close

ကျောက်ပန်းတောင်းတွင် ရဲစခန်းကို PDF ဝင်တိုက်စဉ် ရဲနှစ်ဦးသေ

ရဲတချို့ ထွက်သွားပြီးနောက် ကျန်ရစ်သည့် ရဲမိသားစုဝင်များကို ဖမ်းမိသော်လည်း လွှတ်ပေးခဲ့သည်ဟု ဝင်ရောက်တိုက်ခိုက်ရာတွင် ပါဝင်သည့် PDF တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် ပစ္စည်းများကို ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ-NUG)

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ယခုလ ၂ ရက်က နယ်မြေရဲစခန်းကို ဝင်ရောက် တိုက်ခိုက်စဉ် ရဲနှစ်ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း PDF တာဝန်ရှိသူက ဆိုသည့်နည်းတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ထုတ်ပြန်သည်။

ကျောက်ပန်းတောင်းမြို့ အနောက်တောင်ဘက် ၁၅ မိုင်ခန့်အကွာရှိ ပွေးကျစ်ရွာရဲစခန်းကို မြင်းခြံ၊ ပုဂံညောင်ဦးနှင့် ကျောက်ပန်းတောင်းဒေသရှိ NUG လက်အောက်ခံ PDF အဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စုစုပေါင်း ရဲတပ်ဖွဲ့အင်အား ၁၃ ဦးရှိ ရဲစခန်းကို ၎င်းတို့ဝင်တိုက်စဉ် ရဲ ၈ ဦးမှာ တရားရုံးချိန်းသွားနေချိန် ဖြစ်ကြောင်း တိုက်ခိုက်ရာ၌ ပါဝင်သူ မြင်းခြံခရိုင် အမှတ် (၃) PDF တပ်ရင်း၏ ပြန်ကြားရေးတာဝန်ရှိသူ မူတူးဆိုသူက ပြောသည်။ 

ရဲစခန်းကို ၄၅ မိနစ်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ရပြီး ရဲနှစ်ဦး သေဆုံးကြောင်း၊ ကျန်ရဲတချို့ ထွက်ပြေးသွားပြီးနောက် ကျန်ရစ်သည့် ရဲမိသားစုဝင်များကို လွှတ်ပေးခဲ့သည်ဟု ၎င်းက ဆိုသည်။ 

“လွှတ်ပေးခဲ့လိုက်တယ်။ အသက်ကြီးပိုင်းတွေလောက်ပဲ ရှိတော့တာဗျ။ ရဲတွေက ထွက်ပြေးသွားတယ်။ မိသားစုဝင်တွေ သိပ်အများကြီးမရှိဘူး။ စခန်းမှာ အင်အားလည်း မရှိဘူးဗျ” 

စီးနင်းတိုက်ခိုက်ပြီးနောက် ရဲစခန်းလက်နက်တိုက်အတွင်းမှ G4 နှင့် G3 အမျိုးအစား သေနတ် ၃ လက်၊ အူဇီသေနတ် ၁ လက်၊ ‌ခြောက်လုံးပြူး ၄ လက်အပါအဝင် လက်ပစ်ဗုံးနှင့် ကျည်ဆန်များကို သိမ်းဆည်းရမိသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်မူ PDF များက လက်ပစ်ဗုံးနှင့် သေနတ်များ ဆက်တိုက်ပစ်ကာ စီးနင်းခဲ့ကြောင်း၊ အဆောက်အအုံနှင့် မော်တော်ယာဉ်များကို မီးရှို့ခဲ့ကြောင်း၊ ရဲတပ်ကြပ်ဝင်းမြင့်၏ ဇနီးနှင့် သား ကျည်ထိမှန် သေဆုံးကြောင်း ဖော်ပြသည်။

တိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ အသေးစိတ် မသိရပေ။

ထိုတိုက်ခိုက်မှုအပြီး ညပိုင်းတွင် ကျောက်ပန်းတောင်းမြို့ခံတစ်ဦးကို စစ်တပ်က ဖမ်းဆီးသွားကြောင်း၊ ပွေးကျစ်ကျေးရွာခံများကို ဖမ်းဆီးသည်ဟု မကြားမိသေးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ 

ကျောက်ပန်းတောင်း၊ ပုဂံညောင်ဦးအပါအဝင် နယ်မြေချင်း ထိစပ်နေသည့် နိုင်ငံအလယ်ပိုင်းဒေသများတွင် ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့အချင်းချင်း ချိတ်ဆက်လာနိုင်၍ စစ်ကောင်စီကို ခုခံတိုက်ခိုက်သည့် လက်နက်ကိုင်လှုပ်ရှားမှု အားကောင်းလာသည်ဟု ထိုဒေသခံ အမျိုးသားက ဆက်ပြောသည်။

“အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု ချိတ်မိသွားတော့ လှုပ်ရှားမှု အားကောင်းလာတာပါဗျ။ ကျောက်ပန်းတောင်းတင် မဟုတ်ဘူး၊ ညောင်ဦးတို့၊ မကွေးတို့မှာလည်း စခန်းတွေဘာတွေ သိမ်းရင် ပါဝင်ကူညီသွားမယ်လို့ PDF တွေက ပြောထားပါတယ်” 

ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းကလည်း ကျောက်ပန်းတောင်းနှင့် နယ်မြေချင်း ထိစပ်နေသည့် ညောင်ဦးမြို့နယ်မှ ငါ့သရောက်ရဲစခန်းကို PDF အဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ပြီး စခန်းမှူးနှင့် ဒုရဲအုပ်အပါအဝင် စစ်ကောင်စီဘက်မှ ၁၁ ဦး သေဆုံးခဲ့သည်။

နိုင်ငံအလယ်ပိုင်းဒေသသည် စစ်တပ်အများအပြားရှိကာ မြေပြန့်လွင်ပြင်ဖြစ်သည့်အပြင် လက်နက်နှင့် ထောက်ပို့လမ်းကြောင်း ခက်ခဲခြင်းကြောင့် တော်လှန်ရေးအဖွဲ့များက ပြောက်ကျားနည်း အားပြုကာ စစ်ကောင်စီကို တိုက်ခိုက်နေသည်။

ပြီးခဲ့သည့်နှစ်အတွင်း ငါ့သရောက်ရဲစခန်း တိုက်ခိုက်ခံရပြီးချိန်မှစ၍ စစ်ကောင်စီ၏ နယ်မြေခံလက်နက်ကိုင်အဖွဲ့များ သွေးပျက်နေသည်ဟု မြင်းခြံခရိုင် အမှတ် (၃) PDF တပ်ရင်းမှ ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

“အလယ်ပိုင်းမှာ နောက်ထပ် အလုပ်အများကြီး လုပ်ဖို့ ရှိပါသေးတယ်။ ငါ့သရောက်ဖြစ်ပြီးကတည်းက စခန်းတွေ တော်တော် သွေးပျက်နေကြပါပြီ။ လာတိုက်ပြီဆိုရင် ထွက်ပြေးကုန်နေပြီ။ တခြားစခန်းတွေ အကူအညီမလာတော့ဘူး”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။