအကျ ပြောမရ။ တော်တော်များများက မြို့ဆိုလည်း မသွားရဲကြတော့ ဖြစ်ခါမှဖြစ်ရော သူတို့ (စစ်တပ်) လာလုပ်လည်း မတတ်နိုင်ဘူးဆိုပြီး ဖွင့်ထားတာပါ” ဟု ၎င်းက ပြောသည်။

စစ်တပ်၏ လေကြောင်းရန်ကြောင့် ဆေးခန်းအတွင်း ဗုံးခိုကျင်းတူးထားသည်မှာ မှန်သော်လည်း လက်နက်ခဲယမ်းနှင့် ပတ်သက်၍ သေနတ်ကိုင်လာသူ မည်သူ့ကိုမျှ ဆေးကုမပေးကြောင်း၊ လက်နက် လုံးဝကိုင်ဆောင်ခွင့်မပြုသည့်နေရာဖြစ်ကြောင်းလည်း ဆိုသည်။

စီးနင်းဖျက်ဆီးခံလိုက်ရသည့် မကြီးကန်ရွာအနောက်ဘက် အစွန်ရှိ မြိုင် PDF စခန်းတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ − ပေးပို့)

မန်ကျည်းကန်ရွာဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့ရာ၌ ဆေးခန်းအတွင်း ဗုံးခိုကျင်းတွေ့ရသည့်အပြင်​ လက်ပစ်ဗုံး၊ ဗုံးသီး၊ ကျည်မျိုးစုံ စသည့် ခဲယမ်းများအပြင် မော်တော်ယာဉ် ၃ စီးနှင့် ဆိုင်ကယ်မျိုးစုံ ၅ စီး သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ အနီးရှိ ကန်ကြီးရွာမှ လက်ပစ်ဗုံး ၁ လုံး၊ မော်တော်ယာဉ် ၁ စီးနှင့် ဆိုင်ကယ် ၁၅ စီး သိမ်းဆည်းရမိသည်ဟု ဆိုသည်။ 

ထို့ပြင် အလစ်အငိုက်ဝင်ရောက်ပြီးနောက် PDF အပါအဝင် ပတ်သက်ဆက်နွှယ်သူများဟု ယူဆရသူ အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၂၀ ကို ဖမ်းဆီးခဲ့သည်ဟုလည်း စစ်ကောင်စီထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်တပ်၏ ထုတ်ပြန်မှုသည် အလိမ်အညာသာဖြစ်ကြောင်း၊ ဆေးခန်းအတွင်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိမှု မရှိခဲ့ဘဲ ရွာအပြင်ရှိ PDF စခန်းမှ သိမ်းဆည်းရမိသွားခြင်းသာဖြစ်ကြောင်း ဆေးရုံဖြစ်မြောက်ရေး ဦးဆောင်နေသူက ဆိုသည်။

“ဆေးရုံထဲမှာ သေနတ်တွေ့တယ်ဆိုတာက ကလိမ်ကကျစ်လုပ်တာ။ ဒီထဲမှာ ကျည်ဆန်မပြောနဲ့ ရွာအဝင်ကတည်းက လက်နက်ကိုင်လာရင် စစ်တာ။ ဝင်းထဲမှာ လက်နက်ကိုင်ဆောင်ခွင့် ဘယ်သူ့မှ မပေးဘူး။ သူတို့ (စစ်ကောင်စီ) လာကုမယ်ဆိုရင်လည်း ကုပေးပါတယ်”

စစ်ကောင်စီတပ်သည် မန်ကျည်းကန်ရွာတွင် ယမန်နေ့ညပိုင်းက တပ်စွဲပြီး ယနေ့မွန်းလွဲပိုင်းတွင် ပြန်ထွက်သွားကြောင်း၊​ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၂၀ ကို မြိုင်မြို့ပေါ်သို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မြိုင် PDF ခေါင်းဆောင် ဗိုလ် Cross ဆိုသူက ပြောသည်။ 

ရွာကို ဝင်ရောက်စီးနင်းခဲ့စဉ် စစ်တပ်က ၁၆ နှစ်အရွယ် လူငယ်တစ်ဦးကို ပစ်သတ်သွားသည်ဟုလည်း ၎င်းက ဆိုသည်။

မန်ကျည်းကန်ရွာလည်ရှိ ဆေးရုံကို စီးနင်းပြီးနောက် စစ်တပ်က ရွာပြင်ရှိ ၎င်းတို့အခြေစိုက်စခန်းကို ဆက်လက်စီးနင်းကာ မီးတင်ရှို့ခဲ့ကြောင်း၊ ထို့ပြင် ရွာမှ နေအိမ်လေးလုံးကိုလည်း မီးရှို့သည်ဟု ဗိုလ် Cross က ပြောသည်။ စခန်းစီးနင်းခံရသဖြင့် ခဲယမ်းနှင့် ဆက်သွယ်ရေးစက် အပါအဝင် ပစ္စည်းမျိုးစုံတန်ဖိုး ကျပ်သိန်း ၁၅၀၀ ကျော် ဆုံးရှုံးခဲ့ရသည်ဟု ၎င်းက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။