close

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

ပဲခူးတိုင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့ဝင်များ။ ဓာတ်ပုံ - တောင်ငူ PDF

တောင်ငူအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ သေနတ်များကို လုယူ ထွက်ပြေးနိုင်ခဲ့သည့် တပ်ဖွဲ့ဝင် ၁၀ ဦးအနက် ၉ ဦး လုံခြုံသည့်နေရာသို့ ရောက်ရှိပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က အတည်ပြုသည်။

ယမန်နေ့ (မေ ၁၈) နံနက် ၁၁ နာရီဝန်းကျင်တွင် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁ ဦးတို့က တောင်ငူထောင်တွင်း အထူးတရားရုံး အချုပ်ခန်းတံခါးကို ရိုက်ဖျက်၍ အစောင့်ရဲများထံမှ သေနတ်လေးလက် လုယူကာ လိုက်လံဖမ်းဆီးသူများကို ပစ်ခတ်ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

ထွက်ပြေးလာသူများမှာ လွန်ခဲ့သော ၅ လ ဝန်းကျင်က ပဲခူးတိုင်းအတွင်း မြို့ပြတော်လှန်ရေးလှုပ်ရှားမှုများအတွင်း ဖမ်းဆီးခံထားရသည့် PDF တပ်ဖွဲ့ဝင်များဖြစ်ပြီး စစ်ကောင်စီက အကြမ်းဖက်ပုဒ်မများဖြင့် တရားစွဲထားကြောင်း NUG ၏ ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထွက်ပြေးစဉ် ခြေထောက် သေနတ်မှန် ဒဏ်ရာရကာ လူစုကွဲ ကျန်ရစ်ခဲ့သည့် အမျိုးသား ၁ ဦးမှအပ ကျန် ၉ ဦးစလုံးမှာ ဒေသခံတော်လှန်ရေးအဖွဲ့များ၏ ကူညီမှုဖြင့် ဘေးလွတ်ရာသို့ ရောက်ပြီဖြစ်ကြောင်း ၎င်းက ပြောသည်။ ကျန်ရစ်ခဲ့သူ၏ ကံကြမ္မာကို အတည်မပြုနိုင်သေးပေ။

“သူတို့ ရုံးထုတ်တဲ့အချိန်မှာ ကျွန်တော်တို့ ရဲဘော်တွေက လက်နက်လုပြီးတော့ ထွက်ပြေးတယ်။ ဖောက်ထွက်နိုင်ခဲ့တယ်။ အဲဒီအချိန်မှာလည်း နောက်ကလည်း လိုက်ပစ်တဲ့အခါမှာ ကျွန်တော်တို့ ရဲဘော်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုပြန်ဖြစ်တယ်” ဟု သူက ပြောသည်။

ပြင်ပသို့ ပေါက်ကြားလာသည့် ရဲကြေးနန်းတစ်စောင်တွင် ဖော်ပြထားချက်အရ ထွက်ပြေးသွားသူများထဲတွင် သေဒဏ်ကျ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး၊ ထောင်ဒဏ်ကျခံထားရပြီးမှ ထပ်တိုးအမှု ရင်ဆိုင်နေရသူ အမျိုးသား ၁ ဦး၊ အမှုရင်ဆိုင်နေဆဲ အမျိုးသား ၆ ဦး ပါဝင်ကြောင်း သိရသည်။

သေနတ်လေးလက်နှင့် ကျည်ဆန်များ ယူဆောင်ထွက်ပြေးသည့် PDF များ၏ ပစ်ခတ်မှုကြောင့် တောင်ငူထောင်တွင် လုံခြုံရေးယူနေသည့် စစ်မှုထမ်းဟောင်း တပ်ကြပ်ကြီး ကျော်မြင့် ဒူးခေါင်းတွင် သေနတ်မှန် ဒဏ်ရာရသည်၊ ပေါင်ရင်း ကျည်ထိမှန်သည့် တပ်ကြပ် မောင်မျိုး သေဆုံးသည်ဟု ရဲကြေးနန်းတွင် ဖော်ပြထားသည်။

လွတ်မြောက်လာသူတို့၏ အသေးစိတ်အချက်အလက်များ၊ တောင်ငူထောင်နှင့် အထူးတရားရုံးတစ်ဝိုက် စစ်ကောင်စီ လုံခြုံရေးယူထားမှု အခြေအနေ၊ ၎င်းတို့ ထွက်ပြေးပြီး အကျဉ်းထောင်အတွင်း နောက်ဆက်တွဲ အခြေအနေများကို မသိရသေးပေ။

နေပြည်တော်၏ တောင်ဘက် မိုင် ၇၀ ဝန်းကျင်အကွာတွင် တည်ရှိသည့် တောင်ငူထောင်သည် ရေပတ်လည် ဝန်းရံထားသည့် တောင်ငူကျုံးအတွင်း ကုန်းမြေဧရိယာ၏ အရှေ့မြောက်ဘက်တွင် ရှိသည်။

လွန်ခဲ့သည့် နှစ်နှစ်ကျော် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖမ်းဆီး၍ ပုဒ်မမျိုးစုံဖြင့် ထောင် ၁၄ နှစ် ချထားသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှာလည်း တောင်ငူအကျဉ်းထောင်တွင် ရှိနေသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် တောင်ငူမြို့ခံ အမျိုသမီးတစ်ဦး၏ အဆိုအရ တောင်ငူထောင်၏ လုံခြုံရေးကို ယခင်ထက်ပို၍ အထူးတင်းကျပ်လိုက်ကြောင်း သိရသည်။

“ထောင်ရှေ့လမ်းမကြီးကို အရင်ကတည်းက ဟိုဘက်ဒီဘက် ပိတ်ထားတာ၊ ထောင်ဝင်စာပို့တဲ့သူကိုတောင်မှ အသေအချာစစ်ဆေးပြီးမှ ဝင်ခံတာ။ အကျဉ်းသားတွေ ထွက်ပြေးတာအထိဖြစ်တော့ ကျန်ခဲ့တဲ့ အကျဉ်းသားတွေ တင်းကျပ်ခံရမဲ့အခြေအနေမှာရှိတယ်” ဟု သူက ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီက ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေရာ နိုင်ငံအနှံ့ ခုခံတော်လှန်မှုများ အရှိန်အဟုန်မြင့်နေသည်။ ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကရင်အမျိုးသားအစည်းရုံး (KNU) တပ်မဟာ (၂) အခြေစိုက်ရာ တောင်ငူမြို့နယ်တွင်လည်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများ မကြာခဏဖြစ်နေသည်။

ပြီးခဲ့သည့် မတ် ၂၇ ရက်ကပင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ တောင်ငူမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်း လေးခုကို KNU၊ PDF နှင့် ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

ယမန်နှစ်ကပင် မြန်မာနိုင်ငံအလယ်ပိုင်းမှ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် ရှိသည့် အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသည့် တောင်လှန်ရေးသမားများ ထောင်ဖောက်ပြေးနိုင်သည့် ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ဖူးသည်။

ယမန်နေ့က တောင်ငူအကျဉ်းထောင်မှ PDF တို့ ထွက်ပြေးနိုင်ခဲ့ခြင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးအတွက်လည်း အင်အားဖြစ်စေသည်ဟု ပဲခူးတိုင်း PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ကျွန်တော်တို့ နွေဦးတော်လှန်ရေးမှာ အကျဉ်းထောင်နံရံတွေကို ချိုးဖျက်ပြီးတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ အင်မတန်မှ အားပါတဲ့ ရုန်းကန်သံတစ်ခုပါ” ဟု သူက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

စစ်တပ်ကြီးစိုးမှု ပိုမို ထင်ရှားလာသော ရွေးကောက်ပွဲအလွန် ထိုင်းနိုင်ငံရေး 

မျိုးဆက်သစ်များ၊ အပြောင်းအလဲလိုလားသူများက မဲပေးခဲ့သော Move Forward ပါတီသည် စစ်တပ် ခန့်ထားသည့် အမတ်များ ထောက်ခံပါမှ အစိုးရဖွဲ့နိုင်မည်ဖြစ်သည်။

မုန်တိုင်းသင့် ရိုဟင်ဂျာများ အကူအညီ အချိန်မီမရ၊ သေဆုံးမှု တိုးလာနိုင်

မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု များပြားသော်လည်း အကူအညီပေးရေးအဖွဲ့များ ကယ်ဆယ်ရေး လုပ်ခွင့်မရသေးပေ၊ ဝင်ရောက်ကယ်ဆယ်ခွင့်ရရန် စစ်ကောင်စီကို ညှိနှိုင်းနေသည်ဟု သိရသည်။

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။