ဆောင်းပါး

အာဏာသိမ်းမှုဆန့်ကျင်သူတို့၏ မိသားစုဝင်များ ပစ်မှတ်ထား သတ်ဖြတ်ခံနေရ

စစ်အာဏာသိမ်းမှုကို ထောက်ခံသည့် ရန်ကုန်အခြေစိုက် အစွန်းရောက် အမျိုးသားရေးဝါဒီများဖြစ်သော အဆိုတော် လီလီနိုင်ကျော်၊ ဦးတင့်လွင်တို့ ပစ်ခတ်သတ်ဖြတ်ခံရပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင်များနှင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများ၏ မိသားစုဝင်များ ပစ်မှတ်ထား လုပ်ကြံခံနေရသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာတွင် ထင်ရှားသူတို့၏ မိသားစုဝင်ဆွေမျိုးများ၏ နေရပ်လိပ်စာကို စုံစမ်းဖော်ထုတ်ကြရန် စစ်ကောင်စီလော်ဘီ Myanmar National Post တယ်လီဂရမ်ချန်နယ်က မေလကုန်ပိုင်းတွင် စတင်လှုံ့ဆော် ရေးသားပြီးနောက် လုပ်ကြံသတ်ဖြတ်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ထိုသို့ ဖော်ပြခံရသူများတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ၈၈ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်တို့ ပါဝင်သည်။

ဇွန် ၆ ညပိုင်းက ရန်ကုန်၊ ထန်းတပင်မြို့နယ် ရခိုင် ရိုးကြီးကျေးရွာတွင် အဆိုတော် လီလီနိုင်ကျော်ကို လုပ်ကြံမှု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည့် ကိုကောင်းဇာနည်ဟိန်း (ခ) လပြည့်၏ မိခင် ၄၂ နှစ်အရွယ် ဒေါ်သဲမာလာဝင်း၊ အစ်မဝမ်းကွဲ ၂၄ နှစ်အရွယ် မဆောင်းသဇင်ဦးတို့ လုပ်ကြံ သတ်ဖြတ် ခံခဲ့ရသည်။

ထို့ပြင် ဇွန် ၇ ညပိုင်းကလည်း ဒေါပုံ မြို့နယ်၊ နွယ်အေးရပ်ကွက်တွင် နေထိုင်သူ NUG လူ့အခွင့်အရေးဆိုင်ရာ အကြံပေး ဦးအောင်ကျော်မိုး၏ အစ်ကို အသက် ၄၅ နှစ်အရွယ် ဦးသန်းမြင့်ကိုလည်း လူတစ်စုက လုပ်ကြံသတ်ဖြတ်ခဲ့သည်။

ဦးသန်းမြင့်မှာ နိုင်ငံရေးကိစ္စများနှင့် သက်ဆိုင်ခြင်းမရှိသူ၊ ဆေးဆိုင်လုပ်ငန်းဖြင့် အသက်မွေးဝမ်ကျောင်းလုပ်ကိုင်နေသူ ဖြစ်သည်၊ မိသားစုဝင်များကို ပစ်မှတ်ထား သတ်ဖြတ်ခြင်းမှာ အောက်တန်းကျသည့် လုပ်ရပ်သာဖြစ်သည်ဟု ဦးအောင်ကျော်မိုးက Myanmar Now ကို ပြောသည်။

“ဒီလို အပြစ်မဲ့တဲ့သူတွေကို သတ်ဖြတ်မှုတွေ လုပ်ဖို့အတွက် လှုံ့ဆော်တာတွေက အင်မတန် စက်ဆုပ်ရွံရှာစရာကောင်းပါတယ်။ လူမဆန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒီအတွက်လဲ ထိုက်တန်တဲ့ တရားမျှတမှုကို အချိန်တန်ရင် ကျွန်တော်တို့က ထိခိုက်နစ်နာသူတွေအားလုံးကို ဆောင်ရွက်ပေးဖို့ လိုပါတယ်” ဟု သူက ပြောသည်။

အစ်ကိုဖြစ်သူကို လုပ်ကြံသတ်ဖြတ်လိုက်ရုံဖြင့် သူတာဝန်ထမ်းဆောင်နေသည့် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး လှုပ်ရှားမှုများ ရပ်တန့်သွားမည်မဟုတ်ဘဲ စစ်တပ်၏ ယုတ်မာမှုများကို ဖော်ထုတ် တင်ပြနိုင်ရန် နိုင်ငံအသီးသီးရှိ နိုင်ငံခြားရေးဝန်ကြီးဌာများနှင့် ချိတ်ဆက် ဆောင်ရွက်နေသည်ဟု ဦးအောင်ကျော်မိုးက ပြောသည်။

“ကျွန်တော့်မှာလည်း ဒီအစ်ကိုတစ်ယောက်ပဲ ရှိတော့ ခံနိုင်ရည်ရှိအောင်တော့ အားတင်းထားရတာပေါ့။ ကျွန်တော်တို့ အရှုံးပေးလို့တော့ မဖြစ်ဘူး” ဟု သူက ပြောသည်။

စစ်တပ် ဖန်တီးနေသည့် လူသတ်ပွဲများ

အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်သူများကို မဖမ်းဆီးနိုင်သည့် အာဏာသိမ်း စစ်တပ်သည် ၎င်းတို့၏ မိသားစုဝင်များကို ပစ်မှတ်ထားသတ်ဖြတ်နေသည်မှာ စစ်အာဏာသိမ်းပြီး တစ်နှစ်အကြာတွင် စတင်ခဲ့ခြင်းဖြစ်သည်။

ထိုသတ်ဖြတ်မှုများကို သွေးသောက်ဆိုသည့် အဖွဲ့က စီစဉ်သယောင် ပုံဖော်လာသည်ကို သတ်ဖြတ်မှုသတင်းများတွင် တွေ့ရသည်။

NLD ပါတီဝင်များ၊ ပါတီထောက်ခံသူများ၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် တော်လှန်သူများကို အဓိကထား လုပ်ကြံသတ်ဖြတ်ပြီး ရုပ်အလောင်းများတွင် သွေးသောက်အဖွဲ့၏ တံဆိပ်များ ချန်ထားခဲ့သည်။

ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် စစ်မှုထမ်းဟောင်းတချို့နှင့် အမျိုးသားရေးအစွန်းရောက်တချို့ ပူးပေါင်း ဆောင်ရွက်သည့် လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်သည်၊ ထိုလှုပ်ရှားမှုကို စစ်တပ်က ကြိုးကိုင်သည်ဟု လေ့လာသူတို့က ယူဆသည်။

စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် မသက်ဆိုင်သည့် အရပ်သားများကို ပစ်မှတ်ထား လုပ်ကြံ သတ်ဖြတ်ခြင်းမှာ မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သည့် PDF အဖွဲ့ဝင်တစ်ဦးဖြစ်သူ သရုပ်ဆောင် ဟိန်းထက်၏ အသက် ၇၄ နှစ်အရွယ် အဘိုးဖြစ်သူ ၂၀၂၂ ခုနှစ် ဧပြီတွင် အသတ်ခံခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် စစ်အာဏာရှင် ဆန့်ကျင်ရေး မြေအောက်လှုပ်ရှားမှုများတွင် ပါဝင်သည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံခဲ့ရသူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုစန်းမင်းပိုင်၏ တောင်ဒဂုံမြို့နယ်တွင် နေထိုင်သည့် မိဘနှစ်ပါးလည်း ၂၀၂၂ စက်တင်ဘာတွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

စစ်တပ်နောက်ခံ စစ်မှုထမ်းဟောင်းများနှင့် အမျိုးသားရေး အစွန်းရောက်များ ပူးပေါင်းအဖွဲ့၏ သွေးသောက် အမှတ်အသား။

အသက် ၁၇ နှစ်အရွယ် ကိုစန်းမင်းပိုင် သန်လျင်မြို့နယ်ရှိ လူငယ်သင်တန်းကျောင်းမှ ထွက်ပြေးလွတ်မြောက်ပြီး ရက်ပိုင်းအကြာတွင် မိဘနှစ်ပါး အသတ်ခံရခြင်းဖြစ်သည်။

တောင်ဒဂုံမြို့နယ် ၂၄ ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားရေးအစွန်းရောက် လင်မယား ပစ်ခတ် သတ်ဖြတ်ခံခဲ့ရခြင်းမှာ ကိုစန်းမင်းပိုင်၏ လက်ချက်ဟု စွပ်စွဲကာ ထိုသို့ သတ်ဖြတ်သွားခြင်း ဖြစ်သည်။

ကိုစန်းမင်းပိုင်ကမူ ထိုသတ်ဖြတ်မှုကို ကျူးလွန်ခြင်း မရှိကြောင်း၊ စစ်တပ်ကိုယ်တိုင်က သတ်ဖြတ်ခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။

“စစ်တပ်ကိုယ်တိုင်က ပျူစောထီးနဲ့ သူတို့ရဲ့ လက်ကိုင်တုတ်တွေရဲ့ ဒေါသကို ဆွဖို့အတွက် သတ်ဖြတ်လိုက်တာမျိုးလည်း ဖြစ်နိုင်တယ်။ ပြီးရင် တစ်ခုခုဆိုရင် NUG တွေ၊ ရန်ကုန်က UG တွေ၊ PDF တွေ ဆိုပြီးတော့ ခေါင်းစဉ်တပ်ပေးပြီး ရန်တိုက်ပေးနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်” ဟု သူက ပြောသည်။

ထို့ပြင် စစ်တပ်က မြေပြင်တွင် မငြိမ်သက်မှုများ ပေါ်ပေါက်ကာ ပြည်သူအချင်းချင်း သတ်ဖြတ်မှုများ ဖြစ်လာကြစေရန် အမျိုးသားရေးဝါဒီများကို အသုံးပြုနေခြင်းဖြစ်သည်ဟု ၎င်းက သုံးသပ်သည်။

“စစ်တပ်က သူတို့လိုနေတဲ့ အချိန်မှာ အသုံးပြုဖို့အတွက် အမျိုးသားရေးသမားတွေ၊ ပျူစောထီးတွေ လက်ကိုင်တုတ်တွေကို အသုံးပြုမှာပဲ။ နောက်ပိုင်းကျရင်တော့ စစ်ကောင်စီက အသုံးမဝင်တော့ရင် ဒီလူတွေကိုလည်း ပြန်သတ်မှာပဲ” ဟု သူက ပြောသည်။

ဒလန်ရှင်းရေးသည် NUG ၏ မူဝါဒမဟုတ်

အာဏာသိမ်းမှုကို ထောက်ခံသည့် အုပ်ချုပ်ရေးမှူးများ၊ စစ်တပ်သတင်းပေးများ ဆက်တိုက် သတ်ဖြတ်ခံခဲ့ရပြီးနောက် စစ်တပ်ဆန့်ကျင်သူ တော်လှန်ရေးသမားများ၏ မိသားစုဝင်များကိုပါ လုပ်ကြံသတ်ဖြတ်ရန် စစ်တပ်ဒေါက်တိုင်များက လှုံ့ဆော်ရေးသားလာကြသည်။

လှုံ့ဆော်သူတို့က NUG ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းကိုလည်း ပစ်မှတ်ထားကြသည်။

အမျိုးသားရေးဝါဒီများနှင့် စစ်တပ်သတင်းပေးများကို ရှင်းလင်းရေးမှာ NUG ၏ မူဝါဒမဟုတ်ဘဲ စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်​ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန်သာ တော်လှန်ရေးကို ဆင်နွှဲနေခြင်း ဖြစ်သည်ဟု ဦးစိုးသူရထွန်းက Myanmar Now ကို ပြောသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး မူဝါဒတစ်ခု NUG အနေနဲ့ ပြဋ္ဌာန်းရင် ကောင်းမလားဆိုတဲ့ အတွေးလည်း လွန်ခဲ့တဲ့ တစ်နှစ်လောက်က ရှိခဲ့ဖူးတယ်။ နိုင်ငံတကာအကြံပေးတွေလည်း ပါတယ်။ သို့သော်လည်း ဒလန်ရှင်းဖို့ မူဝါဒကို NUG ကိုယ်တိုင်က မထောက်ခံခဲ့လို့ အဲ့ဒါ မဖြစ်ခဲ့ပါဘူး” ဟု သူက ပြောသည်။

ထို့ပြင် မြန်မာပြည်တွင် ရှိနေသည့် ၎င်း၏ မိသားစုဝင်များ၏ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေရချိန်တွင် စစ်ကိုင်း၊ မကွေး စသည့် ဒေသများတွင်လည်း ရွာလုံးကျွတ် မီးရှုံ့ခံနေရသူများ၊ သတ်ဖြတ်ခံရသူများ၊ မုဒိမ်းကျင့်ခံနေရသူ ကလေးငယ်များ ရှိနေသည်ဟု သူက ဆက်ပြောသည်။

“ကိုယ့်ထက်ပိုခံရတဲ့ ပြည်သူပေါင်းများစွာရှိတဲ့အတွက်ကြောင့် ဒီအတွက်တော့ ဘာမှ မတတ်နိုင်ဘူး။ ကိုယ့်ထက်ဆိုးနေတဲ့သူတွေ အများကြီးရှိတယ်။ ကျွန်တော်တို့က တော်လှန်ရေး အောင်မြင်ဖို့ပဲ လိုချင်တယ်။ တစ်ချိန်မှာ ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်ရောက်ချင်တယ်” ဟု သူက ပြောသည်။

မင်းမဲ့တိုင်းပြည်

မြန်မာပြည် စစ်အာဏာသိမ်းမှု၏ ပထမဆုံး ခေါင်းကိုင်ဖခင် ဗိုလ်ချုပ်နေဝင်း၊ ဒုတိယမျိုးဆက် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေတို့ထက်ပင် ၂၀၂၁ စစ်အာဏာသိမ်းသည့် အာဏာရှင်လက်သစ် မင်းအောင်လှိုင်က ပိုမိုရက်စက်ယုတ်မာသည်ဟု ရှေ့နေကြီး ဦးကြီးမြင့်က သုံးသပ်သည်။

“ပစ္စည်းတွေကို သိမ်းတဲ့ အဆင့်ကနေပြီးတော့ လူတွေကိုပါ၊ မိသားစုတွေကိုပါ လိုက်သတ်နေတဲ့ ကိစ္စကတော့ ကျွန်တော်တို့ မြန်မာပြည်သမိုင်းမှာတော့ မရှိဘူးဗျ။ အခု ၂၀၂၁ အာဏာသိမ်းတာကတော့ မြန်မာ့သမိုင်းမှာ အဆိုရွားဆုံး အရက်စက်ဆုံးပဲ” ဟု သူက ပြောသည်။

မြန်မာနိုင်ငံသည် အုပ်စိုးသူ အစိုးရ မရှိတော့သည့် အခြေအနေမျိုး ဖြစ်နေပြီး တရားဥပဒေစိုးမိုးမှု လုံးဝမရှိတော့ကြောင်း၊ လက်နက်မဲ့နေသည့် မြန်မာပြည်သူလူထုကို အကာအကွယ်ပေးရန် NUG ၏ တာဝန်သာဖြစ်ကြောင်း ရှေ့နေ ဦးကြီးမြင့်က ဆက်ပြောသည်။

“ခုခံနေရုံနဲ့ မရဘူး။ အကောင်းဆုံးကာကွယ်ခြင်းသည် တိုက်စစ်ဖြစ်တယ်ဆိုတော့ ကျွန်တော်တို့ PDF တွေနဲ့ NUG ရဲ့ စစ်ပွဲတွေကိုလည်း အမြန်ဆုံးနိုင်အောင် တိုက်မှ ဖြစ်မယ်။ ဒီလို လက်စားချေမှုတွေကို ရန်သူက ပိုမိုလုပ်လာနိုင်တယ်” ဟု ဦးကြီးမြင့်က ပြောသည်။

တော်လှန်ရေးသမားများ ပြောသည့် မကြောက်တရား 

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်သူများ၏ မိသားစုဝင်များကို လုပ်ကြံသတ်ဖြတ်မှုများ ဆက်တိုက် ပေါ်ပေါက်လာပြီးနောက် အပြန်အလှန် လုပ်ကြံသတ်ဖြတ်မှုများ ပိုမိုတိုးပွားလာမည်ကို စိုးရိမ်မှုများလည်း ရှိနေသည်။

စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး၏ အမြင့်ဆုံးအချိန်သို့ ရောက်ရှိနေပြီးဖြစ်ပြီး စစ်တပ်က ၎င်းတို့ နေဝင်ချိန်တွင် အစွမ်းကုန် ယုတ်မာရိုင်းစိုင်းသည့် ရက်စက်မှုများကို အသုံးပြုကာ ပြည်သူလူထုကို ခြိမ်းခြောက်နေခြင်းဖြစ်သည်ဟု ရှေ့နေ ဦးကြီးမြင့်က သုံးသပ်သည်။

“ကြောက်သွားသလားဆိုတော့ ဘယ်ကြောက်မလဲဗျာ၊ မကြောက်လို့ပဲ ထပ်ထပ်ပြီးတော့ တိုက်ပွဲတွေ တိုက်နေတာပေါ့။ ကျွန်တော်တို့ဆိုရင်လည်း အသက်ကို ရင်းပြီးတော့ လုပ်နေရတာပဲ။ ဖြစ်ရင်လည်း သေပေါ့ဗျာ၊ ဘယ်တတ်နိုင်မလဲ” ဟု သူက ပြောသည်။

အာဏာသိမ်း စစ်တပ်က လွယ်လွယ်ကူကူဖြင့် အာဏာစွန့်ပေးမည်မဟုတ်ဘဲ မြန်မာပြည်တစ်ခုလုံးကို ပြာပုံအတိဖြစ်သည်အထိ ယုတ်မာသွားမည်ဖြစ်ရာ ပြည်သူလူထုကို ကာကွယ်ပေးရန်မှာ တော်လှန်ရေး၏ တပ်ဦးနေရာတွင် ရောက်နေသော NUG တွင် တာဝန်ရှိလာသည်ဟု သူက ဆက်ပြောသည်။

“တော်လှန်ရေးစိတ်ဓာတ်ရှိတဲ့ သူတွေက မကြောက်ဘူးဗျ။ မကြောက်တဲ့အပြင် ပိုပြီးတောင်မှ နာကြည်းသွားသေးတယ်။ သာမန်ပြည်သူတွေကတော့ ကြောက်တာပေါ့ဗျာ။ ဘာမဆို တုတ်တုတ်တောင် မလှုပ်ရဲအောင်လို့ သူတို့က လုပ်နေတာပေါ့ဗျာ”

ရန်ကုန်မြို့တွင်း ပြုလုပ်သည် အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတစ်ခုကို ၂၀၂၁ ခုနှစ် ဧပြီလက တွေ့ရစဉ်။ စစ်ကောင်စီသည် ယင်းကို ဆန့်ကျင်သူများကို အဆက်မပြတ်ဖမ်းဆီးနေသည့်တိုင် ပြောက်ကြားဆန္ဒပြပွဲများ ရန်ကုန်မြို့တွင်း ဆက်ရှိနေဆဲဖြစ်သည်။

အာဏာသိမ်း စစ်တပ်က မိသားစုဝင်များကို ပစ်မှတ်ထား သတ်ဖြတ်ပြီး အကြောက်တရား ရိုက်သွင်းနေသော်လည်း နာကြည်းချက်များသာ တိုးလာပြီး အာဏာရှင်စနစ်ကို အမြစ်ဖျက်လိုသည့် စိတ်ဓာတ်က ပိုမိုခိုင်မာလာသည်ဟု မိဘနှစ်ပါး ဆုံးရှုံးခဲ့ရသူ ကိုစန်းမင်းပိုင်က ပြောသည်။

“စစ်တပ်ကတော့ ရှင်းတယ်၊ မင်းတို့က ငါတို့ပလ္လင်ကို လုနေတာ၊ ငါတို့ကို တော်လှန်နေတာ၊ ငါတို့ကို တော်လှန်နေရင် သတ်မှာပဲ ဆိုပြီး ကျွန်တော်တို့ မိသားစုဝင်တွေကိုပါ ဆက်တိုက် တိုက်ခိုက်နေတယ်။ ကျွန်တော်တို့ ပိုပြီး အားကောင်းလာဖို့ လိုပါတယ်” ဟု သူက ပြောသည်။

စစ်တပ်၏ ခြိမ်းခြောက်မှုများသည် နွေဦးတော်လှန်ရေးတွင် ပါဝင်နေကြသူများကို ဟန့်တားနိုင်မည်မဟုတ်ဟု သူက ဆက်ပြောသည်။

“ကျွန်တော်တို့ မိသားစုဝင်တွေ၊ ညီအစ်ကို မောင်နှမတွေ၊ ကျွန်တော်တို့ ရဲဘော်တွေ ဒီလူတွေက ဖက်ဆစ်တပ်ရဲ့ လက်ချက်ကြောင့် ကျဆုံးသွားရတာဆိုတော့ ကျွန်တော်တို့ စိတ်ထဲမှာ အမြစ်ပြတ်ကို ပြတ်မှ ရမယ်ဆိုတဲ့စိတ်ပဲ ကျန်တော့တယ်။ ဒီကောင်တွေကို ကြောက်ဖို့ဆိုတာ ဘယ်လိုမှ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး” ဟု စစ်တပ်၏ သတ်ဖြတ်မှုကြောင့် မိခင်ရော ဖခင်ပါ ဆုံးရှုံးလိုက်ရသည့် ကိုဆန်းမင်းပိုင်က ပြောလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button