close

ခရမ်းမြို့ပေါ် တိုက်ခိုက်မှုများအပြီး လူ ၅၀ နီးပါး အဖမ်းခံထားရ

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင် PDF ပြောက်ကျားတို့ကို ဖမ်းဆီးလိုသည့် စစ်ကောင်စီက ခြေထောက်တွင် ဆေးမင်ကြောင်ထိုးထားသူများကိုပါ ပစ်မှတ်ထားနေသည်ဟု သိရသည်။

ရန်ကုန်မြို့ တစ်နေရာမှ စစ်ကောင်စီတပ်သားများ လမ်းပေါ်တွင် စစ်ဆေးနေပုံ။ (ဓာတ်ပုံ-Myanmar Now)

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ အုပ်ချုပ်ရေးဌာနများ ၂ ပတ်အတွင်း ၇ ကြိမ် တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၅၀ နီးပါးကို စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု သိရသည်။

မတ် ၃၀ မှ ဧပြီ ၁၄ အတွင်း မြို့ပေါ်ရှိ ရဲစခန်း၊ လူဝင်မှုကြီးကြပ်ရေးရုံး၊ စစ်ဆေးရေးဂိတ်များကို တိုက်ခိုက်အပြီးတွင် စစ်ကောင်စီက ထိုသို့ ဖမ်းဆီးခြင်း ဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။

“ကျွန်တော်တို့ လဝကရုံးကို ဝင်တိုက်ပြီး ထုတ်ပြန်တဲ့ရုပ်သံမှာ တစ်ယောက်က ခြေထောက်မှာ Tattoo (ဆေးမင်ကြောင်) ပါတယ်၊ အဲဒါခြေထောက် Tattoo  ရှိတဲ့လူတွေ ဖမ်းတယ်၊ ကတုံးနဲ့လူ ပါတာ တွေ့ရင် ကတုံးနဲ့လူတွေ ဖမ်း၊ ထင်ရာမြင်ရာ အကုန်ဖမ်းနေတာ” ဟု ခရမ်း PDF ခေါင်းဆောင် ကိုမီးပွားက ပြောသည်။

ဖမ်းဆီးခံရသူအများစုမှာ လူငယ်များဖြစ်ပြီး အမျိုးသမီး ၁၀ ဦးခန့် ပါဝင်သည်၊ ရန်ကုန်မြို့ရှိ စစ်ကြောရေးစခန်းများနှင့် ခရမ်းမြို့ရှိ စစ်ကောင်စီစခန်းချထားသော နေရာတို့တွင် ထိန်းသိမ်းထားသည်ဟု သိရကြောင်း ခရမ်း PDF က ပြောသည်။ 

ဖမ်းဆီးခံရသူများထဲတွင် ခရမ်း PDF အဖွဲ့ဝင်များ မပါဝင်သော်လည်း ပုန်းခိုနေသည့်နေအိမ်ကို စီးနင်းမိသွား၍ သေနတ် ၂ လက် ဆုံးရှုံးသွားသည်ဟု အဖွဲ့ခေါင်းဆောင် ကိုမီးပွားက ပြောသည်။

ဖမ်းဆီးခံရသူတို့၏ မိသားစုဝင်များကို Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါ။

ခရမ်းမြို့နေ လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးကမူ သူနေထိုင်သည့်ရပ်ကွက်တွင်  အမျိုးသားတစ်ဦး ဖမ်းဆီးရသည်ဟု ပြောသည်။ 

ဧပြီလအတွင်း တိုက်ခိုက်မှုများ

ဧပြီ ၁၄ (သင်္ကြန်အကျနေ့) တွင် ခရမ်းမြို့ပေါ်ရှိ လူဝင်မှုကြီးကြပ်ရေးရုံး စစ်ဆေးရေးဂိတ်စခန်းကို တိုက်ခိုက်ရာ ရဲတပ်သား ၂ ဦး သေဆုံးသည်ဟု ခရမ်း PDF က ထုတ်ပြန်သည်။

ဧပြီ ၁၀ တွင် ပိန်းကန်ကျေးရွာရဲစခန်းကို ၈၁ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ပြီး၊ ဧပြီ ၉ တွင် ခရမ်းမြို့မရဲစခန်းကို ၈၁ မမ ဗုံးပစ်လောင်ချာဖြင့် တိုက်ခိုက်ခဲ့သည်။

ဧပြီ ၃ တွင် ခရမ်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများရှိရာ ကရင်ကန်ဂိတ်နှင့် သစ်တောဂိတ်၊ ပိန်းကန်ကျေးရွာ ရဲစခန်းတို့ကို ၄၀ မမ ဗုံးပစ်လောင်ချာ ၃ လုံးစီဖြင့် တိုက်ခိုက်ခဲ့သည်ဟု ခရမ်း PDF က ဆိုသည်။ 

မတ် ၃၀ တွင် သုံးခွမြို့မှ ပြန်လာသော ရဲတပ်ဖွဲ့ဝင်၂ ဦးကို သုံးခွမြို့နှင့် ခရမ်းမြို့အစပ်ရှိ ကတုံးပေါ်ကျေး ရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ရာ ၂ ဦးလုံး သေဆုံးသွားသည်ဟုလည်း ခရမ်း PDF က ဆိုသည်။

ထိုတိုက်ခိုက်မှုများအတွင်း ထိခိုက်သေဆုံးမှုကို Myanmar Now က အတည်ပြုနိုင်ခြင်းမရှိပါ။

ထိုတိုက်ခိုက်မှုများပြီးနောက် ဧပြီ ၁၅ တွင် ခရမ်းမြို့၊ (၃) ရပ်ကွက်၊ ဦးဝီစာရလမ်းရှိ ခရမ်း PDF ခေါင်းဆောင် ကိုမီးပွား၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့်က လာရောက်မီးရှို့သွားသလို ခရမ်းမြို့ဝင်ပေါက်များကို ပိတ်ဆို့စစ်ဆေးခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အဝင်လည်း မရဘူး၊ အထွက်လည်း မရဘူး၊ ရန်ကုန်ဘက်ကရော ပဲခူးဘက်ကပါ ပိတ်ပစ်လိုက်တယ်။ ဒီမနက်တော့ ပြန်ဖွင့်ပြီ၊ ဒါပေမဲ့ သုံးဘီးတွဲဆိုင်ကယ်တွေ စီးလို့မရဘူး” ဟု ထိုသူက ဧပြီ ၂၀ တွင် ပြောသည်။

ဆိုင်ကယ်စီးနင်းခွင့် ဆက်ပိတ်ထား

၂၀၂၂ နိုဝင်ဘာလကုန်ကတည်းက ခရမ်းမြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားခဲ့သည်။ စစ်ကောင်စီ အုပ်ချုပ်ရေးပစ်မှတ်များကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များက ဆိုင်ကယ်စီးနင်းပြီး တိုက်ခိုက်မှု ၂၅ ကြိမ်ရှိလာပြီးနောက် မြို့ပေါ် ၁၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅၃ စုလုံးတွင် ထိုသို့ ပိတ်ခဲ့ခြင်းဖြစ်သည်။

စီးနင်းခွင့် ပိတ်ပင်ရာတွင် ဘေးတွဲဆိုင်ကယ် (သုံးဘီးဆိုင်ကယ်) များ မပါဝင်ခဲ့ပေ။ သို့သော်လည်း ယခုလ ဧပြီ ၂၀ မှ စတင်ကာ ဘေးတွဲဆိုင်ကယ်များပါ စီးနင်းခွင့်မပြုတော့ဟု ခရမ်း PDF နှင့် ဒေသခံအမျိုးသား ၂ ဦးက ပြောသည်။

ဒေသခံတို့အတွက် လွန်စွာ အသုံးဝင်သည့် ဘေးတွဲဆိုင်ကယ်ကို ပိတ်ပင်ထားခြင်းကြောင့် ဒေသခံတို့ များစွာ ခက်ခဲနေသည်ဟု ကျောင်းဆရာတစ်ဦးက ပြောသည်။

“တွဲစီးခွင့်ပါ ပိတ်လိုက်တော့ ပြည်သူတွေက စားဝတ်နေရေးအတွက်ရော၊ ဈေးဝယ်တာ‌ရော၊ ရန်ကုန်နဲ့ ကုန်စည်ကူးသန်းမှုတွေပါ ရပ်သွားသလိုဖြစ်သွားတာဗျ၊ ဒါကတော့ ရှေ့ရက်တွေပေါ့။ အခု ပြန်ဖွင့်ပေးတော့လည်း တွဲတွေ ခွင့်မပြုဘူး” ဟု ခရမ်းမြို့နေ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသူ ကျောင်းဆရာက ပြောသည်။

ကျေးရွာများမှ ဒေသခံများကိုပါ မြို့တွင်းသို့ ဝင်ခွင့်မပြုကြောင်း၊ မြို့နယ်အတွင်း စားသောက်ကုန်နှင့် စက်သုံးဆီ ပြတ်လပ်ခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။

“အဝင်အထွက်ဂိတ်တွေ၊ လမ်းကြိုလမ်းကြားကအစ ပိတ်တယ်။ ရွာဘက်တွေပါ စစ်ကြောင်းထိုးသလို လျှောက်သွားနေတာ။ စက်ဘီး၊ ဆိုင်ကယ်ဘေးတွဲ စီးရင် ဖမ်းတယ်၊ တစ်နာရီလောက် ဒူးထောက်ခိုင်းတာ တွေရှိတယ်” ဟု ခရမ်းတွင် နေထိုင်သူ ထိုအမျိုးသားက ပြောသည်။

ခရမ်းနှင့် နယ်မြေချင်း ဆက်စပ်နေသည့် သုံးခွမြို့တွင်လည်း ဆိုင်ကယ်စီးနင်းခွင့် တားမြစ်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးများ ပစ်ခတ်တိုက်ခံရတိုင်းတွင် ဒေသခံများကို သံသယနှင့် ဖမ်းဆီးနှိပ်စက်လေ့ရှိသည်။၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ခရမ်းမြို့နယ်တွင် လူဦးရေ တစ်သိန်းခွဲကျော်ရှိသည့်အနက် ၈၀ ရာခိုင်နှုန်းမှာ ကျေးရွာများတွင် နေထိုင်ကြသည်။ ရန်ကုန်မြို့နှင့် ၄၂ မိုင်သာ ဝေးသော ခရမ်းမြို့သည် ပဲခူးတိုင်းနှင့် နီးကပ်စွာ တည်ရှိပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ အများဆုံးနုတ်ထွက်ထားသည့် မြို့နယ်လည်းဖြစ်သည်။

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။