close

တနင်္သာရီတွင် တော်လှန်ရေးသမားအချင်းချင်း ပစ်သတ်မှု NUG စစ်ဆေးနေ

ရေဖြူမြို့နယ် ပကဖအဖွဲ့က တနင်္သာရီတိုင်း အနာဂတ်အလင်းအဖွဲ့မှ ၃ ဦးကို ပစ်သတ်သည်ဟူသော အမှုအတွက် စစ်ခုံရုံးဖွဲ့ စစ်ဆေးနေသည်ဟု သိရသည်။

တနင်္သာရီတိုင်းအတွင်း လှုပ်ရှားနေသည့် PDF တပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦး။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် အခြေပြုလှုပ်ရှားသည့် တနင်္သာရီတိုင်းအနာဂတ်အလင်း အမည်ရ တော်လှန်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင် ၃ ဦး ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

ဧပြီ ၁၁ တွင် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ဘဝါရွာနှင့် ထွက်ဝရွာကြားတွင် NUG လက်အောက်ခံ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဇင်ယော်တပ်စုက ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲခံထားရသည်။

ကျူးလွန်သည်ဟု ယူဆရသူများကို ထိန်းသိမ်းထားပြီး တရားစီရင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုစတားဆိုသူက Myanmar Now ကို မေ ၁၇ တွင် ပြောသည်။

“စစ်တရားရုံးဖွဲ့စည်းပြီး တရားရေးနဲ့ ဆုံးဖြတ်မယ်လို့ သိရပါတယ်။ သံသယတရားခံများကို ဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်ပါတယ်။ ခရိုင်အဆင့်တစ်ဦး ပါဝင်ပြီး ဗဟိုက လေးဦး ပါဝင်ပါမယ်။ အသေးစိတ်ကိုတော့ ပြောခွင့်မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

တရားရုံးဖွဲ့စည်းရန် NUG က မည်သူတို့ကို တာဝန်ပေးထားသည်၊ အမှုနှင့် ပတ်သက်၍ ဖမ်းဆီးထားသူ အရေအတွက် မည်မျှရှိသည်တို့ကို မသိရသေးပါ။

တနင်္သာရီတိုင်း အနာဂတ်အလင်းအဖွဲ့သည် NUG လက်အောက်ခံ မဟုတ်ပေ။ အဖွဲ့ပြောခွင့်ရ ဂျွန်စနိုးက ၎င်းတို့အဖွဲ့သည် NUG လက်အောက်ခံ ရေဖြူပကဖအပါဝင် အခြားကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း လှုပ်ရှားနေကြောင်း Myanmar Now ကို ပြောသည်။

ပစ်ခတ်ခံရသည့်နေ့တွင် ရေဖြူမြို့နယ် ဘဝါကမ်းခြေအနီးရှိ တရုတ်စီမံကိန်းလုပ်ငန်းခွင်များမှ လောင်စာဆီ၊ ကားနှင့် ပစ္စည်းများ ယူဆောင်သွားသည်ဟူသော သတင်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် တပ်ဖွဲ့ဝင် ၆ ဦးကို စေလွှတ်ရာ အပြန်လမ်းခရီးတွင် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပြန်လာတဲ့ ၆ ယောက်အဖွဲ့ကို တားပြီး သေနတ်တစ်ချက် မိုးပေါ် ထောင်ပစ်လိုက်တယ်။ အေးအေးဆေးဆေး စကားပြောမယ်၊ ဆိုင်ကယ်ပေါ်က ဆင်းဆိုပြီး ပြောတယ်။ ဆိုင်ကယ်ပေါ်က ဆင်းတာ ခြေက မြေကြီးပေါ် မကျသေးဘူး၊ အဲ့ဒီအချိန်မှာ လှမ်းပစ်တာဗျ။ ဘာဆွေးနွေးမှုမှ မလုပ်ဘဲနဲ့ ပစ်ခတ်တာ။ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်ပစ်ပြီး သေဆုံးတာ မဟုတ်ဘူးဗျ” ဟု ၎င်းက ဆိုသည်။

သေဆုံးသွားသူတို့မှာ ၂၉ နှစ်အရွယ် တပ်ဖွဲ့မှူး စုစု ခေါ် ဒါန်းကမ်းမန်း၊ ၂၃ နှစ်အရွယ် တပ်စိပ်မှူး ချစ်ကိုမောင်၊ ၁၉ နှစ်အရွယ် တပ်သား သားသားလေးတို့ဖြစ်သည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ NUG အစိုးရ၊ ပကဖအဖွဲ့ တိုင်းအဆင့်တာဝန်ရှိသူများ၊ မိသားစုဝင်များ၊ ပစ်ခတ်သည့်အဖွဲ့တို့နှင့် အစည်းဝေးနှစ်ကြိမ်လုပ်သော်လည်း မပြေလည်သေးကြောင်း သိရသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ရေဖြူမြို့နယ်ပကဖကို Myanmar Now က ဆက်သွယ်မေးမြန်းရာ ဖြေဆိုရန် ငြင်းဆိုသည်။

“NUG လမ်းစဉ်အတိုင်း ရဲဘော်တို့ လိုက်နာရမည့် ကျင့်ဝတ်အရ ကျွန်တော်တို့ ဖြေကြားလို့ အဆင်မပြေပါခင်ဗျာ။ NUG တာဝန်ရှိသူတွေကို ဆက်သွယ်စုံစမ်းပါခင်ဗျာ” ဟု ရေဖြူပကဖ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရေဖြူပကဖ၏ မေ ၄ ထုတ်ပြန်ချက်တွင်မူ ထိုအမှုဖြစ်ဖြစ်ချင်း စစ်ဆေးမှုများ ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း၊ သံသယရှိသူများနှင့် ကျူးလွန်ရာတွင် ပါဝင်သည်ဟု ဝန်ခံထားသူများကို ထိန်းသိမ်းခဲ့ကြောင်း ဖော်ပြထားသည်။

မြို့နယ်ပကဖက စီရင်ဆုံးဖြတ်ခွင့်မရှိသော အမှုဖြစ်၍ NUG ၏ စစ်ဆေးအရေးယူမှု ခံမည်ဖြစ်ကြောင်း၊ ပစ်ခတ်မှုတွင် ပါဝင်သူများကို တိုင်းအဆင့်တာဝန်ရှိသူများထံ လွှဲပြောင်းထားပြီးဖြစ်ကြောင်း၊ ထိခိုက်မှု တစ်စုံတစ်ရာရှိပါက နစ်နာသူများကို တောင်းပန်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တော်လှန်ရေးကာလ နှစ်နှစ်ကျော် ကြာမြင့်လာချိန်တွင် NUG လက်အောက်ခံ PDF တပ်ရင်းများ၊ ပကဖအဖွဲ့များသည် NUG လက်အောက်ခံ မဟုတ်ဘဲ သီးခြားရပ်တည်သည့် အဖွဲ့များနှင့် ပွတ်တိုက်မှုတချို့ ရှိနေသည်။

NUG အနေဖြင့် ထိုကိစ္စများကို ဖိဖိစီးစီး ကိုင်တွယ်ဖြေရှင်းရန်လိုကြောင်း တော်လှန်ရေးအင်အားစုများက ထောက်ပြကြသည်။ ပြတ်ပြတ်သားသားကိုင်တွယ်မှု မရှိပါက လက်နက်သုံးပြီး ဖြေရှင်းမှုပင် ပေါ်ပေါက်လာနိုင်သည်ဟု စစ်ကိုင်းတိုင်းအလယ်ပိုင်းတွင် လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့တစ်ခုမှ အသက် ၃၀ ကျော်အရွယ် အဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပြုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။