close

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင် ဒေါ်လာသန်း ၇၀၀ ကျော်အထိ ရောက်ရှိခဲ့သည်။

မြေရှားသတ္တု တူးဖော်သန့်စင်ရာတွင် အသုံးပြုသည့် တွင်းဟောင်းကြီးများကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက ကချင်ပြည်နယ်တစ်နေရာ၌ တွေ့ရစဉ်။ (ဓာတ်ပုံ - Myanmar Now)

စစ်တပ်က အာဏာသိမ်းထားချိန် တရုတ်နိုင်ငံသို့ မြန်မာ့မြေရှားတင်ပို့မှု ဆက်လက်မြင့်တက်နေပြီး ယခုနှစ် ဇန်နဝါရီမှ မတ်လအတွင်း မြေရှားနှင့် ဆက်စပ်သတ္တုများ တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး ရှိကြောင်း တရုတ်အကောက်ခွန်ဦးစီးဌာန၏ စာရင်းများက ဆိုသည်။

တရုတ်အကောက်ခွန်ဦးစီးဌာန၏ ပုံမှန်ထုတ်ပြန်ချက်များအရ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အလားတူ ကာလ၌လည်း တရုတ်သို့ မြန်မာ့မြေရှားတင်ပို့မှု ဒေါ်လာသန်း ၄၀၀ ကျော်ဖိုး ရှိခဲ့သည်။ စစ်တပ်က တစ်ကျော့ပြန် အာဏာသိမ်းပြီးနောက် တရားမဝင် မြေရှားသတ္တု တူးဖော်မှုများ မြင့်တက်နေသည်။

၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှုမှာ ဒေါ်လာ သန်း ၇၀ ခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်တွင် ဒေါ်လာသန်း ၇၀၀ ကျော်အထိ ရောက်ရှိခဲ့သည်။

ပြီးခဲ့သည့်နှစ်အတွင်း တရုတ်နိုင်ငံသို့ မြန်မာဘက်မှ မြေရှားတင်ပို့မှု တန်ချိန် တစ်သိန်းခန့်အထိ ရှိခဲ့ပြီး စုစုပေါင်းတင်သွင်းမှု၏ ၉၀ ရာခိုင်နှုန်းဖြစ်သည်ဟု ရှန်ဟိုင်းသတ္တုဈေးကွက် (SMM) ၏ ယခုနှစ်ဆန်းပိုင်းစာရင်းများအရ သိရသည်။​

မြေရှားသတ္တုဒြပ်စင် ၁၇ မျိုးရှိသည့်အနက် မြန်မာနိုင်ငံတွင် ထွက်ရှိသည့် Dysprosium နှင့် Terbium အမျိုးအစားများမှာ လျှပ်စစ်ကားနှင့် အဆင့်မြင့်စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ရာတွင် အထူးအသုံးဝင်သည့် သတ္တုများဖြစ်သည်။ ထို့ပြင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများ၌ အရေးကြီးသည့် ကုန်ကြမ်းပစ္စည်းလည်းဖြစ်သည်။​

မြန်မာနိုင်ငံမြောက်ဖျားပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မြေရှားသတ္တု တူးဖော်တွေ့ရှိရပြီး တရုတ်ကုမ္ပဏီများက မြန်မာစစ်တပ် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းထုတ်လုပ်နေပြီး နည်းလမ်းမျိုးစုံဖြင့် လုပ်ကိုင်နေသည့် တရားမဝင်တူးဖော်မှုများလည်း ရှိနေသည်။

ပြီးခဲ့သည့်နှစ်မှစ၍ ရှမ်းပြည်နယ်အတွင်း တရားမဝင် မြေရှားတူးဖော်မှုအချို့ ရှိလာပြီး ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်ဒေသ မိုင်ဂျာယာန်နှင့် မံစီဒေသတို့တွင် မြေရှားလုပ်ကွက်များ တိုးလာသည်ဟု ဒေသအခြေစိုက် သဘာဝပတ်ဝန်းကျင်အရေး စောင့်ကြည့်သူတစ်ဦးက ဆိုသည်။

“မြေရှားလုပ်ကွက်တွေကို ဒေသခံတွေ အကြိမ်ကြိမ်ကန့်ကွက်ပြီးတဲ့နောက် မေလဆန်းမှာ တရုတ်ကုမ္ပဏီတွေ ထွက်သွားပါပြီ။ ပန်ဝါနဲ့ ချီဖွေဘက်မှာတော့ ဆက်တူးနေတုန်းပဲ။ ဧပြီလက ချီဖွေမှာ မြေရှားတူးရင်း မြေပြိုလို့ အလုပ်သမားနှစ်ယောက် သေဆုံးသွားတယ်” ဟု အမည်မဖော်လိုသူ ထိုဒေသခံက ပြောသည်။

ဒေသခံများ၏ အပြင်းအထန်ကန့်ကွက်မှုကြောင့် KIO ထိန်းချုပ်ဧရိယာအတွင်းရှိ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒိန်ဆင်းပါဒေသ၌ မြေရှားတူးဖော်မှုလုပ်ငန်းများကို ရပ်တန့်မည်ဖြစ်ကြောင်း KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြီးခဲ့သည့် ဧပြီလလယ်ပိုင်းတွင် ကြေညာသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တစ်ခုဖြစ်သော ဇခုန်တန့်ယန်းဦးဆောင်သည့် NDA-K ထိန်းချုပ် ကချင်အထူးဒေသ (၁) ပန်ဝါနှင့် ချီဖွေဒေသတို့တွင်မူ မြေရှားသတ္တု တူးဖော်မှုများ အားကောင်းနေဆဲဖြစ်သည်။

အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန (USGS) ၏ အချက်အလက်များအရ ကမ္ဘာပေါ်တွင် မြေရှားသတ္တု အများဆုံးထုတ်လုပ်သည့် နိုင်ငံ ၁၁ ခုရှိသည့်အနက် ပထမနှင့် ဒုတိယနေရာတွင် တရုတ်နှင့် အမေရိကန်တို့ ရှိနေပြီး မြန်မာနိုင်ငံက တတိယမြောက်ဖြစ်သည်။ မြန်မာ့မြေရှားကို တရုတ်တစ်နိုင်ငံတည်းသို့သာ အဓိကတင်ပို့နေခြင်းဖြစ်သည်။

မြေရှားသတ္တု အများဆုံးထုတ်လုပ်ဖြန့်ဖြူးသည့် တရုတ်နိုင်ငံက ကမ္ဘာ့မြေရှားဈေးကွက်ကို ထိန်းချုပ် ခြယ်လှယ်နေပြီး မြေရှားတူးဖော်မှု ရပ်တန့်တော့မည်ဖြစ်ကြောင်း တရုတ်အစိုးရက ဧပြီလအတွင်း ကြေညာခဲ့သည်။

တရုတ်အစိုးရသည် အဆင့်မြင့်နည်းပညာရပ်များကို ၎င်းတို့နိုင်ငံအတွင်း၌သာ ထားရှိနိုင်ရေး အကန့်အသတ်လုပ်ထားသည်ဟုလည်း Centre for Strategic and International Studies (CSIS) အဖွဲ့က သုံးသပ်ထားသည်။ အမေရိကန်နှင့်အပြိုင် နည်းပညာမြင့်ပစ္စည်းများ ထုတ်လုပ်ရေးအတွက် သတ္တုအရင်းအမြစ်နှင့် ဈေးကွက်ကို ထိန်းချုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ်တွင် နိုင်ငံတကာ လျှပ်စစ်ကား (EV) ထုတ်လုပ်ရောင်းချမှု ဈေးကွက်၌ ၆၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံမှ ဖြစ်သည်ဟု နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) က ဆိုသည်။ ယခုနှစ် ပထမသုံးလအတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လျှပ်စစ်ကား ထုတ်လုပ်ရောင်းချမှု ဒေါ်လာ ၂ ဒသမ ၃ သန်းဖိုး ရှိခဲ့ကာ နှစ်ကုန်ပိုင်းတွင် ဒေါ်လာ ၁၄ သန်းဖိုးအထိ ရောက်ရှိမည်ဟု IEA က ခန့်မှန်းထားသည်။

ယခုနှစ်အတွင်း လျှပ်စစ်ကားအစီးရေ ၈ သန်းအထိ ထုတ်လုပ်ရောင်းချမည်ဟု တရုတ်နိုင်ငံ၏ ခရီးသည်ယာဉ်အသင်းအဖွဲ့ (China Passenger Car Association) က ထုတ်ဖော်ပြောဆိုထားသည်။ ကမ္ဘာကျော် လျှပ်စစ်ကားကုမ္ပဏီ Tesla သည် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် စက်ရုံတည်ထားပြီး တရုတ်လျှပ်စစ်ကားကုမ္ပဏီသစ်များလည်း များပြားလာသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

စစ်တပ်ကြီးစိုးမှု ပိုမို ထင်ရှားလာသော ရွေးကောက်ပွဲအလွန် ထိုင်းနိုင်ငံရေး 

မျိုးဆက်သစ်များ၊ အပြောင်းအလဲလိုလားသူများက မဲပေးခဲ့သော Move Forward ပါတီသည် စစ်တပ် ခန့်ထားသည့် အမတ်များ ထောက်ခံပါမှ အစိုးရဖွဲ့နိုင်မည်ဖြစ်သည်။

မုန်တိုင်းသင့် ရိုဟင်ဂျာများ အကူအညီ အချိန်မီမရ၊ သေဆုံးမှု တိုးလာနိုင်

မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု များပြားသော်လည်း အကူအညီပေးရေးအဖွဲ့များ ကယ်ဆယ်ရေး လုပ်ခွင့်မရသေးပေ၊ ဝင်ရောက်ကယ်ဆယ်ခွင့်ရရန် စစ်ကောင်စီကို ညှိနှိုင်းနေသည်ဟု သိရသည်။

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။