close

စစ်တပ်က ဖားကန့်ဒေသခံများကို ဆက်တိုက်ဖမ်းဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း အစုလိုက်အပြုံလိုက် ဖမ်းဆီးမှု ဖြစ်နေသော ဒေသများထဲတွင် မှော်ပုံ၊ မဇွပ်ယန်၊ ဆန်ခါတို့ ပါဝင်သည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသော ဒေသခံတချို့ကို ၂၀၁၁ ခုနှစ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-Thierry Falise/LightRocket via Getty Images)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်စပ်သူများကို ရှာဖွေနေသည့် စစ်ကောင်စီတပ်က  ဧပြီ ၂၁ ရက်မှ စတင်၍ ကျေးရွာ ၃ ရွာခန့်တွင် အစုလိုက်အပြုံလိုက်ဖမ်းဆီးမှုများ ဆက်တိုက်လုပ်နေ၍ ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေရသည်။

မြို့အရှေ့မြောက်ဘက်ရှိ မှော်ပုံရွာကို ဧပြီ ၂၁ တွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက် စီးနင်းပြီး ရွာသူရွာသား ၂၀၀ ကျော်ကို ဖမ်းဆီးသွားပြီး မဇွပ်ယန်အကျဉ်းထောင်အတွင်း ထိမ်းသိမ်းခဲ့သည်။

ဧပြီ ၂၇ တွင် မဇွပ်ယန်နှင့် ဆန်ခါရွာသား စုစုပေါင်း ၁၀၀ ကျော်ကို ဝင်ရောက်ဖမ်းဆီးပြီး မဇွပ်ယန်ထောင်အတွင်း ထိန်းသိမ်းခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊  ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့နှင့် နီးစပ်သူ အသက် ၄၀ ကျော်အရွယ် ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အဲဒီရွာတွေက KIA တပ်ရင်း (၆) ဘက်ကို သွားတဲ့လမ်းမှာရှိတာ၊ အဲဒီရွာတွေကနေ PDF တွေ KIA တွေကို ထောက်ပို့တာတွေ၊ PDF ‌တွေလည်း ရှိနိုင်တယ်လို့ ထင်လို့ လုပ်တာ၊ အဓိကက ဖားကန့်မှာ သူတို့က နယ်မြေစိုးမိုးမှု လုပ်ချင်တာ” ဟု ၎င်းက ပြောသည်။

အဆိုပါ ရွာသုံးရွာမှာ ယမန်နှစ် လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်ခံခဲ့ရသည့် အနန့်ပါဒေသနှင့် KIA တပ်ရင်း (၆) စခန်းများသို့ သွားသည့် လမ်းတစ်လျှောက်တွင် ရှိပြီး အဆိုပါရွာများတွင် တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။

ဧပြီ ၂၇၊ ၂၈ ရက်မှစ၍ မှော်ပုံကျေးရွာ၊ မဇွပ်ယန်ကျေးရွာနှင့် ဆန်ခါကျေးရွာတို့မှ ဒေသခံများ စတင်တိမ်းရှောင်သွားကြသည်ဟု ဒေသတွင်းသတင်းဌာနအချို့က ရေးသားဖော်ပြထားကြသည်။

အာဏာသိမ်းပြီးစ ၂၀၂၁ နှင့် ၂၀၂၂ နှစ်အတွင်း စစ်တပ်က ဖားကန့်မြို့နယ်အတွင်း လှုပ်ရှားမှုများစွာ မရှိသော်လည်း ယခုနှစ် ၂၀၂၃ ခုနှစ်မှ စတင်၍ စစ်ကြောင်းထိုး ဖမ်းဆီးမှုများ အဆက်မပြတ် ပြုလုပ်လာသည်ဟု ၎င်းက ပြောသည်။

အလားတူ ဖားကန့်မြိုနယ်အရှေ့မြောက်ဘက်ရှိ မလန်းယန်ကျေးရွာတွင် ဧပြီ ၂၉ ရက်နေ့က စစ်သားများ သေနတ်ပစ်ဖောက် ဝင်ရောက်လာပြီး ဒေသခံ ၂၀ မှ ၈၀ ကြားကို စစ်ဆေးခဲ့သည်ဟု အသက် ၃၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောသည်။

“မလန်းမှာက သူတို့လိုချင်တဲ့သူတွေကို ဓာတ်ပုံပြပြီးတော့ကို လိုက်မေးနေတယ်၊ သိလား မသိဘူးလား ဆိုပြီးတော့ လိုက်ရှာနေတာ။ တစ်ယောက်တည်းတော့ မဟုတ်ဘူး၊ များတော့များတယ် လိုချင်တဲ့သူက” ဟု အထက်ပါ အမျိုးသားက ဆိုသည်။

မလန်းယန်ကျေးရွာတွင် တပ်စွဲပြီး ဖမ်းဆီးထားသူများကို စစ်ဆေးခဲ့သလို အနီးအနားရှိ ကျောက်စိမ်းကုမ္ပဏီများကိုလည်း ခြိမ်းခြောက် ငွေတောင်းခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

မလန်းရွာကို ဝင်ရောက်စီးနင်းခဲ့သည့် အဆိုပါစစ်ကြောင်းမှာ ယနေ့ (မေလ ၁) အထိ မလန်းရွာအထွက် ဥရုချောင်းအနီးတွင် တပ်စွဲထားဆဲဖြစ်သည်ဟု အထက်ပါဒေသခံက ပြောသည်။

ယနေ့အထိ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် ဒေသခံအရေအတွက်မှာ ၃၀၀ ထက်မနည်းရှိနေပြီး ဖမ်းဆီးထားသူများထဲမှ တချို့ကို ပြန်လွှတ်သည်ဟု သိရသော်လည်း အရေအတွက်အသေးစိတ် အတည်မပြုနိုင်သေးပေ။

“ဖမ်းထားသူတွေထဲက အချို့ကို ပြန်လွှတ်တယ်၊ အကုန်တော့ မဟုတ်သေးဘူး၊ သူတို့ မသင်္ကာတဲ့သူတွေကို စစ်ဆေးပြီးတော့ သူတို့လိုချင်တဲ့သူတွေကိုတော့ ခေါ်ထားဦးမှာပါ” ဟု အထက်ပါဒေသခံ အမျိုးသားက ပြောသည်။

ဖားကန့်မြို့ပေါ်တွင်လည်း ယခုရက်ပိုင်းအတွင်း စစ်ဆေးမှုများ တင်းကျပ်နေပြီး ဖားကန့်မြို့ အဝင်အထွက်နှင့် လမ်းအတော်များများတွင် စစ်ကောင်စီတပ်က အရပ်ဝတ်များဖြင့်ပါ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံအချို့က ပြောသည်။

ယနေ့ နံနက်တွင် ဖားကန့်မြို့ ကျောက်စိမ်းတောင် တံတားထိပ်တွင် သေနတ်ဖြင့် ပစ်သတ်ခံထားရသည့် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို ဒေသခံများက တွေ့ရှိခဲ့ပြီး ရိုက်နှက်ခံထားရသည့် ဒဏ်ရာများလည်း ၎င်း၏ကိုယ်တွင် တွေ့ရှိခဲ့သည်ဟု သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်လာရာတွင် တန်ဖိုးကြီးကျောက်စိမ်းများ ထွက်ရှိသည့် ဖားကန့်မြို့နယ်တွင် တိုက်ပွဲများ ပိုမိုဖြစ်ပွားလာခဲ့ပြီး ထိန်းချုပ်နိုင်ရန် စစ်တပ်နှင့် KIA နှစ်ဖက်လုံးက ကြိုးစားနေကြပြီး အပြန်အလှန် ဖမ်းဆီး၊ သတ်ဖြတ်မှုများလည်း အဆက်မပြတ်ဖြစ်ပွားနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။