close

စစ်ကောင်စီနှင့်ပတ်သတ်သည့် ရေနံကုမ္ပဏီနှစ်ခုကို ဖယ်ထုတ်ကြောင်း နော်ဝေဘဏ် ကြေညာ 

စစ်ပွဲနှင့် ပဋိပက္ခဖြစ်နေချိန် အာဏာသိမ်း မြန်မာစစ်တပ်နှင့် လုပ်ငန်းဆက်လုပ်နေသည့် အိန္ဒိယနှင့် တောင်ကိုရီးယားမှ နိုင်ငံပိုင်ရေနံကုမ္ပဏီကြီးများဖြစ်သည့် GAIL နှင့် KOGAS ကုမ္ပဏီတို့ကို ဖယ်ထုတ် လိုက်ကြောင်း နော်ဝေဗဟိုဘဏ်က ဧပြီ ၂၇ တွင် ကြေညာသည်။

နော်ဝေနိုင်ငံ အော်စလိုမြို့ရှိ နော်ဝေဗဟိုဘဏ်အဆောက်အအုံကို ၂၀၁၉ ခုနှစ် မတ်လအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ - Reuters)

မြန်မာစစ်တပ်နှင့် ပတ်သက်နေသောကြောင့် အိန္ဒိယနှင့် တောင်ကိုရီးယားနိုင်ငံတို့မှ ရေနံကုမ္ပဏီများ ကို ဘဏ်၏ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ ဖယ်ထုတ်လိုက်ကြောင်း နော်ဝေနိုင်ငံ ဗဟိုဘဏ်က ယမန်နေ့ (ဧပြီ ၂၇)တွင် ထုတ်ပြန်ကြေညာလိုက်သည်။

နော်ဝေနိုင်ငံပိုင်ဘဏ်က ဖယ်ထုတ်လိုက်သည့် ကုမ္ပဏီနှစ်ခုမှာ မြန်မာနိုင်ငံရှိ ကမ်းလွန်ရေနံနှင့် သဘာဝဓတ်ငွေ့စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် အိန္ဒိယနှင့် တောင်ကိုရီးယားမှ နိုင်ငံပိုင်ရေနံကုမ္ပဏီကြီးများဖြစ်သည့် GAIL နှင့် KOGAS ကုမ္ပဏီတို့ဖြစ်သည်။ 

“စစ်ပွဲနဲ့ ပဋိပက္ခဖြစ်နေတဲ့အချိန် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းဆိုင်တဲ့ ပြင်းထန်တဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်နေတာဟာ လက်ခံနိုင်စရာ မရှိပါဘူး။ ဒီကုမ္ပဏီတွေဟာ မြန်မာစစ်တပ်နဲ့ နှီးနွှယ်ပတ်သက်နေပါတယ်” ဟု နော်ဝေဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုကုမ္ပဏီနှစ်ခု၏ လုပ်ရပ်သည် ၎င်းတို့၏စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသောကြောင့် ဘဏ်ဘုတ်အဖွဲ့က လုပ်ထုံလုပ်နည်းများနှင့်အညီ ဆုံးဖြတ်ခြင်းဖြစ်သည်ဟု ဆိုသည်။​

ကမ္ဘာတဝန်းရှိ ကုမ္ပဏီပေါင်း ၉,၂၀၀ ကျော်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ထရီလျံအထိ ရင်းနှီးမြှုပ်နှံထားသည့် နော်ဝေဗဟိုဘဏ်သည် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းအထိ KOGAS တွင် ဒေါ်လာ ၅ ဒသမ ၅ သန်း၊ အိန္ဒိယအစိုးပိုင် GAIL ကုမ္ပဏီတွင် ဒေါ်လာ ၇၀ ဒသမ ၂ သန်းတန် ရှယ်ယာများ ပိုင်ဆိုင်ထားသည်ဟု Reuters သတင်းဌာနက ရေးသားသည်။  

နော်ဝေဘဏ်အနေဖြင့် ဥပဒေပြု အာဏာပိုင်အဖွဲ့အစည်းဖြစ်သော ပါလီမန်က ချမှတ်ထားသည့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရသည်ဖြစ်ရာ ကျင့်ဝတ်နှင့် ကိုက်ညီမှုမရှိသော ကုမ္ပဏီများကို ထုတ်ပယ်ခြင်းဖြစ်သည်။​

တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့များ တင်ပို့ရောင်းချနေသည့် ရခိုင်ကမ်းလွန်ရှိ ရွှေစီမံကိန်းတွင် တောင်ကိုရီးယားမှ KOGAS က ၁၇ ရာခိုင်နှုန်း၊ GAIL ကုမ္ပဏီက ၈ ဒသမ ၅ ရာခိုင်နှုန်း ပါဝင်ရင်း နှီးမြှုပ်နှံထားသည်။ 

ထိုစီမံကိန်းကို တောင်ကိုရီးယားနိုင်ငံမှ POSCO ကုမ္ပဏီက ၅၁ ရာခိုင်နှုန်းဖြင့် အော်ပရေတာအဖြစ် ဦးစီးလုပ်ကိုင်နေခြင်းဖြစ်ကာ နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ၁၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားသည်။

၂၀၁၃ ခုနှစ်တွင် စီးပွားဖြစ်ထုတ်လုပ်ရေး စတင်ခဲ့သော ရွှေစီမံကိန်းမှနေ၍ တရုတ်နိုင်ငံသို့ နေ့စဉ် သဘာဝဓာတ်ငွေ့များ တင်ပို့ရောင်းချနေရာ စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ပထမသုံးလ တွင် အမြတ်ငွေ ဒေါ်လာ ၂၅ သန်းကျော်၊ ဒုတိယသုံးလတွင် ဒေါ်လာသန်း ၃၀ ကျော်ရရှိခဲ့ကြောင်း POSCO ကုမ္ပဏီက သုံးလပတ်အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။ 

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နိုင်ငံတကာကုမ္ပဏီးများက လုပ်ငန်းများရပ်ဆိုင်းခြင်း၊ နိုင်ငံတွင်းမှ ထွက်ခွာခြင်းများ ပြုလုပ်ခဲ့သော်လည်း ရခိုင်ကမ်းလွန်ရှိ ရွှေစီမံကိန်းတွင် ပါဝင်နေသည့် ကုမ္ပဏီ များသည် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ကာ အရှိန်မပြတ်လုပ်ဆောင်နေသည်။ 

ရွှေစီမံကိန်းတွင် ပုံမှန် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးအတွက် တိုးချဲ့စီမံကိန်းများအနေဖြင့် အဆင့် (၂) တွင် အမေရိကန်ဒေါ်လာ ၄၇၃ သန်း၊ အဆင့် (၃) တွင် ၃၁၅ သန်းရင်းနှီးမြှုပ်နှံရန် လျာထား သည်ဟု POSCO ၏ထုတ်ပြန်ချက်များကို ကိုကား၍ Myamar Now က သတင်းဖော်ပြပြီး ဖြစ်သည်။​

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံ တွင် နှစ်ပေါင်း ၂၅ နှစ်ကျော် လုပ်ကိုင်ခဲ့သည့် ပြင်သစ်ရေနံကုမ္ပဏီကြီး Total က မုတ္တမကမ်းလွန်ရှိ အကြီးဆုံး ရတနာစီမံကိန်းမှ နုတ်ထွက်ခဲ့သည်။

ကမ္ဘာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ တစ်ခုဖြစ်သော Norway’s Oil Fund သည်လည်း နော်ဝေကျင့်ဝတ်ရေးရာကောင်စီ၏ အကြံပြုချက်အရ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေ သော ထိုင်းနိုင်ငံပိုင် PTT နှင့် PTTOR ရေနံကုမ္ပဏီတို့မှ နုတ်ထွက်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်း ထုတ်ပြန်ကြေညာခဲ့သည်။ 

“ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက မြန်မာစစ်တပ်အတွက် အကြီးမားဆုံး ဘဏ္ဍာငွေအရင်းအ မြစ်ဖြစ်နေပါတယ်။ အရေးကြီးဆုံးကတော့ စစ်တပ်ရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မှာ အကျိုးသက်ရောက်စေတဲ့အတွက်ပါပဲ” ဟု နော်ဝေကျင့်ဝတ်ရေးရာကောင်စီက ထုတ်ဖော် ပြောဆိုခဲ့သည်။

မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအကြောင်း ဖော်ထုတ်နေသည့် Justice For Myanmar အဖွဲ့အဆိုအရ Norway’s Oil Fund သည် ထိုင်းနိုင်ငံပိုင် ရေနံကုမ္ပဏီများတွင် အမေရိ ကန်ဒေါ်လာ သန်း ၁၀၀ ကျော်အထိ ရင်းနှီးမြှုပ်နှံထားသည်။​

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။