close

မုန်တိုင်းသင့် ရိုဟင်ဂျာများ အကူအညီ အချိန်မီမရ၊ သေဆုံးမှု တိုးလာနိုင်

မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု များပြားသော်လည်း အကူအညီပေးရေးအဖွဲ့များ ကယ်ဆယ်ရေး လုပ်ခွင့်မရသေးပေ၊ ဝင်ရောက်ကယ်ဆယ်ခွင့်ရရန် စစ်ကောင်စီကို ညှိနှိုင်းနေသည်ဟု သိရသည်။

မုန်တိုင်းကြောင့် အစားအသောက်ခက်ခဲနေပြီး အုန်းဦးနှောက် ခေါ် အုန်းပင်အဖျားပိုင်းရှိ အသားနုကို စားသုံးနေသည့် ရိုဟင်ဂျာ ကလေးငယ်များ (ဓာတ်ပုံ − Myanmar Now)

မိုခါမုန်တိုင်းကြောင့် ရိုဟင်ဂျာဒုက္ခသည် ရာနှင့်ချီ သေဆုံးခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ဒုက္ခသည်စခန်းများတွင် မုန်တိုင်းဖြစ်ပြီး ၆ ရက်ကြာသည်အထိ ကယ်ဆယ်ရေး မဝင်ရောက်နိုင်သေးဘဲ အချိန်မီ အကူအညီမရပါက သေဆုံးမှု တိုးလာနိုင်သည်ဟု ဒေသခံများနှင့် ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။

ရိုဟင်ဂျာဒုက္ခသည်စခန်းများသို့ အဓိကဝင်ပေါက်ဖြစ်သည့် သဲချောင်းတံတားအနီး ဘုမေကျေးရွာအုပ်စု၊ ဆီတာဒဲက်ကျေးရွာတွင် မည်သည့်အကူအညီမျှ မရရှိသေးဟု ထိုကျေးရွာတွင် နေထိုင်သည့် ကိုချစ်ဆွေက မေ ၁၉ က Myanmar Now ကို ပြောသည်။

“စားရေးသောက်ရေးက တော်တော်လေး အခက်ဖြစ်နေတယ်။ ဒီမှာ လူတွေကတော့ နောက်တစ်ရက်ဆိုရင် မစားမသောက်ဘဲ သေမှာလို့ ထင်တယ် ။ အုန်းပင်တွေ ကျနေလို့ အုန်းသီးတွေကို ခွဲပြီးတော့ အုန်းသီးပဲ စားပြီး နေထိုင်ရပါတယ်” ဟု ပြောသည်။

ထို့ပြင် အိမ်ခြေ ၅၈၅ အိမ်၊ လူဦးရေ ၁၆၂၃ ဦးရှိသည့် ထိုကျေးရွာတွင် သောက်ရေ ပြတ်လပ်နေပြီး ဆားငံရေ ဝင်ထားသည့် ရေငန်များကိုသာ သောက်သုံးနေရသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

မိုခါမုန်တိုင်းကြောင့် ထိုကျေးရွာမှ နေအိမ်အားလုံး ပျက်စီးသွားပြီး ပြိုပျက်သွားသည့် နေအိမ်များမှ ဝါးလုံးနှင့် အကာအရံများကို ပြန်လည် ကောက်ယူကာ ယာယီတဲထိုးပြီး နေထိုင်နေရသည်၊ မိုးရွာသွန်းပါက အိပ်မရဟုလည်း သူက ဆိုသည်။

မုန်တိုင်းဒဏ်ကြောင့် ရိုဟင်ဂျာဒုက္ခသည် ၄၀၀ နီးပါး သေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည်။ စစ်ကောင်စီကမူ ၁၀၀ သာ သေဆုံးသည်ဟု မေလ ၂၀ ရက်တွင် ထုတ်ပြန်သည်။ ရိုဟင်ဂျာတို့ သေဆုံးရခြင်းမှာ ကိုယ်တိုင် ဘေးလွတ်ရာ မရွှေ့ပြောင်းခြင်းကြောင့်ဟုလည်း စစ်ကောင်စီက အပြစ်ဖို့ထားသည်။

မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဆန်များကို တွေ့ရစဉ်။ ဓာတ်ပုံ – Myanmar Now

မိုခါဆိုင်ကလုန်းမုန်တိုင်းသင့် ဒေသများတွင် သွားရောက် အကူအညီပေးနိုင်ရန် အာဏာသိမ်း စစ်တပ်နှင့် ဆက်လက်ညှိနှိုင်းနေဆဲဖြစ်သည်၊ ခွင့်ပြုချက်ရသည်နှင့် မြေပြင်လုပ်ငန်းများ စတင်သွားမည်ဟု လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှုးရုံး ( OCHA) က မေ ၁၈ ရက်က ထုတ်ပြန်ထားသည်။

သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် ကူညီ၊ ကယ်ဆယ်ခွင့်များ ကန့်သတ်ထားခြင်းမှာ အခြေခံလူ့အခွင့်အရေး ချိုးဖောက်နေခြင်းဖြစ်ပြီး ယခုကဲ့သို့ ပိတ်ပင်ထားခြင်းမှာ ၎င်းတို့၏ မပြီးပြတ်သေးသည့် လူမျိုးသုဉ်းသတ်ဖြတ်မှုကို စစ်တပ်က ဆက်လက်ကျူးလွန်နေခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးက Myanmar Now ကို ပြောသည်။

“မုန်တိုင်းကြောင့် သေသွားတဲ့ ပမာဏထက် ပိုမိုများပြားတဲ့ လူတွေ သေသွားနိုင်တယ်။ အဲဒီအတွက် ကျွန်တော်တို့က အရေးပေါ် တုံ့ပြန်တဲ့နေရာမှာ တုံ့ပြန်ဆောင်ရွက်မှုက ပြီးပြည့်စုံဖို့ လိုတယ်။ ဟန်ချက်ညီဖို့ လိုပါတယ်” ဟု ၎င်းက ပြောသည်။

မုန်တိုင်းဒဏ် ခံထားရပြီး ဒုက္ခသည်စခန်းတွင် နေထိုင်နေရသည့် ရိုဟင်ဂျာဒုက္ခသည်များမှာ နိုင်ငံတကာအကူအညီ အထောက်အပံ့များဖြင့် အသက်ရှင်နေထိုင်ရသူများဖြစ်သည်၊ မုန်တိုင်းအပြီး နောက်ဆက်တွဲ ဖြစ်ပွားတတ်သည့် ဝမ်းလျှော၊ ဝမ်းပျက်ရောဂါ၊ အငတ်ဘေးကြောင့် သေကျေရမည့် ပြဿနာများကို ကြိုတင် ကာကွယ်နိုင်ရန် အတွေ့အကြုံရှိသည့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီများ အရေးပေါ်လိုအပ်နေသည်ဟု ဦးအောင်ကျော်မိုးက ဆိုသည်။

“အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ အငတ်ဘေးတွေ၊ အစာအာဟာရ ချို့တဲ့မှုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီတာတွေ ဖြစ်လာမယ်” ဟု ၎င်းက ပြောသည်။

မေ ၁၄ တွင် တိုက်ခတ်သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသည့် ရိုဟင်ဂျာဒုက္ခသည် ၁၁၀ ကို အစ္စလာမ်သာသနာ့ထုံးစံနှင့်အညီ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ပြီး သေဆုံးသူဦးရေ ထို့ထက်ပို၍ တိုးလာနိုင်သည်ဟု မြေပြင် သေဆုံး၊ ပျောက်ဆုံး စာရင်းများကို မှတ်တမ်းတင်နေသည့် ကျောင်းသားလူငယ်များနှင့် အလင်းရောင်လူငယ်ပရဟိတအသင်း၏ မေ ၁၇ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားသည့် ရိုဟင်ဂျာဒုက္ခသည်အများစုမှာ ပင်လယ်ကမ်းရိုးတန်းဘေးရှိ ဘာဆာလာ စံပြကျေးရွာ၊ ဘာဆာလာ Camp, ဒါးပိုင်ရွာ၊ အုန်းတောကြီးကျေးရွာ၊ အုန်းတောချေ ကျေးရွာ၊ ဘောဒူဗ ကျေးရွာနှင့် ဘော်ဂါဒိဝ် ( ဗေဒါ) ကျေးရွာများမှ ဖြစ်ပြီး ပျောက်ဆုံးနေသူ ရာနှင့်ချီ ရှိနေသည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။

စစ်တွေမြို့အနီးတွင် ရိုဟင်ဂျာဒုက္ခသည်စခန်းပေါင်း ၁၃ ခု ရှိပြီး ခိုလှုံနေသူအရေအတွက် တစ်သိန်းကျော် ရှိသည်။ ၂၀၁၂ ခုနှစ် ရိုဟင်ဂျာအရေးအခင်းတွင် ၎င်းတို့ နေထိုင်ရာ နေအိမ်အဆောက်အအုံများ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးနောက် ဒုက္ခသည်စခန်းတွင် ခိုလှုံနေရသူများဖြစ်သည်။

အစိုးရအဆက်ဆက် မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုမခံရသည့် ရိုဟင်ဂျာများသည် မည်သည့်ဒေသကိုမျှ ခရီးသွားခွင့်မရှိ၊ ရခိုင်ပြည်နယ်ပြင်ပတွင် တွေ့ရှိလျှင် ဖမ်းဆီးခံနေရသည်။ ထို့ပြင် အဆင့်မြင့်ပညာသင်ကြားခွင့်မရှိဘဲ ဒုက္ခသည်စခန်းများတွင် ပိတ်လှောင်ခံထားရသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ပြီ ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

စစ်တပ်ကြီးစိုးမှု ပိုမို ထင်ရှားလာသော ရွေးကောက်ပွဲအလွန် ထိုင်းနိုင်ငံရေး 

မျိုးဆက်သစ်များ၊ အပြောင်းအလဲလိုလားသူများက မဲပေးခဲ့သော Move Forward ပါတီသည် စစ်တပ် ခန့်ထားသည့် အမတ်များ ထောက်ခံပါမှ အစိုးရဖွဲ့နိုင်မည်ဖြစ်သည်။

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။