close

ကျောင်းသူ ၃ ဦးအပါအဝင် ဖားကန့်ဒေသခံ ၃၀ ဓားစာခံဖြစ်နေ

ကာမိုင်းမြို့သို့ ချီတက်သည့် အင်အား ၂၀၀ ခန့် စစ်ကြောင်းက ရွာသားများကို အကာအရံအဖြစ် ဖမ်းသွားသည်၊ ဓားစာခံများထဲတွင် ကျောင်းသူ ၃ ဦးလည်း ပါဝင်သည်ဟု သိရသည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသော ဒေသခံတချို့ကို ၂၀၁၁ ခုနှစ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-Thierry Falise/LightRocket via Getty Images)

မေ ၁၇ နံနက်ပိုင်းက စစ်ကောင်စီတပ် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကျေးလက်ဒေသကို ဖြတ်သန်းစဉ် အသက်မပြည့်သေးသည့် ကျောင်းသူ ၃ ဦး အပါအဝင် ဒေသခံ ၃၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားသည်ဟု ဖားကန့်ဒေသခံအချို့က ပြောသည်။

မြို့အရှေ့ဘက် မိုင် ၂၀ ကျော်ခန့်အကွာ ဖားကန့်-ကာမိုင်း လမ်းပေါ်ရှိ နန့်ယားရွာမှ ဒေသခံ ၂၀ ခန့်၊ လမ်းမတစ်လျှောက်ရှိ ရေကာတာရွာနှင့် ခင်တောင်ရွာတို့မှ ဒေသခံ ၁၀ ဦး ပါဝင်သည်ဟု သိရသည်။

အင်အား ၂၀၀ ခန့်ပါသည့်‌ စစ်ကြောင်းက ကာမိုင်းမြို့သို့ အသွားတွင် ထိုသို့ ဖမ်းခေါ်သွားခြင်းဖြစ်သည်ဟု သိရသည်။

ကနဦး ဖမ်းဆီးခံရသူ အရေအတွက် ထို့ထက် များပြားသည်ဟု နမ့်ယားရွာခံတစ်ဦးက ဆိုသည်။

“ကလေးနဲ့ ကလေးအမေနှစ်ယောက်ရယ်၊ အဘွားအိုတွေရယ် စုစုပေါင်း ၈ ယောက်လောက်က ပြန်လွတ်လာတယ်၊ နောက်ပြီး ယောက်ျားသားတွေနဲ့ ကလေးမလေး ၃ ယောက်က ပြန်မလွတ်သေးဘူး” ဟု အဆိုပါ နန့်ယားဒေသခံ အမျိုးသားက ပြောသည်။

ကျောင်းသူ ၃ ဦး၏ အမည်နှင့် အသက်တို့ကိုမူ မသိရသေးပါ။

မေ ၁၃ ရက်မှ စတင်ကာ ဖားကန့်မြို့နယ်မှ ကာမိုင်းမြို့သို့ ထွက်ခွာလာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို KIA တပ်ရင်း (၄၄) က လမ်းတွင် ၃ ရက်တိုင် ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ် အထိနာခဲ့ပြီး မေ ၁၆ တွင်မှ နန့်ယားစစ်တပ်ဝင်းထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။

ထို့ကြောင့် ကာမိုင်းမြို့သို့ ဆက်လက်ထွက်ခွာရာတွင် အင်အားပိုမိုတိုးမြှင့်ခဲ့သလို ကြားဖြတ်တိုက်ခိုက်ခံရမည်ကို စိုးရိမ်သည့်အတွက် ဒေသခံများကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားခြင်းဖြစ်နိုင်သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA), ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့နှင့် နီးစပ်သူ အသက် ၄၀ ကျော်အရွယ် အမျိုးသားက ပြောသည်။

နန့်ယားရွာနှင့် ကာမိုင်းမြို့မှာ ၁၈ မိုင်ခန့်သာ ဝေးသော်လည်း လမ်းတစ်လျှောက်တွင် လယ်ကွင်းပြင်များသာ ရှိသည့်အတွက် သတ်ကွင်းထဲ ချီတက်ရသကဲ့သို့ ဖြစ်နေချိန်တွင် ကြားဖြတ်တိုက်ခိုက်ခြင်း ခံရမည်ကို စစ်ကောင်စီတပ် စိုးရိမ်နေဖွယ်ရှိသည်ဟု အထက်ပါ အမျိုးသားက ပြောသည်။

“ဒီလမ်းတစ်လျှောက်က သူတို့ ခဏခဏ အတိုက်ခံနေရတာ၊ တိုက်တိုင်းလည်း သူတို့အထိနာတော့ ဒေသခံတွေကို လူသားတံတိုင်းအနေနဲ့ ဖမ်းခေါ်သွားတာပဲ၊ အခုမှ မဟုတ်ဘူး၊ အရင်ကလည်း ခဏခဏ ဖမ်းခေါ်တယ်၊ မခေါ်တဲ့အခါတိုင်း သူတို့ အတိုက်ခံရလို့” ဟု အဆိုပါ အမျိုးသားက ပြောသည်။

ဧပြီ ၁၈ ရက်နေ့က နန့်ယားရွာအနီးတွင် ရှိသည့် ကပ်မှော်ကျေးရွာ၊ ဆိုင်းဖရာကျေးရွာတို့မှ ဒေသခံ (၄၀) ကျော်ကို စစ်တပ်က ဆီတင်ကားများ၊ ၁၂ ဘီး ကုန်တင်ကားများပေါ်တွင် ရောနှောကာ လူသားတံတိုင်းအနေဖြင့် ဖမ်းဆီးသွားချိန် KIA က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတချို့ သေဆုံးသလို ဆိုင်းဖရာရွာမှ ဓားစာခံ အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့သည်။

ဖားကန့်အပါအဝင် ဒေသအသီးသီးတွင် အရပ်သားတို့ကို ဓားစာခံအဖြစ် ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း၊ ထိုဖမ်းဆီးမှုအကြောင်း သတင်းများကို တုံ့ပြန်ခြင်း မရှိပေ။

၎င်းတို့က ပြည်သူလူထုကို အကာအကွယ်ပေးနေသည်ဟုသာ မကြာခဏ ပြောဆိုလေ့ရှိသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားရာ ဖားကန့်မြို့နယ်သည် တိုက်ပွဲအပြင်းထန်ဆုံးမြို့နယ် ဖြစ်လာသည်။

တန်ဖိုးကြီးကျောက်စိမ်းထွက်ရှိသည့် ဖားကန့်မြို့နယ်ကို စစ်တပ်နှင့် KIA နှစ်ဖက်လုံးက ထိန်းချုပ်နိုင်ရန် ကြိုးစားနေကြပြီး အပြန်အလှန်တိုက်ခိုက်မှုများအတွင်း အရပ်သားများမှာ မြေဇာပင်အဖြစ် ဖမ်းဆီး သတ်ဖြတ်ခံနေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။